“ဂျပန် စစ်သား တမလွန် က စောင့်နေ သည်” (ဖြစ် ရပ် မှန်)

“နိဟွန်းဂျင်းနို့ ဟဲအိရှိ (ဂ) မတဲအိမတ်စု ………………. ” ဂျပန်စာကို မြင်တိုင်း အမှတ်မထင် အသံထွက် ဖတ်ဖတ်မိ တတ် နေတဲ့အကျင့်က ဂျပန်စာလေ့လာနေသူ သတိုး အတွက် အဆန်းတကျယ်တော့မဟုတ်တော့ပါဘူး…. ၊ ထူးဆန်းတာ က ဒီနေရာမှာ ဘာလို့ ဒီစာမျိုးကိုတွေ့နေရတာလဲဆိုတာကို စဉ်းစားရကြပ်နေမိတာပဲ … ဒီလောက်ခေါင် လွန်းလှတဲ့ ရွာမှာ ဂျပန်စာ…..အင်္ဂလိပ်စာ …တခြားဘာသာစကားတွေမပြောနဲ့ မြန်မာစာတောင် သေစာရှင်စာလောက်ပဲ တတ်ကြ တဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေမှာပဲ ကြီးပျင်းလာကြပုံရတဲ့ ရွာမှာနေသူတွေက …. ဒီလိုမျိုး ဂျပန်စာကို ရွာအဝင် အဝ ရွာနာမည် ထိုးထားတဲ့ဆိုင်းဘုတ်အောက်မှာရှိတဲ့ သစ်ပြားလေးမှာ ဘာကြောင့်များထွင်းထားနိုင်တာလဲဆိုတာလေး …၊

ရွာထဲရောက်မှ ဒေသခံတွေကိုသေချာမေးတော့မယ်ဆိုပြီး သတိုး တက်ကြွတဲ့ခြေလှမ်းတွေ နဲ့ ကျောပိုးအိတ် ကြိုးလေးကို လက်နှစ်ဖက်နဲ့ တင်းတင်းကိုင်ထားရင်း ဆက်လျှောက်သွားလိုက်တယ် …. ၊ မြေကြမ်းပြီး ဆိုင်ကယ်တိုးမပေါက်တဲ့ ဒီလိုတောတောင်ထဲမှာ ခြေထောက်က ပိုအသုံးဝင်နေတယ်လေ ၊ သတိုးက ရန်ကုန်သားစစ်… ရန်ကုန်သား ဆိုပေမယ့် ပထဝီဘာသာနဲ့ ဘွဲ့ရကျောင်းပြီးထားပြီးတော့ လက်ရှိမှာလည်း ပထဝီနဲ့ပတ်သတ်တဲ့ နိုင်ငံခြား ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်း ဝင်လုပ်နေတဲ့သူတစ်ယောက် ၊ သူတို့အလုပ်က အလုပ်လာအပ်တဲ့သူ လိုချင်တဲ့ပုံစံမျိုးရတဲ့အထိကို မြေပုံတိတိကျကျဆွဲပေးတာတို့ မြေတိုင်း ပေးရတာတို့ကို လုပ်ပေးရတာလေ ၊ အစိုးရမြေတိုင်းရုံးက အလုပ်နဲ့ ခပ်ဆင်ဆင်တူတယ်… ၊

အပြင်ထွက် field ထဲမှာ survey ဆင်းရတဲ့အခါ ရုံးက ဝန်ထမ်းတွေ ကို လိုအပ်တာ တစ်ကိုယ်ရည်စာ အပြည့်အစုံနဲ့ ခရီး စရိတ်ပေးပြီး လွှတ်တတ်တယ်…. ၊ သွားနိုင်ခြင်း မသွားနိုင်ခြင်းဆိုတာ ဝန်ထမ်းတွေမှာလည်း ရွေးချယ်ခွင့် ရှိကြပါတယ် … ၊ တစ်ခါတစ်လေ မတည်ငြိမ်သေးတဲ့ ဒေသတွေအထိကို သွားပြီး မြေတိုင်းကြရတယ်… ၊ တစ်ခါ သွားရ ရင် အဖွဲ့လိုက် ၃ယောက်တွဲ အနည်းဆုံး သွားကြရတယ်…သုံးယောက်လုံးက သူတို့တွေတိုင်းရမယ့် နေရာဝန်းကျင်ကိုရောက်ရင် အဲ့နေရာတွေ ကိုမရောက်ခင် အနီးဆုံး နေ့ချင်းပြန်သွားနိုင်လောက်တဲ့ ဆက်သွယ်ရေးအဆင်ပြေလောက်တဲ့ မြို့ကြီး ၊ မြို့ငယ် ၊ ရွာကြီး ၊ ရွာငယ် တွေမှာ စုရပ်အဖြစ်အခြေချကြတယ် … ၊ နောက်တော့ သူတို့တိုင်းတာရမယ့် အစွန်အဖျား နေရာတွေကို မတိုင်းတာခင်ရက်ပိုင်းလောက်စောပြီး ဒေသအခြေအနေကိုသွားကြည့်ကြတယ် … တိုင်းတာလို့ အကောင်းဆုံး နေရာ ၊ မြေပြင်မှာ ကြာရှည်ခံ အမှတ်အသားလုပ်လို့ရတဲ့နေရာကိုရှာဖွေကြတယ် ၊

သတိုးကိုယ်တိုင်က စွန်စားခန်းဖွင့်တဲ့ စာအုပ်တွေ သည်းထိတ်ရင်ဖိုစာအုပ်တွေကို ဖတ်ပြီးကြီးလာတဲ့ သူတစ်ယောက် ဆိုတော့ စွန့်စားရတာ ကိုကြိုက်တယ် ၊ အသက် နှစ်ဆယ်ကျော်အရွယ်ဆိုပေမယ့် အဲ့ဒီ့လိုရူးတတ်တဲ့စိတ်လေးနဲ့အတူ အရမ်းခေါင်တဲ့ဒေသတွေကို သွားဖို့ကိစ္စရှိလာတိုင်း သတိုးက ရှေ့ဆုံးက သွားမယ့်စာရင်းပေးလေ့ရှိတယ် ၊ တစ်ရုံးလုံးက သတိုးကို လက်ဖျားခါကြတာ အဲ့လိုအကြောင်းတွေကြောင့်လည်းပါတယ် ၊ သတိုးက သူများမသွားချင်…မသွားရဲတဲ့ နေရာတွေဆို တက်တက်ကြွကြွ သွားတတ်တာမို့လေ ၊

အခုလည်း မြန်မာပြည်မြေပုံထဲမှာတောင် ပြူးဖြဲရှာနေရတဲ့ တောထဲတောင်ထဲက ရွာသေးသေးလေးတစ်ခုကို သတိုး တစ်ယောက်တည်း ကွင်းဆင်းကြည့်နေပြန်တယ်… အနီးဆုံးရွာကြီးမှာ ကျန်ခဲ့တဲ့ အဖော်နှစ်ယောက်ကတော့ သတိုး အကြောင်းပြန်လာတာနဲ့အလုပ်စဖို့ပြင်နေကြတယ်… ၊ ဒီခရီးစဉ်ကိုလည်းထုံးစံအတိုင်း သတိုး ကိုယ်တိုင် စိတ်အား ထက်သန်စွာနဲ့ ရွေးထားတာမဟုတ်လား…. ။

“ အရီးလေး မင်္ဂလာပါခင်ဗျာ… ကျေးဇူးပြုပြီး ကျွန်တော့်ကို ရွာက တာဝန်ရှိတဲ့ သူဆီကို လမ်းညွန်ပေးပါလားခင်ဗျာ … ” ရွာဝင်ဝင်ခြင်းမှာ မြင်လိုက်ရတဲ့ ရွာသူအဒေါ်ကြီးတစ်ယောက်ကို ဖော်ရွေရိုးသားတဲ့လေသံနဲကနှုတ်ခွန်းဆက်သလိုက်ပြီး လှမ်းညွန်ဖို့ အကူညီတောင်းလိုက်တော့ အဒေါ်ကြီးက သတိုးကို လူစိမ်းမို့ထင်တယ် အံ့သြတကြီး ကြည့်နေရင်းက လမ်းညွန်ပေးလိုက်တယ်… ၊

