ဝက်သားဟင်း နဲ့ ထမင်း မစားရ လို့ ဒေါသထွ က် တဲ့ လှိုင်သာယာ က သ ရဲမ (ဖြစ်ရပ် မှန်)

လွန် ခဲ့သော နှစ်ပေါင်း ၁၅နှစ်ကျော်မှ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခု…. ။ တစ်ချို့ကိစ္စတွေက လက်တွေ့မဆန်လို့ မယုံဘူးလို့ ပြောလို့မရဘူး ၊ ကြားဖူးနားဝမို့မယုံပါဘူးကွာလို့ တထစ်ချ သတ်မှတ်လို့မရတဲ့ကိစ္စတွေ လောကမှာ အများကြီးပါပဲ… ၊ အဲ့ဒီထဲကမှ လူသားတွေနေထိုင်ကြတဲ့ ကမ္ဘာလောက လူ့ဘုံလိုပဲ ၃၁ဘုံဝေနေယျ ဘုံဘဝတွေထဲက မျက်စိနဲ့မြင်ရတဲ့ တိရစ္ဆာန်ဘုံတစ်ခုလက်တွေ့ပြနိုင်သလို မျက်စိနဲ့မမြင်ရတဲ့ ပြိတ္တာဘုံတစ်ခုကိုလည်း လက်ခံထားရမယ်… ။

ပြိတ္တာဘုံသားတွေ အတိအလင်းရှိခဲ့ကြောင်းကို မြန်မာရာဇဝင်တွေ ၊ ဗုဒ္ဓကျမ်းစာတွေထဲက ပေတဝတ္တုတော်ကြီး နဲ့ နိုင်ငံရပ်ခြားမှာဆိုရင်လည်း သိပ္ပံပညာရှင်တွေအထိလက်ခံထားကြတဲ့ ဒီ….. ပြိတ္တာဘုံသား ပရလောကသားတွေ အကြောင်း အဖြစ်အပျက်တွေ အများကြီး ရှိနေဆဲပါ … ၊ ဘယ်လိုပဲပြောပြော ယုံတာမယုံတာကိုတော့ လူတစ်ဦး တစ်ယောက် ရဲ့ ခံယူချက်နဲ့ပဲဆိုင်တာပါ .. ၊ တစ်ချို့ကိစ္စတွေကတော့ ပြောမယုံ ..ကိုယ်တိုင် နဖူးတွေ့ဒူးတွေ ကြုံမှ ယုံကြတာမဟုတ်လား… ။

၂၀၀၀ ခုနှစ်ဝန်းကျင်ခန့်အခါက …. ။ ရန်ကုန်ရွှေမြို့တော်ကြီးမှာ တိုးတက်လာတဲ့ လူနေမှုအရ မြို့သစ်တည်ဖို့အတွက် ၊ လှိုင်သာယာဆိုတဲ့ မြို့သစ်ကြီးတစ်ခုကို စတည်နေတဲ့အချိန်ပေါ့ ၊ မြို့သစ်တည်ကာစဆိုတော့ မြို့သစ်မှာ စတင်နေထိုင် အခြေချကြတဲ့သူတွေအတွက် အရမ်းဒုက္ခရောက် … အရမ်းစိတ်ညစ်ကြရတဲ့ အချိန်တွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြရ တယ်… ၊ လမ်းတွေက အခုမှ ဖောက်ကာစမို့ မညီမညာအကြမ်းထည်တွေဖြစ် … ၊ လျှပ်စစ်မီးဆိုတာ ချိုနဲ့လားလို့မေး နေရတဲ့ ကာလာ ၊ စပြီး နေကြတဲ့သူတွေအတွက် တောရွာမှာ နေတာကမှ ပိုသာဦးမယ့်အခြေအနေတွေ…. ၊

စဉ်းစား ကြည့်လေ… မြို့သစ်ဆိုတော့..အိမ်လေးတွေကလည်း ကျောတစ်ခင်းစာနဲ့မိုးလေလုံရင်ပြီးရော ဆိုပြီး ဆောက်နေကြတဲ့ တဲသာသာအိမ်လေးတွေ … ၊ တစ်အိမ်နဲ့ တစ်အိမ်ဆိုတာကလည်း ကားတစ်မှတ်တိုင်စာလောက် ဝေးကြတယ် ၊ ပတ်ပတ်လည်မှာလည်း လယ်ကွင်းတွေနဲ့ ရွံ့တွေ ၊ ဗွက်တွေ ၊ မြေစာပုံတွေ ၊ ဆောက်လုပ်ရေးပစ္စည်းတွေ ၊ မြေသယ်ကားတွေနဲ့ ပြည့်နေတာပဲ ။ မြို့သစ်မှာ စနေထိုင်ကြတဲ့ လူတွေ ဒုက္ခမသေးတဲ့အထဲက အကြီးဆုံးဒုက္ခတစ်ခု ရှိသေးတယ်… ၊ အိမ်ကနေ…ရန်ကုန်မြို့နေရာအသီးသီးမှာ အလုပ်ဆင်းရတဲ့သူတွေအများဆုံးကြုံရတဲ့အခက်အခဲပေါ့.. ၊

