ကိုဗစ်ကို ရင်ဆိုင်ခြင်း (ဆရာအော်ပီကျယ် ပြောတဲ့ ကိုဗစ် အတွေ့အကြုံ)

ကိုဗစ်ကို ရင်ဆိုင်ခြင်း

ဘာကြောင့် မပြောကြသလဲ – မိတ်ဆွေတွေ ကိုဗစ်ထိတော့ အဆက်အသွယ်တွေဖြတ်ပြီး၊ ရင်ဆိုင်ကြတယ်။ ကြိတ်ကုတာ မဟုတ်ဘူး။ ကိုဗစ်ကို အခြားသူ ကူလို့ သိပ်မရဘူး။ မိသားစုချင်းပဲ ကူလို့ရတယ်။ အခြားသူကို ကူးမှာလည်း စိုးတယ်။ အောင်မြင်စွာ ကျော်ဖြတ်ပြီးခါမှ သိကြရတယ်။ ရောဂါကုနေစဉ်ကာလမှာ သက်ဆိုင်ရာဆရာဝန်၊ အုပ်ချုပ်ရေးအဖွဲ့အစည်း၊ ကူညီရေးအဖွဲ့တွေနဲ့ အချိန်နဲ့အမျှ ဖုန်းနဲ့ဆက်သွယ်နေရတယ်။ သူတို့ လှမ်း‌ခေါ်ချိန်မှာ ကိုယ့်ဖုန်းမအားဘူး ဖြစ်နေမှာစိုးလို့ လှမ်းသတင်းမေး အားပေးတဲ့သူတွေရဲ့ဖုန်းတွေကို မကိုင်ဘဲ ထားရတာတွေရှိတယ်။ မိတ်‌ဆွေတွေကလည်း နားလည်မှုရှိစွာ အကြာကြီးမခေါ်ဘဲ ဖုန်းချသွားတယ်။ ကျေးဇူးတင်ပါတယ် မိတ်ဆွေများ။

အမေ – ကျေးဇူးရှင်အမေက ညီလေးမိသားစုနဲ့ နေတယ်။ ကိုဗစ်ကာလမှာ အိမ်ထဲမှာနေပေမယ့် အသက်(၉၇)နှစ်ရှိတဲ့ အားအနည်းဆုံးအ‌မေ့ကို ကိုဗစ်ဝင်တယ်။ အသက်ရှူကျပ်လာတော့ အိမ်ချင်းနီးတဲ့အမေ့ဆီ သွားတယ်။ ညီလေးဇနီးနဲ့ အိမ်အကူကလေးမလေးက ဖျားနေတယ်။ ညီလေးရဲ့သားသမီးနှစ်ယောက်က ငယ်သေးတယ်။ ဒါ့ကြောင့် အရေးပေါ်ကို ကိုယ်ပဲလိုက်ပို့မယ် ဆုံးဖြတ်တယ်။

အရေးပေါ် – အရေးပေါ်ရောက်တာနဲ့ အခန်းတစ်ခုထဲကို အမေ့ကို ခေါ်သွင်းသွားတယ်။ အပြင်မှာ ထိုင်စောင့်၊ သူတို့မေးတာတွေ ဖြေ၊ ဆေးစာအုပ်လုပ်။ ဘာမှ မပါလို့ အရေးပေါ်ခန်းက ခြုံစောင်တောင်းတော့ ဆေးရုံရှေ့ ပြေးဝယ်ရတယ်။ ဒါနဲ့ အမေ့အတွက် လိုမယ်ထင်တာလေးတွေ အိမ်လှမ်းမှာတယ်။ အများကြီးလည်း မမှာရဲဘူး။ အထုပ်သုံးလေးထုပ်ကိုပိုက်ပြီး ဟိုဒီပြေးနေရတာ။ ညနေမိုးချုပ်ခါနီး အမေ့ကို တွန်းလှည်းနဲ့ခေါ်ထုတ်လာတယ်။ အမေလှည်းဘေးကနေ အထုပ်တွေပိုက်ပြီး လိုက်သွားတယ်။ နောက်မှ ပိုးရှိမရှိ အဖြေစောင့်တဲ့အခန်း၊ စောင့်သူလည်း ပြန်ထွက်လို့ မရဘူးလို့ သိရတယ်။ အဲဒီအခန်းထဲမှာ အောက်ဆီဂျင်ပေးထားပြီး၊ လိုအပ်တဲ့စောင့်ရှောက်မှု အပြည့်အဝပေးတယ်။ အမေ့အတွက် ခြုံစောင်လေးတွေနဲ့ ထမီအပို၂ထည်၊ ဆီးအိုးလေးပါလာလို့ အဆင်ပြေတယ်။ အရေးကြီးတဲ့အခန်းမို့ အဲယားကွန်းက ၁၆ဒီဂရီစင်တီဂရိတ်ဆိုတော့ တီရှပ်လေးနဲ့အော်ပီကျယ် ခိုက်ခိုက်တုန်ပေါ့။ အမေ့ဝေစုထဲက စောင်ပါးလေးတစ်ထည်ယူပြီး ခြုံထားရတယ်။ အမေ့ရလာဒ်က ကိုဗစ်တဲ့။ တစ်ည ဖြစ်သလိုဖြတ်သန်းရင်း နောက်နေ့ ကိုဗစ်အမျိုးသမီးလူနာဆောင်ကို ပြောင်းရတယ်။