မကြာခင်မှာပဲ သတိုးတစ်ယောက် သူကြီးအိမ်ကိုရောက်လာခဲ့တယ် ၊ သူကြီးအိမ်ကို အရောက်ခင်လမ်းတစ်လျောက်မှာ တစ်ရွာလုံးမှာရှိတဲ့ လူတွေ နေပုံထိုင်ပုံ ၊ အိမ်အနေအထားတွေကိုလည်း အကဲခတ်ခဲ့သေးတယ် ၊ ထူးထူးခြားခြားရယ် လို့မတွေ့သေးဘူး ၊ အခြားရွာပုံစံတွေအတိုင်းပါပဲ… ၊ သူကြီးအိမ်ကလည်း ထုံးစံအတိုင်းတစ်ခြားရွာတွေက သူကြီးအိမ် တွေလို တစ်ရွာလုံးမှာ အခန့်ထည်ဆုံးဖြစ်နေတာကိုလည်းတွေ့လိုက်ရတယ် ၊ အိမ်ရှေ့ရောက်တော့ ရွာသူကြီးနဲ့ တွေ့ချင်တဲ့အကြောင်းကိုလှမ်းပြောလိုက်တယ် ဒီအခါမှ အိမ်ထဲက သူ့ကိုစိမ်းစိမ်းကြီးကြည့်နေတဲ့ မိန်းကလေးတွေက သူကြီးကိုသွားခေါ်ပေးပြန်တယ်…မကြာခင်မှာပဲ ၀၀ဖိုင့်ဖိုင့်ကြီးနဲ့ လူတစ်ယောက် အိမ်ထဲကနေထွက်လာခဲ့တယ် …. ။

“ကျုပ်ကိုမေးနေတယ်ဆိုတာ ဒီကမောင်ရင်ထင်တယ် ” အခြေအနေကိုကြည့်ပြီး ရွာသူကြီးမှန်း သိသွားတော့ သတိုးက သူ့ရဲ့ခါးကို လေးလေးနက်နက်ဟန်လေးနဲ့ ကိုင်းညွတ်ချလိုက်ပြီးတော့ “ ဟုတ်ပါတယ်ခင်ဗျာ…သူကြီးမင်း ခင်ဗျ.. ကျွန်တော်က ရန်ကုန်ကနေလာခဲ့တာပါ….၊ အဘတို့ရွာရဲ့နယ်နိမတ်တစ်ခုမှာ မြေတိုင်းလို့ရတဲ့ နေရာရှိမရှိ ရွာအခြေအနေ ကိုလာလေ့လာတာပါ ၊ အဘဆီက ခွင့်ပြုချက်လာတောင်းရင်းနဲ့ ရွာထဲမှာ တစ်ညလောက် တည်းချင်လို့ အကူအညီလေးလည်းလာတောင်းတာပါသူကြီးမင်းခင်ဗျာ ”

“အေးကွယ်…ရွာထဲမှာ တည်းဖို့ကတော့မပူပါနဲ့ မောင်ရင်တို့ တိုင်းတာတယ်ဆိုတာတွေကိုတော့ တို့တွေ နားမလည် ပါဘူးကွယ်… ဘာဖြစ်ဖြစ် မောင်ရင်တို့အလုပ်က ကျုပ်တို့ရွာကိုမထိခိုက်ဘူးသေချာရင် လုပ်ပေါ့ကွယ်…. ၊ ခွင့်ပြုပြီး သားပါ… ဒီလောက်ခေါင်တဲ့ရွာလေးအထိလာနိုင်တဲ့ မြို့သားဆိုလို့လည်း ကျုပ်တစ်သက် မောင်ရင် တစ်ယောက်တည်း တွေ့ဖူးသေးတယ် ဟား..ဟား.. သြော်ဒါနဲ့ မောင်ရင့်နာမည်က ဘယ်သူ ” ဖော်ရွေသဘောကောင်းလွန်းတဲ့ သူကြီးကြောင့် သတိုး အလုပ်အတွက် ပထမအဆင့်အောင်မြင်သွားတာမို့ ပြုံးရင်း သက်ပြင်းလေးခိုးချမိလိုက်ပြီး “ ဟုတ်ကဲ့ဗျ ကျွန်တော့် နာမည်က သတိုးပါဗျာ (….)ကုမပ္ပဏီကဝန်ထမ်းတစ်ယောက်ပါ ”

“အေးကွယ်…သတိုး..လူလေးလည်းဗိုက်ဆာရောပေါ့ ကဲကဲလာ ဟော…ဟိုဘက်မှာ မြင်နေရတဲ့အိမ်လေးတွေ့လား အဲ့ဒီ့ အိမ်မှာ ဂျပန်ကြီးဆိုတဲ့ ဘကြီးတစ်ယောက်ရှိတယ် သူ့ဆီမှာ တည်းခိုရင်း ရေမိုးချိုး ခဏနားဦးကွယ်…. လာလာ ငါလိုက် ပို့ပေးမယ် ” သတိုးတစ်ယောက် ရွာသူကြီးနောက်က ကုတ်ကုတ်လေး လိုက်သွားခဲ့လိုက်တယ် ။ အိမ်ရဲ့ အနေအထားက တော်တော်ခိုင်ခံ့တဲ့ သစ်မျိုးတွေကိုသုံးထားပုံရတယ်… ၊ ဆောက်လုပ်ထားတဲ့ နည်းစနစ်တွေ ထုပ်တန်း တွေ ကို ချုပ်ထားပုံတွေ ၊ အိမ်တိုင်အနေအထားတွေကို အိမ်ထဲရောက်မှ ပိုသတိထားမိသွားတယ် … အတွင်းပိုင်း အနေအထား တစ်ချို့က မြန်မာနည်း နဲ့လုံးဝမတူပဲ အပြင်ကကြည့်ရင်သူလိုကိုယ်လိုဆိုပေမယ့် အထဲကျမှ ပိုသိသာကွဲလွဲနေတာကို မြင်လိုက်ရတယ် ၊

အိမ်ထဲမှာတော့ ဆံပင်တွေ ဖွေးဖွေးဖြူနေတဲ့ အသက် ၆၀ ဝန်းကျင် လူကြီးတစ်ယောက်ကို ထိုင်လျက်သား တစ်ခုခု ကိုလေးလေးနက်နက်တွေးနေတဲံပုံစံမျိုးနဲ့ မြင်လိုက်ရတယ် ၊ “ ဂျပန်ကြီးရေ … ဒါက ရန်ကုန်မြို့ကလာတဲ့ ဧည့်သည် ကွဲ့…တို့ရွာမှာလည်း မင်းတစ်အိမ်တည်း သပ်သပ်ရပ်ရပ် နဲ့ကျကျနနလေးရှိပြန်… ၊ မင်းအိမ်မှာလည်း မင်းတစ်ယောက် တည်းဆိုတော့ လူငယ်လေး နေရထိုင်ရတာ လွတ်လပ်တာပေါ့ကွယ်…. ကဲ လူလေး သတိုးရေ … ဂျပန်ကြီးနဲ့သာ နေရစ် ခဲ့ပေတော့ လိုအပ်တာရှိရင် အဘဆီအချိန်မရွေးလာခဲ့နော်…. ဂျပန်ကြီးလေး ကောင်လေးကို ဂရုစိုက်ပေးလိုက်ဦးကွာ… ”

သူကြီးက သတိုးကို နှုတ်ဆက်ပြီးပြန်သွားတော့ ဂျပန်ကြီးဆိုနဲ့သတိုးသာ ကျန်ခဲ့တယ် “ ကောင်လေး…မင်းတို့ ရန်ကုန် ကို ငါတစ်ခေါက်တော့ရောက်ဖူးတယ် ငါရောက်တုန်းကအခြေအနေနဲ့အခုဆို အများကြီးကွဲလွဲနေပြီထင်ရဲ့ ” “ အဘက ဘယ်တုန်းကရောက်ဖူးတာလဲ ” သတိုး ရုတ်တရက်မေးလိုက်တဲ့စကားကို မဖြေချင်သလိုနဲ့ လွှတ်ခနဲထွက်သွားတဲ့ သူ့စကားကို သူပြန်ထိန်းတဲ့ ပုံစံနဲ့ ဂျပန်ကြီးက “ လူလေး မင်းရေအရင်ချိုးချေ…ပြီးမှ တို့တူဝရီးတွေ စကားအေးဆေး ပြောကြတာပေါ့ကွယ်…. ” သတိုးစိတ်ထဲမတင်မကျဖြစ်နေပေမယ့် အိမ်ရှင်စကားမို့ အဒွန့်မတက်ဝံ့တော့ဘဲ အိမ်ရှေ့က အဝီစိရေတွင်းလေးနားမှာ ရေအရင်ပြေးချိုးလိုက်တယ် …. ၊

