မသန်စွမ်းသူတွေ မဲပေးတာ အပြစ်လား (စာတတန် ပေတတန် ထုတ်တဲ့သူတွေ ရှက်တတ်ပါစေ)

မှတ်မိကြဦးမယ်ထင်ပါတယ်။

ပြည်လမ်း၊ တံတားဖြူမှတ်တိုင်နားမှာ လူကူးခုံးကျော်တံတားတစ်ခုဆောက်တော့ မသန်စွမ်းသူတွေက သူတို့သုံးဖို့အဆင်မပြေလို့ဆိုပြီး လှေကားအတက်အဆင်းထိပ်မှာ ဝှီးချဲတွေတန်းစီရပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ တကယ်တော့ ဝှီးချဲသုံးသူတွေပါသုံးလို့ရဖို့ဆို တဘက်ကိုဓာတ်လှေကားတစ်စင်းစီတပ်ပေးမှအဆင်ပြေပါလိမ့်မယ်။

ကိုယ်တွေရှေ့ကိုတော်တော်လှမ်းလှမ်းရောက်နေတဲ့ နိုင်ငံကြီးတွေမှာတောင်မှ လူကူးခုံးကျော်တံတားတချို့မှာ မသန်စွမ်းသူတွေအတွက် ဓာတ်လှေကားတွေတပ်ထားပေးပေမယ့် ခုံးကျော်တံတားအားလုံး၊ အကုန်လုံးမှာတော့ ဓာတ်လှေကားတွေ အစုံအစေ့တပ်မပေးနိုင်သေးပါဘူး။ ဒါကတချက်ပါ။

ခုနောက်ပိုင်း ရန်ကုန်မှာ လမ်းတွေပြန်ပြင်တယ်။ ပလက်ဖောင်းဒီဇိုင်းတွေပြန်ပြောင်းတဲ့အခါ ဝှီးချဲတွေတက်ရဆင်းရအဆင်ပြေတဲ့ဒီဇိုင်းတွေ ထည့်ပြီးလုပ်ပေးလာတာတွေ့ရပါတယ်။

ပြီးတော့ ခုနောက်ပိုင်းရှော့ပင်းစန်တာကြီးတော်တော်များများရဲ့ဝင်ပေါက်တွေမှာလည်း ဝှီးချဲအတက်အဆင်းလမ်းကြောင်းတွေကို နေရာပေးပြီးတော့လုပ်ထားတာ တွေ့လာရပါတယ်။ တချို့ရှော့ပင်စန်တာကြီးတွေရဲ့ကားပါကင်တွေမှာဆို မသန်စွမ်းသူတွေအတွက် သီးသန့်ကားပါကင်နေရာကို ဝင်ပါက်နဲ့အနီးဆုံးနေရာတွေမှာ ဝှီးချဲလိုဂိုနဲ့သတ်မှတ်ပေးထားပါတယ်။

ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတွေမှာ မသန်စွမ်းသူတွေကို သာမန်လူတွေထက်တဆင့်နှိမ့်ပြီးဆက်ဆံတာမျိုးဆိုရင် Social crime ပါ။ အခန့်မသင့်ရင် ပြစ်ဒဏ်ထိုက်ပါတယ်။ သူတို့ကို လေးလေးစားစားဆက်ဆံရပါတယ်။ သာမန်လူတွေရသင့်တဲ့အခွင့်အရေးတွေအပြင် သူတို့အတွက်သီးသန့်အခွင့်အရေးတွေပါ ထပ်ပေးရပါတယ်။

ထူးထူးခြားခြား ကျနော်တို့နဲ့ဆေးကျောင်းတက်တဲ့ အတန်းတူသူငယ်ချင်းတွေထဲမှာ ခြေထောက်မသန်တဲ့ကောင်မလေး နှစ်ယောက်ပါပါတယ်။ နှစ်ယောက်လုံး စာတော်ကြပါတယ်။ ခုစာရေးနေချိန်မှာတောင် ကိုယ့်ကိုယ်ကိုယ်ရှက်မိပါတယ်။ ကိုယ်တွေကအလေလိုက်ပြီး စာမေးပွဲ တဖုန်းဖုန်းကျနေချိန်မှာ သူတို့ကစာမေးပွဲတွေပုံမှန်အောင်ပါတယ်။ ကိုယ်တွေက အကြောင်းအမျိုးမျိုးပြပြီး အစိုးရအလုပ်ကထွက်လိုက်ချိန်မှာ သူတို့ကနိုင်ငံ့တာဝန်ကိုဆက်ထမ်းဆောင်နေပါတယ်။ သက်ဆိုင်ရာလူကြီးတွေက သူတို့နဲ့အဆင်ပြေတဲ့နေရာဌာနမှာ တာဝန်ချထားပေးပါတယ်။