ပထမက အိမ်ကနေကားဂိတ်ကို အဝေးကြီးလမ်းလျှောက်ရတယ်… ၊ ဒုတိယက ကားစောင့်ရတာ ကြာတာပဲ… မျှော်နေတဲ့ ကားကလာပြီဆိုရင်လည်း လူအပြည့်ပါလာတာလေ… ဒီတော့ အိမ်ကနေ အကျီ ၤအဖြူကျော့ကျော့လေး ဝတ်လာရင်တော့ ကားပေါ်ကဆင်းတာနဲ့ ချွေးနံ့တွေ တသင်းသင်းနဲ့အကျီ ၤလေးလည်းအရောင်တွေပြောင်းလို့ပေါ့… မိန်းကလေးတွေဆို ပိုဒုက္ခရောက်ကြတယ် ၊ တတိယအချက်က ကားပေါ်မှာ ခါးပိုက်နှိုက်တွေအရမ်းပေါတာပဲ ၊ အဲ့….စတုတ္ထအချက်က အဆိုးဆုံးပဲ…အလုပ်ဆင်းတဲ့အချိန် အလာတုန်းကလိုပဲ ကားအကြာကြီးစောင့် တိုးဝှေ့စီးပြီး ပြန်လာရင် တောင်..ကိုယ့်အိမ်နေရာကို အဝေးကြီးလမ်းလျှောက်ရတယ်လေ.. ၊ အခုလို လင်းလင်းချင်းချင်းမဟုတ်ဘူးနော်… ၊ တောရွာတွေလို လမင်းအလင်းရောင်နဲ့အိမ်လမ်းကိုရှာပြီး အိမ်ပြန်ရတာ ၊

မိန်းကလေးဝန်ထမ်းတွေဆို သူတို့အိမ်တွေက မိသားစုတွေက ကားဂိတ်တွေမှာ လာကြိုပေးတတ်ကြတယ် … ၊ အဆိုးဆုံးက အိမ်မမှတ်မိကြတာပဲ… ၊ အဲ့လိုပြောရင် ရယ်ချင်ရယ်ကြလိမ့်မယ်… ရယ်စရာမဟုတ်ပါဘူး… တကယ်ကို ကြုံခဲ့ဖူးတဲ့သူတွေသိပါတယ်… မြို့သစ်စတည်တုန်းက လှိုင်သာယာမှာ နေတဲ့သူတွေဆိုသိကြပါတယ်… ၊ ညဘက်ဆို မှောင်ကလည်းမှောင်တဲ့အပြင် ဆောက်ထားတဲ့အိမ်ကလေးတွေကလည်း ဆင်တူလေးတွေ…. ဆင်တူအိမ်လေးတွေကိုမှ သွပ်မိုးနဲ့ထရံကာ ဆောက်ထားတာဆို အဲ့ဒီဘက်မှာ သူဌေးပဲ… ၊

ထားပါတော့ အိမ်ဆင်တူလေးတွေ အကြောင်း ပြန်ပြောပြမယ်… အိမ်လေးတွေကလည်းဆင်တူ.. ညဘက်မှောင်မဲနေတော့ အိမ်ခဏခဏမှားကြတဲ့ အဖြစ်ကလေး ဖြစ်ကြတယ်ဗျ… ၊ တစ်ချို့အိမ်တွေကျ အိမ်ပဲဆောက်ထားကြတာ လူမနေကြသေးဘူး..အဲ့လိုအိမ်တွေ လည်းများတယ် ၊ နောက်ပိုင်း ကိုယ့်အိမ်ရှေ့ကိုယ် အမှတ်အသားလေးတွေ လုပ်လာကြတယ်… စွတ်ကျယ်အကျီ ၤအစုတ်လေးတွေကို အလှံတိုင် လိုလုပ်ပြီး အိမ်ရှေ့မှာ ထောင်ထားတာတို့ ကိုယ့်အိမ်ရှေ့နားမှာ ထုံးတွေကို ကိုယ့်အမှတ်အသားနဲ့ကိုယ် ကြမ်းပြင်တွေမှာ ဖြူးထားတာတို့ စသဖြင့် လုပ်ထားကြတယ်.. ဆောက်ထားတာအိမ်ဆင်တူပုံလေးတွေမို့ နေ့ခင်းဘက်တောင်ရောနေတာလေ…. အဓိက ကတော့ ညဘက်အိမ်ပြန်လာရင် အိမ်မမှားအောင်ပေါ့လေ ။

နိုင်ဝင်းအောင်ဆိုတဲ့ ၁၄နှစ်သားအရွယ် ကောင်လေးတစ်ယောက်ကလည်း အဲ့ဒီလှိုင်သာယာ မြို့သစ်ကြီးတည်တုန်းက မြို့သစ်နေရာမှာ နေထိုင်ခဲ့ဖူးတဲ့ ကောင်လေးတစ်ယောက်ပေါ့ ၊ သူ့မှာ မိသားစုဝင် ပေါင်း ၅ဦး ရှိတယ်…အဖေအမေ အပြင် သူ့ထက် အများကြီးကြီးတဲ့ အစ်မကြီးနဲ့ သူ့အောက် ၄နှစ်ငယ်တဲ့ ညီလေးနဲ့ပေါ့။ နိုင်ဝင်းအောင် တို့က လှိုင်သာယာ (၁) ရပ်ကွက် ၊ သမကုန်းမှတ် တိုင်မှာ နေကြတယ် ၊ သူတို့နေကြတဲ့ရပ်ကွက်က လူအရမ်းပြတ်သလို ၊ ဘေးပတ်ပတ်လည်မှာလည်းအိမ်ဆောက်ပြီး လူမနေကြတာများတော့ ပတ်ဝန်းကျင်မှာ ပြေးကြည့်ရင် လူဆိုလို့ သူတို့ မိသားစုပဲရှိကြတယ် ၊