ရေချိုးပြီးပြန်တက်လာတော့ အိမ်ထဲမှာ ရွာထမင်းဝိုင်းလေးနဲ့ အဆင်သင့် ပြင်ပြီး စောင့်နေတဲ့ ဂျပန်ကြီးကို တွေ့လိုက်ရ တယ် ၊ သတိုးလည်းတစ်နေကုန် ပင်ပန်းလာတာမို့ မြန်မြန်အဝတ်လဲပြီး ထမင်းကိုအငမ်းမရ စားသောက်လိုက်တယ် ၊ ဗိုက်ကလေးပြည့်သွားတော့ သူ့စိတ်ထဲတစ်ခုခု တွေးမိလာတယ်…. ၊ ဒီအဘနာမည်က ဂျပန်ကြီးတဲ့…ရွာအဝင်ဝမှာ လည်း ဂျပန်စာတွေရေးထားတာ မြင်ခဲ့တယ်… ၊ ဒီစာတွေက ဒီအဘလက်ချက်များလား… ၊ ဒါဆို ဒီဘဘ ဂျပန်ကြီးက ဂျပန်စာတွေတတ်နေတာလား ၊ ဒီလိုခေါင်လွန်းတဲ့နေရာမှာ ဒီစာတွေကိုဘယ်လိုသင်ခဲ့တာလဲ… ၊ ရန်ကုန်ကိုလည်း သူရောက်ဖူးတယ်ပြောတယ်၊ သူ့နာမည်ကရော ဘာလို့ ဂျပန်ကြီးဖြစ်နေ တာလဲ…. ၊ သတိုးရဲ့အတွေးစတွေကို အသံတစ်သံက ချေဖျက်လိုက်တော့တယ်

“ လူကလေး…အဘနာမည်ကိုစိတ်ဝင်စားနေတာ ထင်တယ်…ဟားဟား ” သတိုးတစ်ချက်အံ့သြပြီး မျက်နာ ဟန်မဆောင် နိုင်အောင် ဖြစ်သွားမိတယ် စိတ်ထဲမှာလည်း ဒီအဘ ငါ့စိတ်ထဲကအကြောင်းတွေကို ဘယ်လိုများသိနေ သလဲလို့ တွေးလိုက်မိတယ် ၊ အတွေးစတွေနဲ့အတူ ခေါင်းကိုတဆက်ဆက်ငြိမ့်လိုက်မိတဲ့ နောက် ဂျပန်ကြီးဆိုသူအဘက “ မအံ့သြပါနဲ့…လူစိမ်းတိုင်း အဘကိုစိတ်ဝင်စားကြတာ မစမ်းပါဘူး … ” “ ဟုတ်တယ် အဘ…အဘနာမည်ရယ် ၊ ရွာအဝင်အဝမှာရေးထားတဲ့ စာအကြောင်းရယ်ကို ကျွန်တော် ဝေခွဲမရဖြစ်နေတာ ” “ သြော်…လူလေးက အဲ့စာလေးကို မြင်ခဲ့သေးတယ် ပေါ့လေ…. ” “ ဟုတ်တယ်အဘ ကျွန်တော်က ဂျပန်စာကိုလေ့လာနေတဲ့သူတစ်ယောက်မို့ အဲ့ဒီ့စာလေး ကို လည်း သေချာနားလည်တယ် အဘ ”

“ လူလေးက ဂျပန်စာသင်နေတာလား….ဒါဆိုပိုအဆင်ပြေတာပေါ့…… ဒီစာလေးရဲ့အဓိပ္ပါယ်ကို လူလေး ဘယ်လို နားလည်လဲ ” သတိုး အဖြေကြပ်သွားပြီးတော့ သူတွေးမိသလို စာလုံးပေါင်းမိတဲ့အတိုင်းပြောချလိုက်တယ် “ 日本人のへいしが待っています { じじつ } နိဟွန်းဂျင်းနို့ ဟဲအိရှိ (ဂ) မတဲအိမတ်စု ဂျပန်စစ်သား စောင့်နေသည် …. လို့ ကျွန်တော် နားလည် ပါတယ် အဘ…. ” ဒီအခါမှ ဂျပန်ကြီးက ကျေနပ်သွားဟန်နဲ့ “ လူလေးပြောတာမှန်တယ် …. အဘက လူလေးဂျပန်စာတကယ်တက်မတက် စမ်းကြည့်ချင်လို့မေးလိုက်တာပါ…. ဟား… ” “ ဒါဆို အဘ ဒီစာအကြောင်းနဲ့ အဘနဲ့ဘယ်လိုဆက်စပ်တယ် ဆိုတာ ကျွန်တော် သိခွင့်များရနိုင်မလားခင်ဗျာ ” “ လူလေးက ခေတ်ပညာတတ်ဆိုတော့ အဘပြန်ဖြေတာတွေကို ယုံကြည်ဖို့ခတ်နေမယ်… ၊ နောက်ပြီးအဘကိုလည်း လူလိမ်ကြီး ၊ အရူးကြီးလို့ ထင်မှာလည်းစိုးတယ်ကွယ်..ဖြေချင်ပေမယ့် မဖြေသင့်ဘူး လို့ထင်တယ်ကွယ် ”

“ ဟာအဘရယ် မဟုတ်တာပဲ ကျွန်တော်ကိုယ်တိုင်က သိချင်လို့ မေးတာပဲ အဘရယ်… အဘက ပုံမှန်လူတစ်ယောက် ဆိုတာလည်း အဘနဲ့ စတွေ့ပြီးကတည်းက ကျွန်တော်သိတယ်… ဘာလို့လဲဆို ကျွန်တော်က စာဖတ်ရတာ အရမ်း ဝါသနာပါတယ်… ၊ ပုံမှန်ဖြစ်နေတဲ့သူနဲ့ စိတ်တဇဖြစ်နေတဲ့သူကို ကျွန်တော် ကောင်းကောင်း ခွဲတတ်ပါတယ်… အထူး သဖြင့် မျက်လုံးက စကားတွေကို ဖတ်ပြီးတော့ပိုသိတာပေါ့အဘ… ” “ လူလေးက လူတော်ပဲ ကိုယ်ဖတ်ထားတဲ့ စာအုပ် တွေထဲက ပညာတွေကိုပါ လက်တွေ့အသုံးချတတ်တဲ့သူဆိုတော့…ကဲပါလေ…လူလေးယုံကြည်တယ် ဆိုတော့ အဘ ဆက်ပြောရမှာပေါ့….

ဒီလိုကွဲ့…. အရင်တုန်းက အဘတို့ဒီရွာလေးက ရွာရယ်လို့သက်သက်မှတ်မှတ် မရှိသေး တဲ့အချိန်…. လွန်ခဲ့တဲ့ နှစ်တွေအများကြီးကြာခဲ့တဲ့အချိန်တွေကပေါ့…. ၊ ဒီရွာမှာ ဂျပန်တပ်သားတွေအများကြီး တပ်စွဲခဲ့ကြတဲ့ စစ်စခန်း တစ်ခု ရှိခဲ့ဖူးတယ်… ” “ ဟင်… အဘဒီအသက်အရွယ်နဲ့ ဂျပန်တွေရှိခဲ့တယ်လို့ ဘာလို့တပ်အပ်ပြောနိုင်တာလဲ… အဲ့တုန်း က အချိန်ဆို အဘက မွေးပြီးမို့လို့လား….ဒါမှမဟုတ် အဘရဲ့ အဘိုးအဘွားတွေပြန်ပြောပြတာလား ” “လူလေး က သိပ်လောသကို……ဒီမယ်.. အဘပြောတာလေးကိုသာ စိတ်ရှည်ရှည်နဲ့နားထောင်ကြည့်…. ဒီဇာတ်လမ်းက လုံးဝ ဖြစ်ရပ်မှန်ဆိုတာ အဘအသက်နဲ့ ရင်းပြီးအာမခံရဲတယ် ဇာတ်လမ်းထဲမှာ ပရလောကနဲ့သက်ဆိုင်တဲ့ သွေးပျက်စရာလေး တွေ နည်းနည်းတော့ပါမယ် လူလေးသရဲတွေဘာတွေ ကြောက်တတ်လား ”

