
အကယ်လို့ သင့်ကို လူတစ်ယောက်က မတော်တဆ ဝင်တိုက်မိလို့ သင့်ဖုန်းလွတ်ကျသွားရင် သင်အဲဒီလူကို ဘာလုပ်မှာလဲ။ တစ်ဖက်လူက သူ့အမှားအတွက် တဖွဖွတောင်းပန်နေရင် သင်သူ့ကို ခွင့်လွှတ်မိမှာပဲမလား။ ဒါပေမယ့် နိုင်ငံခြားသားတစ်ယောက်ကတော့ အဲဒီလို မဟုတ်ပါဘူး။ တစ်ဖက်ကလူကတောင်းပန်နေတာတောင် ခွင့်မလွှတ်တဲ့အပြင် လူကြားထဲ နားရင်းတောင်ရိုက်ခဲ့သေးပါတယ်။အဲဒီလိုဖြစ်ရပ်ဟာ ပြီးခဲ့တဲ့တနင်္လာနေ့(၁၃.၁.၂၀၂၀)က ဘန်ကောက်နိုင်ငံရှိ မြေအောက်ရထားတစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ ဖြစ်ရပ်အစကတော့ iPhone 11 က စတယ်လို့ပဲ ပြောရမှာပါပဲ။
Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ နိုင်ငံခြားသားဟာ ရထားပေါ်ရှိထောင့်တစ်ခုမှာ မတ်တပ်ရပ်နေတဲ့အချိန် ထိုင်းနိုင်ငံသားတစ်ယောက်ဟာ သတိမပြုမိပဲ အဆိုပါနိုင်ငံခြားသားကို မတော်တဆဝင်တိုက်မိခဲ့ပါတယ်။ အဲဒီအချိန်မှာ နိုင်ငံခြားသားရဲ့လက်ထဲက iPhone 11 ဟာ အောက်ကို ပြုတ်ကျသွားပါတယ်။ ချက်ချင်းဆိုသလို ထိုင်းအမျိုးသားဟာ နိုင်ငံခြားသားကို တောင်းပန်ပြီး ပြန်ကောက်ပေးခဲ့ပေမယ့် အဆိုပါ နိုင်ငံခြားသားဟာ တောင်းပန်တာကို လက်မခံဘဲ ထိုင်းနိုင်ငံသားကို ရုတ်တရက် နားရင်းလှမ်းရိုက်လိုက်ပါတယ်။
ဗီဒီယိုထဲမှာတွေ့ရတဲ့အတိုင်း ထိုင်းအမျိုးသားဟာ နိုင်ငံခြားသားကို တရစပ် တောင်းပန်နေတာတောင် နိုင်ငံခြားသားက ခွင့်မလွှတ်ဘဲ လူလစ်တာနဲ့ ထိုးဖို့ချောင်းနေတာတွေ့ရမှာပါ။ ထိုင်းအမျိုးသားဟာ Wat Mangkorn ဘူတာရုံမှ တက်လာပြီးနောက် အဆိုပါနိုင်ငံခြားသားကို မတော်တဆ ဝင်တိုက်မိတာဖြစ်ကြောင်း အဆိုပါ ဗီဒီယိုကို ရိုက်ကူးထားတဲ့ အမျိုးသမီးမှ Daily Mail သတင်းဌာနကို ပြောပြခဲ့ပါတယ်။
ဒီဗီဒီယိုကို လူမှုကွန်ယက်ပေါ်တင်လိုက်ပြီးနောက်မှာ တော်တော်များများကတော့ ရန်ဖြစ်တဲ့ကြားထဲမှာ ဝင်ရောက်ဖျန်ဖြေပေးနေတဲ့ အင်္ကျီအဝါရောင်နဲ့လူကို ချီးကျူးကြပါတယ်။ တစ်ချို့သူတွေကတော့ အဆိုပါ နိုင်ငံခြားသားဟာ ပစ္စည်းစွဲဝါဒ စွဲကပ်နေတဲ့ materialistic သမားတစ်ယောက်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။
Leave a Reply