
မြို့တွင်းမှာနေထိုင်သူတွေနဲ့ မြို့ပြဝံပုလွေတွေဆိုတာ သာမန်အားဖြင့်ဆက်စပ်မှုမရှိပါဘူး။ တစ်ခါတစ်ရံ ဝံပုလွေတွေက လူနေအိမ်မှာမွေးထားတဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကိုလိုက်ကိုက်တာ၊ ဒါမှမဟုတ်ရင် လူနေအိမ်ခြေတွေနားမှာ ရစ်သီရစ်သီလာလုပ်နေလို့ ပြဿနာဖြစ်တာလေးတွေလောက်ပဲရှိပါတယ်။
ဒါပေမယ့်အခုတစ်ခေါက်မှာတော့ လူနဲ့ ဝံပုလွေကြားမှာ ထူးဆန်းတဲ့ပြဿနာလေးတစ်ခုရှိခဲ့ပါတယ်။
ဆန်ဖရန်ဆစ်စကိုလူနေရပ်ကွက်တစ်ခုမှာ သတင်းစာပို့သမားတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာတော့ သူသတင်းစာပို့နေကျဖောက်သည်တွေဆီကနေ ဖုန်းတွေလာခဲ့ပါတယ်။ ဖောက်သည်တွေက သတင်းစာလည်း ပုံမှန်မလာတော့တဲ့အကြောင်းကို သူ့ဆီဖုန်းဆက်ပြောကြတာပါ။ ဒါပေမယ့် သတင်းစာပို့သမားက သူကိုယ်တိုင်ဖောက်သည်တွေရဲ့ နေအိမ်တံခါးပေါက်တွေဆီသေသေချာချာပို့ခဲ့တဲ့အကြောင်း ပြန်စဉ်းစားမိခဲ့ပါတယ်။
ဒါပေမယ့် သတင်းစာသမားက သူလုံးဝမထင်ထားတဲ့ ကိစ္စတစ်ခုကိုကြုံခဲ့ရပါတယ်။ တစ်မနက်မှာ ဝံပုလွေငယ်တစ်ကောင်ဟာ မြက်ခင်းတွေထူထူထပ်ထပ်ရှိနေတဲ့ တောင်ကုန်းလေးမှာ သတင်းစာနဲ့ကစားနေတာကို သူက တွေ့ခဲ့ပါတယ်။ ဝံပုလွေက သတင်းစာစက္ကူကိုလေထဲမြှောက်ပြီး ကစားနေတာပါ။ တောင်ကုန်းတစ်လျှောက် လျှောစီးပြီးမြူးတူးနေတဲ့အပြင် ပါးစပ်ထဲမှာလည်း သတင်းစာစက္ကူတွေဖလပ်ဖလပ်နဲ့ လျှောက်ပြေးနေတာပါ။
ဒါကို သတင်းစာပို့်သမားက ဗီဒီယိုရိုက်ခဲ့ပါတယ်။ တကယ်တော့ ဝံပုလွေက သတင်းစာပို့သမား အိမ်ရှေ့တံခါးပေါက်မှာပစ်ချခဲ့တဲ့ သတင်းစာတွေကိုဆော့ဖို့အတွက် လိုက်ခိုးနေခဲ့တာဖြစ်ပါတယ်။ အကြောင်းစုံသိထားတဲ့ သတင်းစာပို့သမားက ဝံပုလွေကို စိတ်မဆိုးခဲ့ဘဲ ဝံပုလွေလေးအတွက် သီးသန့်သတင်းစာတစ်စောင်ပစ်ပေးခဲ့ပါတယ်။ အခုဆိုရင် ဝံပုလွေလေးဟာ မနက်တိုင်းဆော့စရာအရုပ်တစ်ရုပ်ရနေပြီဖြစ်ပြီး သတင်းစာသမားလည်း ဖောက်သည်တွေနဲ့ ပြဿနာမတက်တော့ဘဲ နှစ်ဦးနှစ်ဖက်အဆင်ပြေလျက်ရှိနေပါပြီ။
Leave a Reply