သတိုး မျက်နာငယ်လေးနဲ့ ချက်ချင်းပြန်ဖြေလိုက်တယ် “ ဗျာ…ကျွန်…ကျွန်…ကျွန်တော်လား အဘ… ကျွန်တော် ကြောက်…ကြောက်တတ်တာပေါ့ဗျာ… ဒါပေမယ့် ခရီးတွေဘာတွေသွားတော့ ကြောက်တိုင်းအမြဲရွတ်တတ်တဲ့ သရဏဂုံလေးအားကိုးပြီးသွားလာနေတာပဲအဘရေ ပရလောကကို သူများတွေဘယ်လို နားလည်ထားတယ်တော့မသိဘူး ကျွန်တော်တော့ ရောက်ရာအရပ်မှာ ကိုယ်တည်းမဲ့နေရာရောက်ရင် ကိုယ့်အရင်ရောက်ခဲ့ ပိုင်ခဲ့တဲ့သူတွေအပါအဝင် အားလုံးကို မေတ္တာပို့ အမျှဝေပြီးမှ အိပ်ဖြစ်တယ်…အဲ့ဒါတွေကြောင့်ထင်တယ်…အခုထိတော့ တစ်ကြိမ်မှ မကြုံသေးဘူး အဘရေ… ”“ ဟား… ဒီလောက်ဆို လူလေး ဘယ်လောက်ကြောက်တတ်တယ် ဆိုတာ အဘသိပါပြီ….အပေါ့အပါးကိစ္စရှိရင် တခါတည်း သွားထားနော်… ” သတိုးက ခေါင်းခါပြတော့ ဂျပန်ကြီးက တစ်ချက်ပြုံးလိုက်ရင်း “ ကဲ ..ဒါဆိုလည်း တို့တွေ လွတ်လပ်လေး မရသေးတဲ့ခေတ်…. မြန်မာ့မြေက ဂျပန်တွေကို အင်္ဂလိပ်နဲ့ မြန်မာ့ မျိုးချစ်တပ်မတော့ ပေါင်းပြီး တွန်းလှန်တိုက်ပွဲဝင်နေတဲ့ ခေတ်ကလေးတစ်ခုဆီကို ပြန်သွားလိုက်ကြတာပေါ့……… အဲ့ဒီ့တုန်းကလေ……… ”

“ ရဲဘော်တို့ သင်တို့သည် အမိဂျပန်ပြည်ကြီးနဲ့ ဂျပန်ဘုရင်မင်းမြတ်အတွက် အမှုတော် ထမ်းရွက်နေကြတဲ့ ရဲရဲတောက် သူရဲကောင်းတွေဖြစ်ကြတယ်…. ၊ ဒီတော့ တို့သွေးတွေ ဘယ်လောက်ရဲတယ်ဆိုတာကို ဒီနေ့ မြောက်ပိုင်း စစ်မြေပြင်မှာ ပြသခွင့်ရတော့မယ်… ဂျပန်စစ်သားတွေဆိုတာ ဘယ်တော့မှ လက်နက်မချဘူး… ၊ မတော်တဆ ရှုံးနိမ့် သွားရင်တောင် ရန်သူ့လက်မှာ အသေမခံဘူး…. ၊ ကိုယ့်ဘာကိုယ်သက်သေပစ်ကြရမယ် ၊ ရဲဘော်တို့ အမိဂျပန် အင်ပါယာကြီးနဲ့ ဂျပန်ဘုရင်မင်းမြတ်အတွက် အသက်ပေးဖို့ အဆင်သင့်ပဲလား….ဟေ့ ” “ အဆင်သင့်ပါပဲ ဗိုလ်ကြီး ” “ ကောင်းပြီ တို့တွေ အောင်ပွဲခံဖို့ ရန်သူတွေကို အကုန် သုတ်သင်ကြဖို့ ပြင်ဆင်ထားကြ ဒီည တိုက်ပွဲနေရာကို သွားကြမယ် ၊ လက်ဦးမှုယူထားရမယ် ကြိုတင်ဗျူဟာခင်းထားနိုင်မှ ဖြစ်မယ် မဟုတ်ရင် ဟို ဗမာကောင် အစုတ်ပလုတ် တွေနဲ့ အရှည်ကောင် အင်္ဂလိပ်တွေ တို့ကို လာသတ်ကြလိမ့်မယ် ၊ ကဲပြင်ကြတော့ ရဲဘော်တို့.. ”

ဂျပန်စစ်ဗိုလ်ကြီးရဲ့ အာဏာသံနဲ့အမိန့်ပေးလိုက်တာကြောင့် တပ်စခန်းမှာရှိတဲ့ စစ်သားတွေအကုန်လုံး ကိုယ်ပိုင် ပစ္စည်း တွေကို ချင်ချင်း ပြေးလွှားစစ်ဆေးကြရင်း စစ်ဝတ်စုံအပြည့်အစုံဝတ်နေကြတယ် ၊ အားလုံးကိုယ်စီက ကိုယ့်အလုပ် ကိုယ်လုပ်ကြရင်းနဲ့ ပြာယာခတ်နေကြပုံက ပုရွတ်ဆိတ်ကလေးတွေ မိုးရွာခါနီးမို့ တွင်းနားဝန်းကျင်မှာ ဟိုပြေး ဒီပြေး ဖြစ်နေကြပုံနဲ့ တူနေတယ်…. ၊ အဲ့လို ပြေးလွှားလှုပ်ရှားနေကြတဲ့ စစ်သားပေါင်းများစွာထဲကမှ အမှတ်မထင် ဂျပန် စစ်ဗိုလ်ကြီးနားက ဖြတ်သွားတော့မယ်လို့ပြင်နေတဲ့ ဂျပန်စစ်သားလေး အိုးယားစံ ကို မြင်တော့ ဘာရယ်မဟုတ်ပဲ ဗိုလ်ကြီးက လှမ်းခေါ်လိုက်တယ် … ၊

“ အိုယားစံ …ဒီလိုခဏလာစမ်း ” “ ရောက်ပါပြီ ဗိုလ်ကြီး …အလေး..ပြု ” “ အေး…မင်းကို ငါ တာဝန် တစ်ခုပေးစရာ ရှိတယ်။ မင်းတာဝန်ကျေအောင် ထမ်းဆောင်မယ်မဟုတ်လား” အထပ်က ဗိုလ်ကြီးရဲ့အမိန့်ကို စိတ်ဝင်တစားနဲ့ အိုယားစံတစ်ယောက် နားထောင်ရင်း “ ဟုတ် တာဝန်ကျေတဲ့အထိ အသက်ပေးပြီး တာဝန်ထမ်းဆောင်ပါ့မယ်လို့ ကတိပြုပါတယ် ” “ ကောင်းပြီ….ဒီတပ်ရင်းတွေ အားလုံးက မနက်ဖြန် တိုက်ပွဲကိုသွားကြရတော့မယ် ငါတို့ပြန်လာချင် လည်းပြန်လာနိုင်မယ် မလာချင်လည်းမလာနိုင်တော့ဘူး… ၊ ဒါပေမယ့် မင်းကတော့ တို့နဲ့ မလိုက်ရဘူး…..ဒီနေရာကို တို့တွေ ပြန်မလာနိုင်ခင် အထိ ဒီစခန်းနေရာကနေ တစ်ဖဝါးမှ မခွါဘဲ ကာကွယ်စောင့်ရောက်ပေးရမယ်လို့ အမိန့်ပေးခဲ့ တယ် ရဲဘော် အိုယားစံ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပါ ”

“ ဟုတ်ကဲ့ပါ ဗိုလ်ကြီး ကျွန်တော် အသက်သေတဲ့အထိ တာဝန်ကို အသက်နဲ့ လဲပြီး ထမ်းဆောင်ပါ့မယ်လို့ ကတိပြုပါ တယ် … ကျွန်တော်တာဝန်ကျတဲ့နေရာမှာ ရန်သူတွေတစ်ယောက်မှ မလာနိုင်တဲ့အထိ အသက်ပေးကာကွယ်သွားပါမယ် ၊ ဂျပန်အင်ပါယာကြီး နေမင်းကြီးလို တောက်ပပါစေ……. အလေးပြု ” အိုယားစံရဲ့ ပြန်ပြောလိုက်တဲ့လေသံ နဲ့ စကား ကို ဂျပန်စစ်ဗိုလ်ကြီးက ကျေနပ်သလိုနဲ့ တစ်ချက်ပြုံးလိုက်ရင်း အိုယားစံရဲ့ ပုခုံးကို ပုတ်လိုက်ရင်း ထွက်သွားတော့တယ် ၊ အဲ့ဒီ့နေ့ညက ဂျပန်ဗိုလ်ကြီးနဲ့ သူ့ရဲ့သူငယ်ချင်းရောင်းရင်း တပ်မတော်သားတွေကို နောက်ဆုံးမြင်လိုက်ရ လိုက်ခြင်း လို့ဆိုရမယ်…. ။