အဖေက ဝန်ထမ်းဆိုတော့ ရုံးတက်ရုံးပြန်နဲ့ အချိန်ကုန် အစ်မကတော့ ဝန်ထမ်းဆိုတော့ အဖေ့လိုပဲ ပြေးလိုက်လွှားလိုက် ပြန်လာရင်အမေနဲ့အတူ သူတို့ညီအစ်ကိုကိစ္စတွေ အိမ်ကိစ္စတွေ ၊ ချက်ရေးပြုတ်ရေးတွေနဲ့ အားတယ်ကိုမရှိ… ၊ နိုင်ဝင်းအောင် တို့ညီအစ်ကိုက ညီအစ်ကိုချင်းဆော့ရင်ဆော့တယ်…ကစားဖော်မက်ကြပေမယ့်..နေရတဲ့နေရာကြီးက ဆော့စရာလူမပြောနဲ့ ခွေးတောင်မရှိတဲ့ နေရာကြီးဖြစ်နေပြန်တယ်… ။ ရာသီဥတုကလည်း တစ်နေ့ခင်းလုံးပူတာ အားမရလို့ ညပိုင်းဆိုလည်း လေပူတွေတိုက်တိုက်ပြီး ပူသေးသတဲ့ ။ ကလေးတွေဖြစ်ကြတဲ့ နိုင်ဝင်းအောင်တို့ ညီအစ်ကို အတွက် ဆော့စရာအဖော်ကမရှိ ၊ ရာသီဥတုကလည်း ပူ ၊ အိမ်ရှေ့လမ်းနေရာကလည်း အခုမှ လမ်းဖော် ကာစ ဆိုတော့ မြေစာပုံကြီးတွေက တာရိုးအမြင့်ကြီးတွေလိုဖြစ်နေကြတယ် ၊ နိုင်ဝင်းအောင်တို့ ညီအစ်ကိုဆို အိမ်ရှေ့ အိမ်အပြင်လေးထွက်ချင်ရင်တောင် တာရိုးပေါ်ကုန်းကွပြီး ကျော်တတ်မှ ထွက်လို့ရတဲ့ ဘဝဆိုတော့ အဲ့ဒီမှာ နေခဲ့ရတဲ့ အချိန်တွေက သူတို့အတွက်တကယ့်ကို လုံး၀ လောက ငရဲပဲ ။

ကျောင်းတက်ရမယ့် ရာသီရောက်လာပြန်တော့လည်း နိုင်ဝင်းအောင်တို့ ပျော်ကြရပြန်တယ်… ၊ သူတို့ညီအစ်ကိုက အဆော့တအားမက်တဲ့သူတွေဆိုတော့ ကျောင်းမှာ သူငယ်ချင်းတွေအများကြီးနဲ့ ဆော့ရတော့မယ်လေ… ။ နိုင်ဝင်းအောင်ကတော့ ကျောင်းကသူငယ်ချင်းတွေထဲက ရပ်ကွက်ချင်းလည်းနီးတဲ့သူလည်းဖြစ် ၊ သူငယ်ချင်းတွေထဲမှာ အခင်ဆုံးလည်းဖြစ်တဲ့ အတန်းဖော်သူငယ်ချင်း စစ်မိုး နဲ့ တတွဲတွဲဖြစ်သွားတယ် ၊ နောက်ပိုင်း သူ့အိမ်ကိုယ်လိုက်နေ ကိုယ်အိမ်သူလိုက်နေ… သူ့အိမ်ကိုလက်ဆော့ ကိုယ့်အိမ်သူလိုက်ဆော့လိုက်နဲ့ အဖော်လိုချင်နေကြတဲ့ သူငယ်ချင်း နှစ်ယောက် အဆင်ကိုပြေလို့ ။ စစ်မိုး တို့က မောင်နှမ၄ယောက်ရှိကြတယ် ၊ စစ်မိုးကအငယ်ဆုံးဆိုတော့ တစ်အိမ် လုံးရဲ့ အသည်းကျော်ပဲလေ ၊ သူငယ်ချင်းနှစ်ယောက်ဆုံရင် ဆော့ရင်းဆော့ရင်း တစ်ခါတစ် အိမ်နဲ့ခပ်ဝေးဝေးတွေ ရောက်သွားတတ်ကြတယ် ၊