လူနာဆောင် ၇/၈ – အိမ်ကထပ်ပို့ပေးတာလေးနဲ့ အမေ့ကို သေချာခင်းကျင်းပေး၊ အခန်းရဲ့သဘာဝကို လေ့လာ၊ လူနာစောင့်အချင်းချင်း မိတ်ဆွေဖွဲ့။ လူနာထဲမှာ အမေက အသက်အကြီးဆုံး၊ လူနာစောင့်ထဲမှာ ကိုယ်က အသက်အကြီးဆုံး။ (လူနာစောင့်အချင်းချင်း အဘလို့ အခေါ်ခံရတာတော့ ဆိုးတယ်)

သင်ယူခြင်း – တာဝန်ကျ ကျန်းမာရေးဝန်ထမ်းတွေက ကာကွယ်ဝတ်စုံပြည့်နဲ့ အချိန်ပိုင်းဝင်ဆောင်ရွက်ပေးပြီး၊ ကျန်တဲ့အချိန်တွေမှာ ကိုယ့်လူနာကိုယ် သွေးတိုင်း၊ ဆီးချိုတိုင်း၊ အောက်ဆီဂျင်တိုင်းဖို့ လူနာစောင့်တွေကို သင်ပေးထားတယ်။ တိုင်းပြီးရင် လူနာတစ်ဦးချင်းဆီအတွက် တပ်ပေးထားတဲ့ဖုန်းနဲ့ သတင်းပို့ပေးရတယ်။ ပုံမှန်ပိုက်လိုင်းနဲ့ပေးတဲ့ အောက်ဆီဂျင်က လူနာအတွက် မလုံလောက်ရင် အိုးနဲ့အပိုတစ်လိုင်း ထပ်ပေးရတယ်။ ညသန်းခေါင်ကျော်မှာ အမေက ‌အောက်ဆီဂျင် ၉၀အောက်ကျသွားတော့ အပြင်ကအောက်ဆီဂျင်အိုးကြီးကို သွားသယ်ပြီး အပိုတစ်လိုင်း ထပ်သွင်းပါလို့ မှန်ခန်းထဲက အကြံပြုလို့၊ အနီးကုတင်က လူငယ်လေးကို မနည်းနှိုးပြီး အကူအညီတောင်းရတယ်။ အခန်းအပြင်က လူတစ်ရပ်လောက် သံအိုးကြီးကို ခုတင်နားရောက်အောင် မလှိမ့်နိုင်၊ အင်ဂျင်နီယာဖြစ်ခဲ့ပြီး ဘယ်ပိုက်က ဘယ်ခေါင်းကို ဘယ်နားကဘယ်ခွယူပြီး တပ်ရမလဲ မသိသေးတော့၊ အဲဒီလူငယ်ကပဲ အစအဆုံး လုပ်ပေးသွားတယ်။ (အင်း အဘခေါ်ခံရတာတောင် နည်းသေးတယ်)

လူနာစောင့်များ – ကိုဗစ်လူနာကိုတော့ စပယ်ရှယ်သူနာပြု ငှားလို့မရဘူး။ အသက်နဲ့ရင်းရမှာလေ။ လူနာကောင်းသွားတောင် သူက ကျူထပ်ဝင်ရမှာ။ နက်ဂတစ်ပဲဆို တစ်ပတ်၊ ပေါ့စတစ်ဆိုရင် ၁၁ရက် ထင်တယ်။ ဒါ့ကြောင့် လူနာစောင့်တွေဟာ လူနာရဲ့ အရင်းအချာတွေချည်းပဲ။ လင်မယား၊ သားသမီး၊ မြေးတွေပဲ။ လူနာစောင့်တွေက အသက်လုနေတဲ့လူနာကို အရိပ်ကြည့်နေရတော့ မနားရဘူး။ လူနာစောင့်လူငယ်တွေဟာ သိပ်တော်တယ်၊ မရွံမရှာ လုပ်ပေးတယ်။ သွက်လက်တယ်။ အားကောင်းတယ်။ တတ်လွယ်တယ်။ ထက်မြက်တယ်။ မိသားစုမှာ အဲဒီလို လူငယ်တွေပါရင် အားကိုးရတယ်။ လူနာစောင့်လူကြီးတွေကတော့ ဖေးမတယ်။ အားပေးတယ်။ ကူညီတယ်။ ထမင်း၊ နို့၊ စွပ်ပြုတ် ဝေတာကအစ မျှတအောင် ကူညီတယ်။ အပိုအလို ညှိပေးတယ်။