တိုက်ပွဲဝင် ဂျပန်စစ်သည်တော်တွေ အားလုံးကို ဗမာ့မျိုးချစ်တပ်မတော် နဲ့ မဟာမိတ်တပ်တွေ နှစ်ဖွဲ့ပေါင်း အင်အား အလုံးအရင်းလက်နက်အပြည့်အစုံ လေကြောင်းအင်အားတွေရောကြောင့် ဘယ်လိုမှ တင်းမခံနိုင်တော့ဘဲ ဂျပန်စစ်သား တွေ အတုန်းအရုန်း သေဆုံးသွားကြပြီး တိုက်ပွဲမှာ ကျဆုံး သွားကြတယ်… ၊ အဖြစ်အပျက်တွေက မနေ့တစ်နေ့က လိုပါပဲ…. မနေ့ကမှ တစည်းတလုံးတည်း နိုင်ငံတော်သီချင်းတွေသီဆို ၊ ညစာကိုအတူတူဝိုင်းဖွဲ့စား ကြရင်း မနက်ဘက် စစ်ထွက်သွားကြတဲ့ ရောင်းရင်းတွေ တစ်ယောက်တစ်လေမှ ပြန်မလာလေခြင်း ဆိုကတည်းက အိုယားစံ အခြေအနေကို ရိပ်စားမိလိုက်တယ် ၊ ဒါပေမယ့် ကတိတည် သစ္စာစောင့်တတ် အမိန့်နာခံလွန်းတဲ့ ဂျပန်စစ်သား ပီပီ သူ့အထက် က အရာရှိပေး ခဲ့တဲ့ အမိန့်အတိုင်း ကျေပွန်အောင် စခန်းဟောင်းနေရာလေးမှာ ပုန်းအောင်း နေရင်း ရန်သူ့တပ်တွေ ဖြတ်သန်း အလာကို စောင့်ရင်း မိုင်းတွေကြိုထောင်ထားလိုက်တယ် ၊

နာရီပိုင်းအတွင်း သူမှန်းထားတဲ့အတိုင်းပဲ ရန်သူ့စစ်တပ်က အလုံးအရင်းနဲ့ ပြေးဝင်လာကြတာကို မြင်လိုက်ရတယ် ၊ သူထောင်ထားတဲ့မိုင်တွေကြောင့် လူတစ်ချို့ကတော့ ကြွေလွင့်သွားကြပြီ…အခု သူ့ဘဝရဲ့အချိန်မှာ ဂျပန်ပြည်ကြီးမှာရှိတဲ့ သူ့အမေနဲ့ မွေးရပ်မြေက မိသားစုတွေကို တစ်ချက်သတိရသွားမိတယ် … ၊ တစ်ဖက်မှာလည်း ဂျပန်နိုင်ငံတော်အတွက် ဂုဏ်ယူစွာ အသက်ပေး ရတော့မှာမို့ ဝမ်းနည်းဝမ်းသာမျက်ရည်ကျလိုက်မိရင်း စက်သေနတ်ကို တင်းတင်းဆုပ်ကိုင်ထားရင်း အသံအကျယ်ကြီးနဲ့မာန်တင်းအော်လိုက်ရင်း သေနတ်ကိုကျည်ကုန်တဲ့အထိ ဆွဲရမ်းပစ်လိုက်တယ်…. ၊ “ ဂျပန်အင်ပါယာကြီး အဓွန့်ရှည်ပါစေ … ” “ ဒတ်…ဒတ်…ဒတ်…ဒတ်…ဒတ်…ဒတ် ” “ ဖောင်းဖောင်းဖောင်း ဒိုင်း ” မကြာခင်မှာပဲ တစ်ဖက်က လာတဲ့ ကျည်ဆံမိုးတွေက အိုယားစံရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖောက်ဝင်လျှိုထွက်သွားတော့တယ် ၊ အိုယားစံတစ်ယောက် မျက်လုံးအပြူးသားနဲ့ သူ့တာဝန်ကိုကျေပွန်အောင် မထမ်းဆောင်နိုင်တော့ဘူး ၊ ဒီနေရာကို မကာကွယ်နိုင်တော့ဘူးဆိုတဲ့ အသိတွေနဲ့ မျက်လုံးမမှိတ်နိုင် စိတ်မချနိုင်စွာနဲ့ မြေပြင်ပေါ် ပတ်လက်လန်လဲကျသွားတော့တယ် ၊ စစ်ယူနီဖောင်းတစ်ခုလုံးကတော့ ရဲရဲနီလို့…… ။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ၊ ရွာငယ်လေးရှိတဲ့နယ်မြေအပိုင်းတွေမှာ အေးချမ်းနေပြီး ၊ တိုင်းသူပြည်သားတွေ စစ်ပွဲရဲကအပျက်အစီးတွေကြားထဲကနေ ပြန် ကုန်းထဖို့ ကြိုးစားနေကြတဲ့အချိန်လေး…. ၊ တစ်ချိန်က အိုယားစံတို့ ဂျပန်စစ်တပ်တွေ စခန်းချခဲ့ကြတဲ့နေရာလေးမှာတောင် ရွာငယ်လေးတစ်ခု ဖြစ်နေခဲ့ပြီ… ၊ အဲ့ဒီ့ရွာလေးမှာနေကြတဲ့သူ တွေက အခြားအခြားသော နေရာတွေကနေ ရေခံမြေခံကောင်းမွန်တဲ့နေရာတစ်ခုကိုရှာဖွေရွှေ့ပြောင်းလာကြတဲ့သူတွေမို့ ဒီနယ်ရဲ့ ငယ်မွေးခြံပေါက်တွေ မဟုတ်ကြဘူး… ၊ ဒီမြေသမိုင်းကြောင်းကို မသိကြသလို … ၊ ဒီမြေပြင်မှာဖြစ်ပျက်ခဲ့သမျှ သမိုင်းပုံရိပ်တွေကိုလည်း မသိနိုင်ကြဘူး…. ၊ ရွာကလေး အိမ်ခြေ ဆယ်ဂဏန်းလောက်နဲ့ အစပြုထားတာမို့ လူအရမ်းနည်းပြီး တောထဲတောင်ထဲမှာည်းဖြစ်နေတာကြောင့် အပြင်လောက ပတ်ဝန်းကျင်နဲ့ အသွားအလာ အဆက်အသွယ် ပြတ်တောက်နေသလိုဖြစ်နေပြန်တယ် လိုအပ်တာမှန်သမျှကိုလည်း ရွာထဲတင် အပြန်အလှန် ကူညီကြရင်းပြည့်စုံနေပြီးသားမို့ အပြင်ထွက်ပြီး တစ်ခြားရွာတွေဆီအဆက်အသွယ်နည်းပါးတာလည်းပါတယ် ၊