စိတ်ဝင်စားစရာအဖြစ်အပျက်လေးတစ်ခု ကြုံလို့ထပ်ပြောပြပါဦးမယ်။ ကိုနေမျိုးဆေးပြောပြတာပါ။ ကိုနေမျိုးဆေးက သူ့ဆီမှာရှိတဲ့ကလဲနက်ကြီးတွေ၊ ထရမ်းပက်ကြီးတွေ အသံမမှန်လို့ပြင်ချင်ရင် ရှားရှားပါးပါးကလဲနက်ပြင်တဲ့နေရာကတစ်နေရာပဲရှိတယ်တဲ့။ (ကလဲနက်တို့၊ ထရမ်းပက်တို့ဆိုတာက ဘင်ခရာအဖွဲ့တွေ၊ သံစုံတီးဝိုင်းကြီးတွေမှာပါတဲ့ လေမှုတ်တူရိယာတွေပါ။ မသိတဲ့သူတွေအတွက် ရှင်းပြတာပါ)

အဲ့ဒီပြင်တဲ့ဆိုင်က ညီအစ်ကိုသုံးယောက်ဖွင့်ထားတာ။ သူတို့သုံးယောက်လုံးကလည်း တကယ့်ဆရာကြီးတွေ။ ပြင်တဲ့သူတိုင်း စိတ်တိုင်းကျတယ်ဆိုပဲ။ အရမ်းထူးဆန်းတာက ညီအစ်ကိုသုံးယောက်လုံးက နားမကြားပါဘူးတဲ့။ မဖြစ်နိုင်ဘူးလို့ ဇွတ်မငြင်းပါနဲ့။ တကယ်ရှိတာပါ။ မသန်စွမ်းသူတွေအတွက် ဘုရားသခင်က သာမန်လူတွေမှာမရှိတဲ့ စွမ်းရည်တမျိုးမျိုးကို ထည့်ပေးထားတတ်ပါတယ်။

မင်းသားကြီးအမီတာဘဂျမ်းသရုပ်ဆောင်ထားတဲ့ Black ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖူးကြမယ်ထင်ပါတယ်။ အသက်၂နှစ်သမီးမှာ ရောဂါတစ်ခုကြောင့် မျက်မမြင်၊ ဆွံ့အ၊ နားမကြားဖြစ်သွားရတဲ့ ကောင်မလေးတစ်ယောက်ကို စာသင်ပေးရတဲ့အကြောင်း ရိုက်ကူးထားတာပါ။ အမြင်အာရုံ၊ အကြားအာရုံလည်းမရှိ၊ စကားလည်းမပြောတတ်တဲ့သူတစ်ယောက်ဟာ ပြင်ပလောကကြီးအကြောင်း ဘယ်လိုသိနိုင်ပါသလဲ။ ပြင်ပလောကကြီးနဲ့ ဘယ်လိုဆက်သွယ်နိုင်ပါသလဲ။ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

ရွေးကောက်ပွဲဥပဒေမှာပြဌာန်းထားတဲ့ မဲပေးခွင့်မရှိသူတွေထဲမှာ သာသနာ့ဝန်ထမ်းတွေ၊ စိတ်ပေါ့သွပ်နေသူတွေ၊ ထောင်ဒဏ်ကျခံနေရသူတွေ၊ နိုင်ငံသားမဟုတ်သူတွေပဲ ပါပါတယ်။ မသန်စွမ်းသူတွေကို မဲမပေးရဘူးလို့ပြဌာန်းမထားပါဘူး။ ပြဌာန်းစရာလည်း အကြောင်းမရှိပါဘူး။

အဲ့ဒါကြောင့် မသန်စွမ်းသူတွေမဲပေးတာကို ပြစ်မှုကြီးတစ်ခုလို သတ်မှတ်နေတာကတော့ မသန်စွမ်းတဲ့သူတွေအကုန်လုံးကို စော်ကားလိုက်တာပဲလို့သတ်မှတ်ပါတယ်။

Okka Kyi Winn

မဲပေးဖို့ ကြိုးစားပမ်းစား လာကြတဲ့ မသန်စွမ်းတွေရဲ့ ပုံတွေကို ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်ပါတယ်။ မူရင်းပုံပိုင်ရှင်များကို ခရက်ဒစ် ပေးပါတယ်ခင်ဗျာ။

Be the first to comment

Leave a Reply

Your email address will not be published.


*