အဲ့လိုတွေ သွားတတ်ကြတော့ မိဘတွေက စိတ်ပူပြီး သူတို့ကို ပြောထားကြတာ..ဘာတဲ့… “ ဟဲ့ကလေးတွေ ဒီနား ကနေ အဝေးကြီးလျှောက်မသွားကြနဲ့ ၊ အိမ်အနီးအနားမှာပဲဆော့ကြ ၊ အဝေးကြီးသွားရင် နင်တို့ကိုသရဲဆွဲသွားပြီး ဖမ်းစားလိမ့်မယ်..ဘာမှတ်နေလဲ..အရင်က ဒီနေရာတွေက သချို ၤင်းမြေတွေ ” ဆိုပြီး ခြောက်လှန့်တတ်ကြတယ်… ၊ တကယ်လား ဟုတ်လားမဟုတ်လားဆိုတာထက် နိုင်ဝင်းအောင်တို့စိတ်ထဲမှာတော့ အရိုးစွဲအောင်ကြောက်သွားကြတာ အမှန်ပဲ ၊ သရဲဆိုတဲ့အမျိုးက ညမှ ချောက်လန့်ကြတာများတယ်လေ…ဒါ့ကြောင့် သရဲနဲ့တွဲပြီး ညကိုပါ သူတို့ နှစ်ယောက် ကြောက်သွားကြတယ် ၊ နောက်ဆို ဘယ်လောက်ဆော့ဆော့ နေမဝင်ခင်တော့ အိမ်တွေကို ရောက်အောင် ပြန်သွားတတ်တဲ့အကျင့်ရသွားကြတယ် ။ သရဲဆိုတာ ဘယ်လိုပုံကြီးလည်း နိုင်ဝင်းအောင်မမြင်ဖူးပါဘူး.. ဒါပေမယ့် အမေပြောပြတဲ့ ပုံပြင်တွေ ထဲမှာတော့ ကြားဖူးတယ်… ၊ ပတ်ဝန်းကျင်မှာလည်း ဟိုနားဒီနားက သူတို့ရပ်ကွက်နားမှာ ညဘက်အိမ်ပြန်လာလို့ ခေါက်ဆွဲကြော်ဝယ်လာတဲ့ည ၊ ဒါမှမဟုတ် အစားအသောက်တစ်ခုခုပါလာတဲ့ညတွေဆို သရဲက လိုက်ဆွဲတတ်တယ်လို့ သတင်းတွေကြားထားသေး တယ်လေ ၊ တကယ်ကြုံသွားတဲ့ သူတွေလည်း နည်းမလား… ။

တစ်နေ့ နိုင်ဝင်းအောင် နဲ့ စစ်မိုးတို့ နှစ်ယောက် အဆော့လွန်ရင်း နေဝင်ချိန်ရောက်မှန်းမသိ ရောက်လာပါလေရော ဒါကို သတိထားမိတဲ့ စစ်မိုးက “ နိုင်ဝင်း မင်းဒီည ငါ့အိမ်မှာပဲ အိပ်လိုက်တော့ ငါပြောဖို့မေ့နေတာ မင်းနဲ့ငါအတူစားဖို့ ဆိုပြီး ငါ့အစ်မက အလုပ်ကပြန်လာရင် ခေါက်ဆွဲကြော်ဝယ်လာမယ်လို့ပြောတယ် ၊ အဲ့ဒါ မင်းအိမ်ပြန်မနေနဲ့တော့ ငါ့အိမ်မှာပဲ လိုက်အိပ်လိုက် ” လို့ပြောလာတော့ နိုင်ဝင်းအောင် ကလည်း… “ ဟ…ဒီလိုဘယ်ဖြစ်ပါ့မလဲကွ… ငါ့အမေ စိတ်ပူနေမှာပေါ့… ”

“ ဟင့်အင်း..အဲ့အတွက် ဘာမှမပူနဲ့ငါအိမ်ရောက်ရင် ငါ့အစ်ကိုကြီးကို ပြောပေးမယ် သူမင်းအိမ်ကို ခွင့်သွားတောင်းပေးလိမ့်မယ်..ဘယ်လိုလဲ လိုက်အိပ်မယ်မို့လားကွ… မင်းစဉ်းစားမနေပါနဲ့ကွာ… ကောင်းကင်ကိုလည်း ကြည့်လိုက်ဦး …နေဝင်နေပြီနော်… မင်းတစ်ယောက်တည်း ပြန်ရဲရင်လည်းပြန်ပေါ့ကွာ…ဟား… ” စစ်မိုးစကားကြောင့် နိုင်ဝင်းအောင် လည်း ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး… “ အ..အ..အဲ….အဲ့လိုတော့မလုပ်နဲ့လေကွာ.. ငါလိုက် အိပ်ပါ့မယ်… မင်းသာကတိတည်ပါစေကွာ…. ” တရုတ်အစားအစာနဲ့ဝေးနေတဲ့ နိုင်ဝင်းအောင် အဖို့ သူငယ်ချင်းနဲ့ လည်း စကားတွေပြော…..ဆော့ပြီး တစ်ညလုံးအတူနေရမယ်ဆိုတော့ မငြင်းဖြစ်တော့ ။