ရွာထဲမှာ ရွာပြင်ဘက်ကတစ်ခြားရွာတွေနဲ့မြို့တွေဆီကို အမြဲလိုလို မဖြစ်မနေ အဆက်အသွယ်လုပ်နေရတဲ့ အိမ်တစ်အိမ်တော့ ရှိနေသေးတယ် ၊ အဲ့ဒီ့အိမ်က ကိုဘကျော် နဲ့ မကြင်မြိုင် တို့ အိမ်ပဲ ၊ ကိုဘကျော်တို့ လင်မယားက သားသမီးမထွန်းကားကြဘူး ၊ လင်မယားနှစ်ယောက် တောင်ယာအလုပ်အကိုင်ကိုလည်း ဝါသနာမပါကြတာမို့ အနီးဆုံးမှာရှိတဲ့ မြို့တွေ ၊ နယ်တွေ အထိ တက်ပြီး လိုအပ်တဲ့ ကုန်ခြောက်လေးတွေကို ဝယ်ပြီး ရွာထဲမှာ ကုန်ခြောက်ဆိုင်အသေးလေးဖွင့်ရင်း စီးပွားရှာဖြစ်တယ် ၊ သူတို့အလုပ်အကိုင်လေးက အလုပ်ဖြစ်တယ်လို့ဆိုရမယ် ၊ တစ်ရွာလုံးပြေးကြည့်မှ ဒီတစ်ဆိုင်တည်း ရှိတာမို့ စီးပွားရေးက အဆင်ပြေတယ်လေ ၊ ကိုဘကျော် တစ်ခါတစ်ခါ မြို့ဘက်ကို ခရီးသွားရင် သုံးလေးရက်လောက်အထိကြာတတ်တယ် ၊ တစ်နေ့ ထုံးစံအတိုင်း ကိုဘကျော်တို့ ဆိုင်ငယ်လေးအတွက် ကုန်ခြောက်ပစ္စည်းလေးတွေလိုအပ်လာတော့ မြို့ဘက်ဆီကို သွားဖို့အကြောင်းဖန်လာပြန်တယ် ၊ ထုံးစံအတိုင်း သူ့ရဲ့ မယားချောလေး မကြင်မြိုင်ကို နှုတ်ဆက်ပြီး မြို့ကိုတစ်ယောက်တည်း ထွက်သွားလိုက်တယ် ၊ သူ့ကျောမှာပိုးထားတဲ့ ဘေးလွယ်အိတ်ထဲမှာတော့ သူအမြဲဆောင်တတ်တဲ့ ဆောင်ဓါး ဓါးမြှောင်လေးတစ်ချောင်းနဲ့ ရိက္ခာခြောက်တွေ ပါလေ့ရှိတယ် ၊ ဒီလိုနဲ့ ကိုဘကျော်တစ်ယောက် မြို့တက်သွားပြီး လိုအပ်တဲ့ အသား ငါး အခြောက်အခြမ်းတွေ ကုန်ခြောက်တွေကို သယ်လာပြီး တစ်ယောက်တည်း ရွာဆီပြန်လာဖြစ်တယ် …. ၊

ခါတိုင်းသူပြန်လာနေကျက မနက်ပိုင်း… ၊ ဒီတစ်ကြိမ်လမ်းမှာစီးလာတဲ့ ကားကြီးက ပျက်နေတာနဲ့မို့ ညအချိန်မတော်ကြီးမှ ရွာထဲကို ဝင်လာဖြစ်တယ်… ၊ ရွာကလည်း လမ်းမကြီးကနေ ရွာအထဲကိုရောက်ဖို့ တော်တော်လေးကို ခြေလျင် လျှောက်ရတာမို့ ပါလာတဲ့ ကုန်ပစ္စည်းတွေ မနိုင်တနိုင်နဲ့ နားလိုက် ဆက်လျှောက်လိုက်နဲ့ တစ်ယောက်တည်း လှမ်းလာခဲ့တယ် ၊ အစကတည်းက အကြောက်အလန့်မရှိတဲ့သူမို့ ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်နေ တတ်ဘူး… ၊ ဒါပေမယ့် ရွာအဝင်အဝနေရာနားအရောက် ရွာအဝင်မှာရှိတဲ့ ညောင်ပင်ကြီးတစ်ပင်နားရောက်တော့ ညောင်ပင်ကြီးက လေမတိုက်ပဲ ယိမ်းယိုင်နေတာကို ထူးထူးဆန်းဆန်းတွေ့လိုက်ရတယ် ၊ ရုတ်တရက်မို့ စိတ်ထဲ ထူးဆန်း နေ တာရယ် တစ်ခါမှ ဒီလိုမကြုံဖူးတာရယ်ကြောင့် ကိုဘကျော် စိတ်ထဲ နည်းနည်းတော့ ကြောက်မိသလို ဖြစ်သွားမိတယ် ၊ ဒါပေမယ့် ကိုဘကျော် အပင်ကြီးကိုမကြည့်ပဲ အောက်ကိုငုံ့ထားရင်း လမ်းဆက်လျောက်လိုက်တယ် ၊ အပင်ကြီးနားရောက်လေလေ ကျောထဲမှာ စိမ့်တက်လာလေလေဖြစ်နေပြန်တယ် ၊ လမ်းတစ်လျောက်ကြည့်ပြန် တော့ လည်း ညမှောင်မှောင်ကြီးမှာ သက်ရှိဆိုလို့ ကိုယ်တစ်ယောက်တည်းဖြစ်နေတာမို့ နည်းနည်းလေးတော့ အားငယ်မိသွားသလိုခံစားမိလိုက်ရတယ် ၊

မကြာခင်မှာပဲ နားထဲမှာ စကားသံတွေဆက်တိုက်ကြားနေရတယ် ၊ သူကြားနေရတဲ့ အသံတွေက ပီပီသသပါပဲ ဒါပေမယ့် မြန်မာစကားမဟုတ်တဲ့အတွက် ဘာတွေပြောနေမှန်း သူနားမလည်ဘူးဖြစ်နေတယ် ၊ နောက်တော့အမှတ်မထင် အရဲစွန့်ပြီး ညောင်ပင်ကြီးဆီကို လှမ်းကြည့်လိုက်မိတော့ ညောင်ပင်ကြီးပေါ်မှာ မျက်လုံးနီရဲရဲကြီး တွေနဲ့ ခန္ဓာကိုယ် တစ်ခုလုံး မဲမှောင်နေတဲ့ လူတစ်ယောက်က ဂျပန်စစ်သား စစ်ဝတ်စုံအပြည့်ဝတ်ထားရင်း အပင်ခွကြားမှာ ဆောင့်ဆောင့် ထိုင်နေတာကိုလှမ်းမြင်လိုက်ရတယ် ၊ မကြုံစဖူးမို့ ရင်ထဲ ထိတ်ခနဲဖြစ်သွားရင် မျက်ဝန်းသူငယ် အိမ်တောင်ပြူးသွားမိတယ် ၊ ဒါပေမယ့် ကိုယ့်စိတ်ကို ကိုယ်ပြန်ထိန်းထားလိုက်တယ် ၊ အပင်ပေါ်က မဲမဲသတ္တဝါကြီးက ကိုဘကျော် ဒီလမ်းကို ဖြတ်မှာကို မကြိုက်သလိုနဲ့ ရန်လိုတော့မလို လုပ်ပြနေတယ် ၊ လူတစ်ယောက်ထက်စာရင် ၊ သတ္တဝါကြီးတစ်ကောင်နဲ့ ပိုတူနေသေးတယ် ၊ မှောင်မဲနေတဲ့ညဆိုပေမယ့် လရောင်အားကိုးနဲ့ မသဲမကွဲလေး မြင်နေရတယ် ၊ လူ့ရဲ့အသိစိတ်ကလည်း လှုံ့ဆော်ပေးတတ်တာမို့ တစ်ဖက်ကတစ်စုံတစ်ရာရဲ့ ခံစားချက်ကိုကြိုသိနေသလိုပဲ ၊ ကိုဘကျော်လည်း သူ သရဲခြောက်ခံနေရပြီဆိုတာကို သိလိုက်ပြီးပြေးရင်လည်း လွတ်မယ်မထင် ၊ ကျောပေါ်မှာလည်း အထုတ်အပိုးတွေနဲ့မို့ မရဲတရဲ အားတင်းထားပြီး လှမ်းအော်လိုက်တယ် “ ငါ ဒီရွာသား…ငါ့ရွာငါပြန်လာတယ်ကွာ…. မင်းကဘာဖြစ်ချင်တာလဲ မင်းက ဘာကောင်လဲကွ ”

ကိုဘကျော် စကားသံတွေက တုန်ယင်နေတာကိုကြည့်ပြီး ကြောက်စိတ်ကို ထိန်းထားနေရတယ်ဆိုတာကို ခန့်မှန်းနိုင် တယ် ၊ တစ်ဖက်က လည်း ကိုဘကျော်ကို ဘာမှပြန်မတုန့်ပြန်ပဲ အူထဲအသဲထဲအထိ ကြောက်စရာကောင်း လောက်တဲ့ မျက်လုံးနီရဲကြီးတွေနဲ့ စိုက်ကြည့်နေပြန်တယ် ၊ ကိုဘကျော်လည်း မထူးပါဘူးဆိုပြီး ဖနောင့်နဲ့တင်ပါး တသားတည်းကျ အောင် ထွက်ပြေးပါလေရော ၊ အဲ့ကျမှ အပင်ပေါ်က အကောင်ကြီးက အပင်ပေါ်ကနေ မျောက်တစ်ကောင်လို ဇောက်ထိုးကြီး ကုပ်တွယ်ဆင်းလာပြီး ကိုဘကျော်နောက်ကို ပြေးလိုက်လာတော့တယ် ၊ ကိုဘကျော်လည်း အသက်ဘေးမို့ ကျောပေါ်က ကုန်ခြောက်တွေရော ပါလာသမျှပစ္စည်းတွေပါ အကုန်ထားခဲ့ပြီး လူပဲ အလွတ်ပြေးထွက်ခဲ့လိုက်တယ် ၊