လူနာစောင့် လူမမာ – လူနာစောင့်ဆိုပေမယ့် အချို့က သိပ်မကျန်းမာဘူး။ ရွေးချယ်စရာ မရှိလို့သာ၊ အိမ်သားအတွက် မိဘအတွက် မိမိအသက်အန္တရာယ်ကို ဘေးချိတ်ပြီး လုပ်ကြရတာ။ ကိုဗစ်လူနာနဲ့ ၂၄နာရီလုံး ၁၀ရက်ကျော်ထိတွေ့နေရပြီး၊ မိမိအကာအကွယ်က နှာခေါင်းစည်းနဲ့ လက်ဆေးတာပဲ ရှိတာ။ အိပ်ရေးကပျက်၊ အစားအသောက်မမှန်၊ စိတ်ဖိစီးမှုကလည်း များတော့ ကူးစက်ဖို့ သိပ်လွယ်တယ်။

အဆင်း၊ အတက်၊ ခရီးဆက် – ကိုယ့်ရှေ့တင် ကောင်းသွားလို့ ဆင်းသွားသူတွေ၊ ထပ်ရောက်လာသူတွေကို တွေ့နေရတယ်။ ဒီထဲမှာ နောက်ဘဝကို ခရီးနှင်သွားသူတွေကလည်း တစ်နေ့တစ်ယောက်လောက် မြင်ခဲ့ရတယ်။ လူနာစောင့်ခမျာ အဖော်မပါဘဲ ကျိတ်ငို၊ ထွက်ခွာပြီး ကျူဝင်ရဦးမှာ။

လူစားလဲခြင်း – ကိုဗစ်မှာ အခြားလူနာတွေလို တစ်ယောက်တစ်လှည့် လူစားလဲဖို့ကလည်း မဖြစ်နိုင်ဘူး။ လူနာနဲ့ထိတွေ့ဦးရေ တိုးလာမယ်။ ဒါပေမယ့် လူနာစောင့်ကျွန်တော်ကလည်း အသက် (၆၀)ကျော်၊ ဆီးချိုသက် (၁၉)နှစ်။ ရက်ကြာတာနဲ့အမျှ လူနာဖြစ်ဖို့ အခွင့်အလမ်းများသူ။ သားငယ်ကလည်း အ‌ဖေ့အတွက်၊ သူလူစားဝင်ပါရစေ တောင်းဆိုတာနဲ့ အကြိမ်ကြိမ်စဉ်းစားပြီး သဘောတူလိုက်တယ်။ ကိုဗစ်တာဝန်ယူထားတဲ့ အကြီးဆုံးဆရာဝန်ကြီးကို တိုင်ပင်တော့လည်း လူနာစောင့်လဲသင့်တယ်လို့ ပြောတယ်။ ဒါပေမယ့် တာဝန်ယူလုပ်နေရသူတွေမှာလည်း လက်ရှိလူနာရဲ့အသက်တွေ ကယ်ဖို့အဓိက လုံးပန်းနေရတော့၊ လူနာစောင့် လဲတဲ့လုပ်ငန်းစဉ် မရှိဘူး။ အုပ်ချုပ်ရေးပိုင်းကိုလည်း ဖိစီးမှုမဖြစ်စေချင်၊ တာဝန်ယူနေသူများရဲ့ ဘောင်ကို ကျော်သလို ဖြစ်မှာလည်း စိုးလို့ သတိအတော်ထားရတယ်။ အားလုံးက နားလည်ကူညီပေးလို့ လူစားလဲခွင့်ရတယ်။ ကျွန်တော်လည်း ည၁၁နာရီလောက်မှာ ဟိုတယ်ကျူကို ရောက်တယ်။ ရောဂါခံစားနေရတဲ့ အမေ၊ ကိုယ့်အစား ပင်ပန်းမယ့် သားငယ်ကိုတွေးရင်း စိတ်လျှော့ချပြီး သုံးရက်စာပေါင်း အိပ်လိုက်ရတယ်။

ကျေးဇူးတင်ခြင်း – ကျွန်တော်တို့မိသားစုရဲ့ ကိုဗစ်တိုက်ပွဲက တိုက်တုန်းပါ။ ကျေးဇူးတင်ရမယ့်သူတွေလည်း အများကြီးပါ။ မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများ၊ မိသားစုဝင်များကို ကျေးဇူးအထူးတင်ပါတယ်။ ဒီအရေးမှာ နောက်တန်းခံစစ်မှူးအနေနဲ့ အပင်ပန်းခံဆောင်ရွက်ပေးနေတဲ့ ဇနီးမီမီလွင် (မာမာ)ကိုလည်း အထူးအထူး ကျေးဇူးတင်ပါတယ်။

Apk Cartoonist

Be the first to comment

Leave a Reply

Your email address will not be published.


*