ည ၈နာရီတိတိ… ။ စစ်နိုင်တို့အစ်မ ပြန်လာခဲ့တယ်လေ… ၊ လက်ထဲမှာလည်း အထုပ်တွေအများကြီးနဲ့ စားစရာ တွေဖြစ်မယ် ၊ စစ်မိုးနဲ့ နိုင်ဝင်းအောင်ကိုလည်း သူ့လက်ထဲက ခေါက်ဆွဲကြော်တစ်ထုပ်လှမ်းပေးတယ် ၊ နိုင်ဝင်းအောင် တို့လည်း ခေါက်ဆွဲကြော်ကို တစ်ယောက်တစ်ဝက်ခွဲပြီး အားရပါးရ စားလိုက်ကြတယ်လေ ။ စစ်မိုးတို့ တစ်အိမ်လုံး စားပြီး သောက်ပြီး အိုးတွေပန်းကန်တွေ ဆေးကြတော့ နိုင်ဝင်းအောင်လည်း အားနာလို့ စစ်မိုးအစ်မကို ပစ္စည်းတွေ ကူသိမ်းပေးနေတုန်း စစ်မိုးအစ်က ပန်းကန်ဆေးနေရင်း အကူအညီတစ်ခုလှမ်းတောင်းပါလေရော.. ၊ “မောင်ငယ်လေး ရေ … အစ်မကို ဒါလေးအပြင်မှာ သွားပစ်ပေးပါလား တစ်ယောက်တည်းမသွားရဲရင် စစ်မိုးကိုခေါ်သွားချေ ” “ ဗျာ..ဟု..ဟု..ဟုတ်..ဟုတ်ကဲ့ အစ်မ ” မုန့်ကျွှေးထားတာမို့ ဒီလောက်တော့ လုပ်ပေးသင့်တယ်ဆိုပြီး နိုင်ဝင်းအောင် လည်း အမှိုက်သွားပစ်ပေးဖို့ စစ်မိုးအစ်မ ကမ်းပေးလိုက်တဲ့ အထုပ်လေးကိုကြည့်လိုက်တယ် ..ထမင်းထုပ်လေးပဲ ၊

ထမင်းထုပ်နဲ့ဟင်းလေးတွေ မြင်တာနဲ့ နိုင်ဝင်းအောင် လည်း စစ်မိုးအစ်မ အမှှိုက်မှားပေးတယ်ထင်ပြီး “ အစ်မ…ဒါ ထမင်းနဲ့ဟင်းတွေ အကောင်းကြီးတွေကို ပစ်မလို့လား နှမြောစရာကြီးဗျာ.. ” “ မဟုတ်ဘူးလေမောင်လေး…အဲ့ဒါတွေကမနေ့ကတည်းကဟာတွေ သိုးနေပြီ သေချာလည်းနမ်းကြည့်ဦး မောင်လေးရ ” နိုင်ဝင်းအောင် လည်း သေချာအနံ့ခံကြည့်မှ ဟုတ်ပ သိုးနေတဲ့ ထမင်းနဲ့ ဟင်းတွေ ဖြစ်နေတယ် ။ ဒါနဲ့ပဲ လွင့်ပစ်မယ်ဆိုပြီး အပြင်သွားဖို့ ပြင်လိုက်တယ် ပတ်ဝန်းကျင်က မှောင်မဲနေတာများ အိမ်ထဲတောင် ရေနံဆီမီးအိမ်လေးရှိပေလို့ အဲ့ဒါကြောင့်လည်း နိုင်ဝင်းအောင်တစ်ယောက် သူငယ်ချင်း စစ်မိုးကို အပြင်မှာ အမှိုက်သွားပစ်ဖို့ အဖော်ခေါ်လိုက်တယ် ။ “ စစ်မိုး …ဟေ့ယောင်…စစ်မိုး ခနလိုက်ခဲ့ကွာ… အိမ်အပြင်လေးတင်… ” “ အာ..မလိုက်ဘူးကွာ..ငါအပြင်မထွက်ချင်ဘူး… မင်းကဘာတွေဖြစ်နေတာလဲ မြန်မြန်သွားပစ်ပြီးပြန်လာလိုက်ပါကွာ…. ဘာမှ ကြာတာလည်းမဟုတ်ဘူး… ” စစ်မိုးကို ဘယ်လိုမှအဖော်ခေါ်မရတော့ မထူးပါဘူးဆိုပြီး နိုင်ဝင်းအောင် လည်း တစ်ယောက်တည်းအိမ်အပြင်ထွက်ခဲ့လိုက်တယ် ၊

အချိန်က ည ၁၀နာရီကျော်နေပြီ ပတ်ဝန်းကျင်ကတိတ်ဆိတ်လို့ ၊ အခုခေတ်လို ဖုန်းတွေလည်းမရှိ ၊ ဖုန်းလို့ပြောတာ ထက်စာရင် အစကပြောခဲ့သလို လျှပ်စစ်မီးတောင်မရသေးဘူးဆိုတော့ အိမ်အပြင်မှာ ဘယ်လောက်မှောင်မဲနေမယ် ဆိုတာ မြင်သာပါတယ် ။ နိုင်ဝင်းအောင် တစ်ယောက်တည်း အိမ်အပြင်လေးထွက် မှောင်မဲနေတဲ့ ပတ်ဝန်းကျင်ကို ဟိုကြည့်ဒိကြည့်လုပ်ရင်း ပထမ အမှိုက်ထုပ်ကို ပစ်ဖို့ပြင်ပြီးကာမှစဉ်းစားမိတယ် “ ငါသူများအိမ်မှာ ကျွေးတာလည်း စားပြီးပြီ… အခုကူလုပ်ပေးတော့လည်းအမှိုက်ပစ်ရမှာ… သူတို့အိမ်ရှေ့ပြန်ပစ်ထားလို့ မနက်လင်းမှ အထုပ်လိုက်ကြီ မြင်နေရင် ငါလည်းမကောင်းဘူး ငါ့ကိုစိတ်ဆိုးသွားကြလိမ့်မယ်… မထူးပါဘူးလေ… အိမ်ပြင်ထွက်လက်စနဲ့တော့ ငါ ရှေ့နည်းနည်း ခပ်လှမ်းလှမ်းမှာ သွားပစ်လိုက်မယ် ” ဆိုပြီး ကိုယ့်အတွးနဲ့ကိုယ် ကြောက်ကြောက်နဲ့ပဲ အမှောင်ထဲ စမ်းတဝါးဝါးနဲ့ လမ်းနည်းနည်းလေးပိုလျှောက်လိုက်တယ်။