မိုးစင်စင်လင်းလာတော့ ကိုဘကျော်ကို ရွာလယ်ခေါင်နေရာမှာ သတိလစ်နေတဲ့အနေအထားနဲ့ တွေ့လိုက်ကြရတယ် ၊ အဲ့ဒါ နဲ့ ရွာက ဘုန်းတော်ဆီခေါ်သွား ပရိတ်ရည်တွေတိုက် ၊ မြန်မာတိုင်းရင်းဆေးတွေနဲ့ ကုသလိုက်တော့ ခဏချင်း ကိုဘကျော်သတိရလာတယ် ပြီးတော့ ကရောင်ချောက်ချားတွေ ထအော်သေးတယ် … “ မလာနဲ့ မလာနဲ့ ဂျပန်သရဲကြီး ဂျပန်သရဲ မဲမဲကြီး ဂျပန်စစ်သားကြီး မလာနဲ့ ငါ့ဆီမလာနဲ့ ” အကြိမ်ကြိမ် အဲ့လို အော်နေရာက ဘုန်းတော်ကြီးက ဘုရားစာတွေရွတ်ဖတ်ပေးလိုက်ရာက တော်တော်လေးကြာတော့မှ လူကောင်းပကတိပြန်ဖြစ်သွာ းတယ် … ၊ အဲ့ကျမှ သူကြုံခဲ့လာတာတွေကို သေချာပြန်ပြောပြပါလေရော ၊ ကိုဘကျော်ပြောတဲ့စကားတွေကို လူနည်းစုက လက်ခံပေမယ့် မယုံတဲ့သူက ပိုများကြတယ် ၊

ကိုဘကျော်က အရက်မသောက်တတ်လို့ အရက်မူးပြီးပြောတာ မဟုတ်ဘူးဆိုပေမယ့် ညဘက်မို့ တစ်ယောက်တည်း မြင်ချင်ရာမြင် သွေးလေချောက်ချားပြီး အထင်မှားတာလို့ပဲ ကောက်ချက်ချလိုက်ကြတယ် ။ ပိုပြီးထူးခြားဖြစ်လာတာက ကိုဘကျော်ဒီလိုကြုံပြီးနောက်ပိုင်း ရွာထဲက အဲ့နေရာမှာ ညဘက် သွားစမ်းကြတဲ့လူငယ်တွေ ကာလသားတွေ ရှိလာတယ် ၊ တစ်ချို့ ကာလသားတွေဆု အိမ်ကနေ အမဲသားအစမ်းတွေကိုပါသယ်သွားပြီး အဲ့အပင်အောက်မှာ ချထားရင်း သွားစမ်းကြသေးတယ် ၊ စမ်းကြတဲ့သူတိုင်းလည်း ကိုဘကျော်ပြောသလို ပုံစံနဲ့ အတိအကျတူတဲ့ ဂျပန်စစ်သားသရဲကြီး အနောက်က လိုက်တာကို ခံကြရတယ် ၊ ထူးခြားချက်က ညဘက်မှ အဲ့ဒီ့ သရဲကြီးက ခြောက်လန့်တတ်တာပဲ… ၊ ဒီလိုသတင်းတွေကြောင့် ရွာထဲကလူတွေ ရွာပြင်ကို မသွားရဲကြတော့ဘူး ၊ အရေးအကြောင်းရှိလို့သွားရင်လည်း မနက်ပိုင်း မိုးစင်စင်လင်းနေမှ သွားတတ်ကြတယ် ၊ အပြန်နောက်ကျတဲ့အခါမှာလည်း ရွာထဲပြန်မဝင်တော့ဘဲ ခရီးလမ်းမှာပဲ ဖြစ်သလို အိပ်ဖြစ်လိုက်ကြတယ် ၊ နောက်နေ့မိုးလင်းပြီးအလင်းရောင်သေချာရမှ ရွာကိုပြန်ရဲကြတော့တယ် ။

ဒီလိုနဲ့ နှစ်တွေအလှလှကြာလာတဲ့အခါ…… ရွာငယ်လေးမှာရှိတဲ့ ကိုဘကျော်နဲ့မကြင်မြိုင်တို့လင်မယားမှာ သားဦးလေးတစ်ယောက် မွေးဖွားလာခဲ့ကြတယ် ၊ တစ်ရွာလုံးက ဒီတစ်သက် ကလေးမရနိုင်တော့ဘူးလို့ ထင်ထားတဲ့ လင်မယားက ကလေးလေးရသွားကြတော့ တစ်ရွာလုံးအံသြနေကြရတယ် ၊ တစ်ရွာလုံးတင်မကဘူး ကိုဘကျော်တို့လင်မယားကိုယ်တိုင်လည်း အံ့သြနေမိကြတယ် ၊ သူတို့ကလေးလေးကလည်း မွေးလာကတည်းက အဖေနဲ့ရော အမေနဲ့ပါ ရုပ်မတူဘူး ၊ အသားအရည်ကလည်း ဖြူဖွေးဥနေပြီး အနီရောင်ဘက်ပါသမ်းနေပါရော့ ၊ ကလေးလေးစကားပြောတတ်တဲ့အရွယ်ရောက်ကတည်းက ဘယ်သူမှ ဘာမှ မသင်ပေးပါဘဲ မြန်မာစကားမဟုတ်တဲ့စကားတွေကိုပြောပြောနေတတ်တယ် ၊ “ နိဟွန်းဂျင်းနို့ ” ဆိုတဲ့ စကားကို ပိုပြောနေတတ်တယ် ၊ သူဘာကိုဆိုလိုချင်တယ်ဆိုတာတစ်ယောက်မှ နားမလည်ကျဘူး ၊ ကလေးလေး အရွယ်ရောက်လို့ လမ်းလျှောက်တတ် လာခါစမှာ အမေနဲ့အဖေအလုပ်ရှုပ်နေတုန်း တစ်ယောက်တည်း အိမ်ကနေ ထွက်သွားပြီး ရွာအဝင်အဝနားက ညောင်ပင်ကြီးအောက်နားက မြေကြီးတွေကို လက်နဲ့ ယက်နေတတ်တာကို ရွာသားတစ်ချို့ကမြင်ပြီး ကလေးကို အိမ်ကို ပြန်ခေါ်သွားပေးရတာ အကြိမ်ကြိမ်ပဲ အဲ့လို ပြန်ခေါ်သွားတိုင်းလည်း ကလေးက ငယ်သံပါအောင်ကို အော်ငိုနေတတ်တယ် ၊ နောက်တော့ ကလေးငယ်လေး တစ်ခုခုထူးဆန်းနေတာကို သတိထားမိလာကြပြီး လူကြီးတွေက ကလေးကို ချော့မေးကြတယ် ၊ “ သားသား ဒီညောင်ပင်ကြီးအောက်မှာ ဘာသွားလုပ်တာလဲ ” “ သားပစ္စည်းတွေရှိလို့သွားတူးတာ ” တဲ့…ကလေးအဖြေကို မယုံရဲ ယုံရဲနဲ့ ရွာက လူကြီးတွေ စုပြီး ကလေးကို ညောင်ပင်ဆီကိုခေါ်လာခဲ့ကြတယ် ၊ ညောင်ပင်ဆီ ရောက်တော့ ကလေးက အရင်ပြေးပြီး မြေကြီးတွေကို ဖယ်နေတာကိုမြင်လိုက်တယ်… ၊ ကလေးမြေကြီးတွေကို ဖယ်နေတဲ့ယက်နေတဲ့နေရာနားကိုဦးတည်ပြီး ရွာထဲကလူတွေ ဝိုင်းတူးကြ ပါလေရော ၊ တူးရင်းတူးရင်းက သုံးပေနီးနီး လောက်တူးပြီးတဲ့အခါ ညောင်မြစ်တွေပွေရှုပ်နေတဲ့ကြားက တူးနေတဲ့ ပေါက်တူးတစ်ချောင်း မြေအောက်က ခပ်မာမာ ရှိတာတစ်ခုနဲ့ ထိမိတဲ့ အသံကို ကြားလိုက်ရတယ် တစ်နေကုန်တူးနေရာက အသံတစ်သံကြားရတော့ တစ်ရွာလုံး အံ့သြတကြီးစိတ်ဝင်စားသွားကြပြီး အဲ့ဒီနေရာကိုဦးစားပေး သတိထားပြီး တူးယူကြတယ် တော်တော်လေးတူးပြီးတော့မှ သံချေးတွေတက်နေတဲ့ စစ်လက်နက်တွေ ၊ ဂျပန်စစ်သားအသုံးအဆောင်ပစ္စည်းတွေ ၊ ဂျပန်ဓါး ၊ တွေကို ဝတ်ဆင် ထားတဲ့ အရိုးစုတစ်ခုကို တွေ့လိုက်ကြတယ် ၊ သူ့ခေါင်းရင်းမှာ သံသေတ္တာတစ်လုံး… ၊