ပြီးမှ မျက်လုံးလေးမှိတ် လက်ကိုလွှဲပြီး အဝေးနေရာကို အားရပါးရလွှင့်ပစ်လိုက်တော့တယ် ၊ စိတ်ထဲမှာလည်း “ ကဲကွာ ရောက်ချင်ရာရောက်… ” လို့ ရေရွတ်လိုက်မိတယ် ၊ တာဝန်တစ်ခုပေါ့သွားတော့ အိမ်ထဲပြန်ပြေးဖို့အလုပ်ပဲ ကျန်တော့ တယ်လေ.. ၊ အခုမှ ကြက်သီးတွေကအလုံးလိုက်ပြန်ထလာသလိုပဲ ရာသီဥတုကပူနေမယ့် နိုင်ဝင်းအောင် တော့ ကြောက်လာလို့ထင်တယ် ချမ်းစိမ့်စိမ့်လေးဖြစ်သလို ခံစားလိုက်မိတယ်…. ခြေလှမ်းတွေကတော့ အမြန်ဆုံး လှမ်းရင်း..အိမ်ထဲကိုပေါ့ ။

နာရီက ၂ချက်ထိုးလောက်ရှိပြီထင်တယ် ၊ နိုင်ဝင်းအောင်တစ်ယောက် သူငယ်ချင်း စစ်မိုး ဘေးမှာ အိပ်နေတုန်း…. သူ့ခြေထောက်ကို တစ်ယောက်ယောက်က ဆောင့်ဆွဲလိုက်သလို ခံစားလိုက်ရပြီး လူကလည်း အိပ်ယာအပြင် ခြင်ထောင် အပြင်ဘက်ကို ကိုယ်တစ်ပိုင်းလောက် ထွက်သွားပါလေရော.. ၊ နိုင်ဝင်းအောင်လည်း လန့်နိုးလာပြီး ပတ်ဝန်းကျင်ကိုလိုက်ကြည့်မိတယ် တော်တော်လည်းကြောက်နေပြီ… ၊ လူက လေးဘက်ကုန်းပြီး အိပ်ယာထဲ ပြန်ဝင် လာရတယ် ၊ အတော်လည်း လန့်သွားတယ် တစ်ခါမှလည်းမဖြစ်ဖူးဘူးလေ… ၊ အိပ်လည်းမအိပ်ရဲတော့ဘူး ၊ ဘေးက သူငယ်ချင်း စစ်နိုင်ကိုကြည့်တော့လည်း အိပ်မောကျနေပြန်တယ် ၊ အိမ်ထဲမှာလည်း ရေနံဆီမီးခွက်လေး ငြှိမ်းပြီး အိပ်တာဆိုတော့ အမှောင်ထုပဲ ရှိတယ်..ဘယ်အရာမှ သဲသဲကွဲကွဲ မမြင်ရဘူးလေ… ၊ နောက်တော့ကိုယ့်စိတ်ကိုကိုယ် အားပြန်ပေး.. ငါအိပ်မက်ယောင်တာပဲနေမှာပါဆိုပြီး တွေးရင်း သူငယ်ချင်းအနားအသားချင်းထိအောင်တိုးကပ်လိုက်ရင်း နောက်တစ်ရေးပြန်အိပ်ပျော်သွားပြန်တယ်… ၊

ဒီတစ်ခါလည်း…. “ ဝုန်း….ဝရုန်း..ဝဒုန်း… ” “ အမလေးဗျာ..သရဲ…သရဲ ကျွန်တော့် ခြေထောက်လာဆွဲတယ် လက်အေးကြီးနဲ့ အမေရေ…ကယ်ပါဦး ” ခြေထောက်ကို နောက်တစ်ခါအဆွဲခံလိုက်ရပြန်တယ် ၊ နိုင်ဝင်းအောင် ဒီတစ်ခါအဆွဲခံလိုက်ရတာ ပိုကြမ်းတယ်… ၊ လူက အိပ်ယာကနေ တရွတ်တိုက်ပါသွားပြီး အိမ်ပေါက်ဝနားရောက်ခါနီးမှ အော်လည်းအော် လက်တွေကလည်း မှီတဲ့နေရာတွေကို ကုတ်ထားလိုက်ရတယ် ၊ နိုင်ဝင်းအောင် ငယ်သံပါအောင် အော်လိုက်တဲ့အသံကြောင့် စစ်နိုင်တို့တစ်အိမ်လုံးနိုးသွားပြီးတော့ ရေနံဆီမီးခွက်တွေထွန်း တစ်မိသားစုလုံး နိုင်ဝင်းအောင်အဖြစ်ကိုသိပြီး ဘယ်သူမှ မအိပ်ရဲတော့ပဲ တစ်ညလုံး ကြောက်ကြောက်နဲ့ တစ်စုတစ်ဝေးတည်း ငုတ်တုတ်လေးတွေထိုင်ရင်း မိုးလင်းခဲ့ကြရတယ် ။

မနက် ၇နာရီလောက်မှာ ….. အစာရှာထွက်ကြတဲ့ ငှက်တစ်သိုက်အချင်းချင်း စကားပြောနေကြသလို တကျွီကျွီနဲ့ အသံတွေကြားလိုက်တော့မှ စစ်မိုးတို့မိသားစုလေးလည်း တစ်ညလုံး စုပြီး ထိုင်နေရာက လှုပ်ရဲကြတော့တယ်… ၊ စစ်မိုးရဲ့အစ်မဖြစ်သူက သူနေ့တိုင်းလုပ်နေကျအတိုင်း နံနက်ခင်းဘုရားဝတ်ပြုဖို့ ပြင်နေတုန်း….ချက်ချင်းကြီး အသားတွေတဆက်ဆက်တုန်နေရင်း လက်အုပ်လေးချီလျှက် နတ်ပူးသလိုဖြစ်နေတယ်…ပါးစပ်ကလည်း ကြောက်စရာကောင်းလောက်အောင် ညည်းသံတွေ ရယ်သံတွေ ဆက်တိုက်ထွက်နေပြန်တယ် … ။

“ ဟား….ဟီး…ဟီး..ဟီး..ဟီး…ဟီး..” ဒါကိုအခြေအနေအကဲခတ်တတ်တဲ့ စစ်မိုးတို့အဖေက … “ ဟဲ့နင်ဘယ်သူလည်း ဘယ်ကလည်း…ဘာကိစ္စနှောက်ယှက်နေတာလဲ ” လို့မေးလိုက်တော့ သရဲပူးခံနေရတဲ့စစ်မိုးအစ်မကချက်ချင်း မျက်နာကြီးကို နိုင်ဝင်းအောင် ဘက် လှည့်လိုက်ပြီး နိုင်ဝင်းအောင်ကို လက်ညှိုးထိုးရင်း…အကြည့်တွေက စားတော့မလိုဝါးတော့မလိုကြည့်လို့ ပါးစပ်ကလည်းအသံသြသြကြီးနဲ့…. “ နင်….နင်…နင်… ” ဆိုပြီး လက်ညှိုးထိုးရင်း “ မကျေနပ်ဘူး ၊ မကျေနပ်ဘူး ၊ မကျေနပ်ဘူး ” လို့ပြောနေပါလေရော ၊ သတ္တိခဲ နိုင်ဝင်းအောင်လည်း ညကမှ သရဲခြေထောက်ဆွဲတာ ခံထားရတာမို့ အခုလည်းသရဲပူးနေတဲ့သူက သူ့ကို လက်ညှိုးကြီးထိုးပြီး နင်နင်နင်နဲ့ပြောနေပြန်တော့ ဘယ်ရမလည်း တစ်ခါတည်း ဖနှောင့်နဲ့တင်ပါးတစ်သားတည်းကျအောင် အိမ်အရောက်ထွက်ပြေးသွားပြီလေ ။

အဲ့ဒီမနက်ကအဖြစ်အပျက်ကို နေ့လည်ပိုင်းမှ နိုင်ဝင်းအောင်ပြန်သိလိုက်တာ… ။ စစ်မိုးအစ်မ ကိုယ်ထဲပူးနေတဲ့ သရဲမကို စစ်မိုးအဖေသွားပင့်လာတဲ့ ဆရာတစ်ယောက်က စစ်မေးတော့ သရဲမကပြောပြတာတဲ့… သူက မကျွတ်မလွတ်သေးတဲ့ အစိမ်းသရဲမ ၊ မြို့ကွက်တွေဖော်တော့ သူတို့နေနေကြတဲ့ သစ်ပင်တွေ နေရာတွေ အကုန် ပျောက်ကုန်ပြီးတော့ စားရမဲ့ သောက်ရမဲ့..နေစရာမရှိဖြစ်ပြီး လမ်းပေါ်လျှောက်သွားနေတာ ကြာပြီ ၊ ညက အဲ့ဒီကောင်လေး(နိုင်ဝင်းအောင်) က ထမင်းထုပ်တွေလာပစ်တော့ အပြင်မှာ သူလိုပဲ စားစရာလိုက်ရှာရင်းစားဖို့စောင့်နေတဲ့ သရဲတွေအများကြီးထဲက သူရှိတဲ့ နေရာကို ပထမပစ်မယ်လုပ်တော့ သူတို့တွေလည်း စားရနိုးနိုးဆိုပြီးဝိုင်းအုံစောင့်နေကြတာလေ ကောင်လေး (နိုင်ဝင်းအောင်) က လည်း ပါးစပ်က …. “ ဦးတဲ့သူစား ၊ အရင်ရောက်တဲ့သူစားကြပါ ” လို့ မပြောတော့ သူတို့က စားရနိုးနိုးနဲ့ ဝိုင်းအုံနေကြတာကို နိုင်ဝင်းအောင်က ပစ်ဖို့ဟန်ုပင်ပြီးမှ မပစ်ပဲနဲ့ တစ်ခြားနေရာကိုထွက်သွားပြီး လွင့်ပစ်လိုက်တယ်လေ…. အဲ့တော့ သူတို့ထက်ရင့်နေတဲ့ သရဲကြီးတွေက အားရပါးရစားသွားကြတယ် ၊ သူတို့ကတော့ ဆာလောင်နေပြီး မစားရတဲ့အတွက် အရမ်းဒေါသထွက်သွားကြတယ်… ၊