သံသေတ္တာလေးကိုဖွင့်လိုက်တော့ ဟောင်းနွယ်းစုတ်ပျက်နေတဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ ၊ စစ်သုံးမှန်ပြောင်း ၊ ကျည်ဆံတွေ ၊ စစ်လက်နက်အသေးစားလေးတွေနဲ့ ဒင်္ဂါးပြားတွေ ၊ သံသေတ္တာအသေးစားထူထူလေး တစ်ခုကိုလည်း တွေ့လိုက်ရတယ် ၊ သံသေတ္တာအသေးလေးက နှစ်ချို့နေတော့ ဖွင့်ရခတ်ခဲနေတဲ့အထိ သံချေးတွေ တွယ်ညိ နေတယ် အဲ့ဒီ့ လက်တစ်ဝါးစာ သံသေတ္တာဘူး အသေးလေးကို ဖွင့်လိုက်တဲ့အခါ သေတ္တာထဲက ဂျပန်ဝတ်စုံနဲ့ ရှေ့ဆုံးက ထိုင်နေတဲ့မိန်းမကြီးတစ်ယောက် ၊ သူ့နောက်က ဂျပန်စစ်သားတစ်ယောက်နဲ့ ဂျပန်စစ်သားဘေးမှာ သူ့မိန်းမ နဲ့ သားလေးကိုကပ်လျက် မြင်ရတဲ့ အဖြူအမဲဓါတ်ပုံလေးက ထင်ရှားနေတာကိုအံ့သြတကြီးမြင်လိုက်ရတယ်… ၊ ဓါတ်ပုံအောက်မှာ ဟောင်းနွမ်းစုတ်ပျက်နေတဲ့ စာရွက်လေးတွေနဲ့ ဂျပန်ရှေးခေတ်ငွေစက္ကူတွေကို မြင်တွေ့ကြရတယ် ၊ ကလေးငယ်လေးက အဲ့ဒီပစ္စည်းတွေကိုကြည့်ပြီး ရှိုက်ကြီးတငင်ငိုယိုလို့ ……. ။

အိမ်ရှင် အဘက စားပြောနေရင်းက မောလွန်းလို့ ရေနွေးလေး ငှဲ့သောက်နေတုန်း သတိုးကဇာတ်လမ်းတစ်ခုလုံးမှာ မြောပါသွားရာက သိချင်စိတ်ကို ဟန်မဆောင်နိုင်တော့ဘဲ “ အခု အဘပြောနေတဲ့ ဇာတ်လမ်းက ဖြစ်ရပ်မှန် သေချာပါတယ် နော် အဘ ” “ အေးလေ ကျုပ်ကလူလေးကိုလိမ်ရမှာလား ” “ ဒါဆို ရွာအဝင်အဝက ညောင်ပင်ကြီးမှာ ခြောက်နေတဲ့ ဂျပန်စစ်သား သရဲကြီးက သူ့တာဝန်နဲ့ အမိန့်ကို နာခံပြီး အစွဲအလမ်းနဲ့ မကျွတ်ဘဲဖြစ်နေတာကနေ ကျွတ်ချိန်တန်ပြီး လူဝင်စားပြန်ဖြစ်တာပေါ့နော်…. ၊ ရွာအဝင်အဝက ဂျပန်လိုရေးထားတဲ့ ဂျပန်စစ်သား စောင့်နေသည် ဆိုတဲ့စာကလည်း ဒီလူဝင်စားရေးထားတာပေါ့နော် ” “ ဟုတ်တာပေါ့ လူလေးရ… ” “ ဘာရည်ရွယ်ချက်နဲ့ရေးထား တာလဲ သိလား အဘ ” “ သိပ်သိတာပေါ့….ဟိုးအရင်ကဆို တိုက်ပွဲကြောင့် သေကြေသွားကြတဲ့လူတွေထဲက မကျွတ်မလွတ်ကြသေးတဲ့ အခြားလူမျိုးခြားစစ်သား တစ္ဆေတွေက ကျတ်ကုန်းလို ညဘက်တွေဆို ဒီအနီးအနာမှာ စစ်တပ်လိုက်ကို မြင်မြင်ရတတ်တယ်ကွ… ဒါကြောင့် ဂျပန်စစ်သား စောင့်နေသည် ဆိုတဲ့စာလေးကို ရွာအဝင်မှာ အသိပေးတဲ့အနေနဲ့ ရေးထားတာ ဆိုလိုချင်တာက တစ်ခြား နာနာဘာဝလောကက မကျွတ်သေးတဲ့ စစ်သားတစ္ဆေတွေ ရွာထဲဝင်ပြီး မနှောက်ယှက်ရဲတော့အောင်ပေါ့ကွာ ”“ အဘပြောတာကြီးက နည်းနည်း ပုံပြင်ဆန်နေသလားလို့ ” သတိုးရဲ့ စကားကြောင့် အိမ်ရှင်အဘက သူ့အိပ်ခန်းထဲကို ခဏ ဝင်သွားပြီး သေတ္တာလေးတစ်ခုကို ယူလာခဲ့တဲ့ ၊ သေတ္တာလေးကိုင်ထားတဲ့အဘကို စိတ်ဝင်တစား ကြည့်နေတဲ့ သတိုးကို အိမ်ရှင်အဘက သေတ္တာလေးထိုးပေးလိုက်တယ် သတိုးက အဘပေးတဲ့ သေတ္တာလေးကို မချင့်မရဲ ဖွင့်ကြည့် လိုက်တဲ့အခါ သေတ္တာထဲမှာ ဟောင်းနွမ်းပျက်ဆီးနေတဲ့ ဂျပန်စစ်သားအသုံးအဆောင်ပစ္စည်းတွေအပြည် ၊ ဂျပန်ဓါးတေ ွအပြင် သေတ္တာရဲ့ အတွင်းအဖုံးနေရာမှာတော့ ဟောင်းနွမ်းစုတ်ပျက်နေတဲ့ အဖြူအမဲ ဓါတ်ပုံလေးတစ်ခု…. ဓါတ်ပုံထဲမှာ လူလေးယောက် ၊ အဲ့ထဲက ဂျပန်စစ်သားဝတ်စုံအပြည့်နဲ့လူရဲ့ မျက်နာကို သတိုး သေချာကြည့်နေမိရင်း ကြက်သီးတွေ ထ လာမိပြီး ရုတ်တရက် အိမ်ရှင်အဘမျက်နာကို လှမ်းကြည့်မိလိုက်ရင်း သတိုးမျက်လုံးပြုးသွားမိတော့တယ် … “ ဒါ…ဒါ…ဒါ………….ဇာတ်လမ်းထဲ က ဂျပန်စစ်သား လူဝင်စားဆိုတာ ” ဓါတ်ပုံကိုကြည့်လိုက် အိမ်ရှင်အဘကိုကြည့်လိုက် အိမ်ရှင်အဘရဲ့နာမည်ကိုပြန်သတိရသွားလိုက်နဲ့ ညောင်ပင်က ဂျပန်စစ်သားသရဲကြီးက…၊ လူဝင်စားကြီးက … ၊ အဘက ……. ၊ စကားတွေထစ်ငေါ့နေရင်း သတိုး အံ့သြကြီးနေမိတော့တယ်…….. ။

ကြိုးစားပါဦးမည် … မိုးစွေ

 

Be the first to comment

Leave a Reply

Your email address will not be published.


*