ညက အဲ့ဒီကောင်လေး(နိုင်ဝင်းအောင်)ကို သူလက်ဝါးနဲ့ရိုက်မလို့ပြင်ထားပြီးသား ဒီအိမ်က အိမ်စောင့်နတ်က ဝင်တားထားလို့ ဒင်းကံကောင်းသွားတယ်.. ဟင်း..ဟင်း..ဟင်း.. ၊ ဒါကို သူက မကျေနပ်လွန်းလို့ အိမ်စောင့်နတ်ကို ခွင့်တောင်းပြီး မရိုက်ပါဘူး…ဒင်းကို နာအောင်လည်းမလုပ်ပါဘူး ၊ လှန့်တယ်ဆိုတဲ့အထိပဲ လုပ်ပါရစေလို့ ခွင့်တောင်း ပြီး ခြေထောက်ကို ဆွဲလိုက်တာ ….ဆိုတဲ့အကြောင်း သေသေချာချာပြောပြသွားတယ် ၊ အဲ့ဒီအခါ ဆရာ ကလည်း သရဲမနဲ့ညှိပြန်တယ် ကလေး က မသိပဲလုပ်မိတာမို့ ခွင့်လွတ်ပေးဖို့ ၊ ကလေးကိုဘာမှ မလုပ်ဖို့ ကတိတွေတောင်း ပြန်တော့ သရဲမက… ၊ အဲ့ဒါဆိုရင် သူတစ်ယောက်တည်းအတွက် … ထမင်းနဲ့ ဝက်သားတွေချက်ပြီး ကျွေးပါတဲ့ ကတိပေးပါမယ်လို့ ပြောပြီး ထွက်သွားတယ် … ၊ နိုင်ဝင်းအောင် လည်း နောက်မှ ပြန်သိပြီး လှန့်သွားပြီး စစ်မိုးတို့အိမ်နောက်ခါမလာတော့ဘူးလို့ ဆုံးဖြတ်ထားလိုက်တယ်… ၊ ဆရာခိုင်းတဲ့အတိုင်း ညကျတေ့ာ ဝက်သားဟင်းနဲ့ ထမင်းကို ဖက်နဲ့ခင်းပြီး အပင်တစ်ပင်အောက်မှာ သရဲမနာမည်ခေါ်….. စားပါလို့ပြောပြီး သွားကျွေးလိုက်ရသေးတယ်… ၊ အနောက်လှည့်မကြည့်နဲ့လို့ ဆရာကမှာထားတဲ့အတိုင်း နောက်လှည့်မကြည်ပဲ အိမ်ကို တစ်ခါတည်း ပြန်ပြေးလာခဲ့လိုက်တာပေါ့လေ…. ။

အဖြစ်အပျက်တွေက မမျှော်လင့်ထားတဲ့အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ…. ၊ ဒီနေ့ညလည်း ရာသီဥတုက ပူအိုက် နေတာနဲ့ နိုင်ဝင်းအောင်တစ်ယောက် အိပ်မပျော်ဖြစ်နေမိတယ် စိတ်ထဲမှာလည်း စစ်မိုးတို့အိမ်မှာ သရဲမကခြေထောက် လာဆွဲတာခံရဖူးတော့ ခြေထောက်မလုံဖြစ်နေရင်း….ခြေရင်ကို မရဲတရဲလှမ်းကြည့်လိုက်မိမှ … ၊ ခြေရင်းမှာ ဆံပင် ဖျားလျား နဲ့ ဆောင့်ဆောင့်လေး ထိုင်ပြီး သူ့ကိုလှမ်းကြည့်နေတဲ့ မိန်းမတစ်ယောက်ကို ရေနံဆီးခွက် အလင်းပြပြလေး ကြောင့် မမျှော်လင့်ပဲ တွေ့လိုက်ရချိန်မှာတော့ .…. ။

ပြီးပါပြီ ( ဇာတ်လမ်းအတွင်း ပါဝင်ကြသည့် လူအမည် ၊ လမ်း ၊ နေရာဒေသအမည်များအား အမှန်အတိုင်းအတိအကျ ဖော်ပြထားပါကြောင်း…. ။ ) ကြိုးစားပါဦးမည် … မိုးစွေ စာပြီးချိန် – 17.10.2018 ( 2 : 50 Am )

Be the first to comment

Leave a Reply

Your email address will not be published.


*