တက္ကစီ ငှားစီး မိတဲ့ အမျိုးသမီး တစ်ယောက် ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်ပါ …..

ကျမ ဒီနေ့ နေ့ခင်း မြောက်ဥက္ကလာ ကနေ လှည်းတန်းသွားတော့ တက္ကစီ ငှားစီးသွားတယ်။

ကျမက ဖေ့စဖုတ် ကြည့်နေကျလူဆိုတော့ တက္ကစီကို သေချာရွေးပြီး ငှားရတယ်။

ကားထဲမှာလူပိုပါသလား။ အဲကွန်းဖွင့်ထားသလားကြည့်ရတယ်။ ဆေးခပ် မှာကြောက်လို့။

အဲဒါနဲ့ ကားငှားတာ တော်တော် ကြာသွားတယ်။

နောက်ဆုံး တက္ကစီတစ်စီးကျတော့မှ ကားသမားပုံစံကလည်း ရိုးသားတဲ့ ပုံပေါ်တယ်။ အဲကွန်းလည်းဖွင့်မထားဘူး။ လူပိုလည်းမပါဘူး။ ပိုစိတ်ချရအောင် ထပ်မေးလိုက်သေးတယ်။

လူထပ်တင်မှာလား။ လမ်းမှာ အဲကွန်းဖွင့်မှာလား ဆိုတော့ လူထပ် မတင်ပါဘူး တဲ့။

အဲကွန်းကလည်း ပျက်နေတာ တဲ့။ ဖွင့်ချင်ရင်တောင် ဖွင့်လို့မရဘူးတဲ့။

အဲဒီ့အချိန်မှာပဲ သတိရလို့ ထပ်မေးကြည့်လိုက်တယ်။

ကားမောင်းနေတုန်း ဖုန်းမကိုင်ရဘူး။( ဘာညာဗီဒီယိုကားတွေ ဖုန်းနဲ့ဖွင့်ပြတာ ဖေ့စဖုတ်ထဲ ဖတ်ဖူးတယ်လေ) တစ်ထောင်ပိုပေးမယ် ဆိုတော့ သူက ထူးဆန်းသလိုတစ်ချက်ကြည့်ပြီး ဘာလို့လဲတဲ့။ ကျမက ဘာမှပြန်မပြောတော့ သူက ကောင်းပြီလေ တဲ့။

အဲဒါနဲ့ ကားနောက်ခန်းထဲ ဝင်ထိုင်လိုက်တယ်။ ဒီလိုနဲ့ ကား စထွက်လာရော။

လမ်းမှာ ကားသမားက ရေသန့်ဘူးကို ကောက် ကိုင်လိုက်တယ်။ အထဲမှာ အရည်မဲမဲတွေ တစ်ဝက်လောက်ရှိတယ်။ ဒါပေမယ့်ကျမက သိပြီးသား။ ကျမက ဖေ့စဖုတ် ကြည့်တယ်လေ။

အဲဒီ့ အရည်မဲမဲတွေက ကွမ်းတံတွေးတွေမှန်း သိပြီးသား။ အေးဆေးပဲ။ မလန့်ဘူး။

ဒီကားသမား အပြင်ကို ကွမ်းတံတွေးမထွေးဘူး။ စည်းကမ်း ရှိသားပဲလို့တောင် သူ့ကိုအမှတ်ပေးလိုက်သေးတယ်။

ကျမစိတ်ထဲကလည်း ဖေ့စဖုတ်ထဲမှာ ဖတ်ရတဲ့ တက္ကစီသမား ပြဿနာတွေကို ကြိတ်ရယ်မိတယ်။

ငါ့လို မိန်းကလေးတိုင်းပါးနပ်ရင်ကောင်းမှာပဲ ဆိုပြီးတော့ပေါ့။

ကျမက ကားသေသေချာချာရွေးငှားတော့ အေးဆေးပဲလေ။

ဒီလိုနဲ့ ကားက ရှစ်မိုင်လမ်းဆုံရောက်လာတော့ လှည်းတန်းသွားဖို့ ပြည်လမ်း ပေါ်တက်လိုက်ရော။

အဲဒီ့အချိန်ကစပြီး ကားသမားက နောက်ကြည့်မှန်ထဲကနေ ခဏ ခဏ ကျမကိုကြည့်တာ သတိထားမိတယ်။

ကျမလည်း နည်းနည်းမသင်္ကာ ဖြစ်လာတာနဲ့ နောက်ကြည့်မှန်ထဲကပဲ သူ့ကို သေသေချာချာ ပြန်အကဲခတ်နေရတယ်။ ကျမ နည်းနည်းတော့ ကြောက်လာပြီ။

ကားသမားမျက်နှာက ပိုပို ပျက်လာတယ်။ ခဏ ခဏလည်း ကျမကို မှန်ထဲကနေကြည့်တယ်။ ကျမကလည်း မှန်ထဲကိုပဲ မျက်နှာထားခပ်တင်းတင်းနဲ့စိုက်ကြည့်နေလိုက်တယ်။ သူ နည်းနည်းများရှိန်မလားလို့။ စိတ်ထဲကတော့ အတော်လန့်လာပြီ။

အဲဒီအချိန်မှာပဲ ကားသမားက ဟွန်းကို အရှည်ကြီး ဆွဲတီးလိုက်တယ်။ ကားရှေ့မှာလည်း ဘာမှ ဟွန်းတီးစရာ အခြေအနေမရှိဘူး။

ဟွန်းသံနဲ့ မရှေးမနှောင်းမှာပဲ အနံ့ကြီးတစ်ခု တော်တော် ဆိုးဆိုးရွားရွား ကျမ ရှူလိုက်ရတယ်။ ချက်ချင်းပဲ ကျမ ခေါင်းတွေမူးနောက်လာတယ်။ ဒါတောင် ကားမှန်တွေအကုန်ဖွင့်ထားတာနော်။

ကျမ လိပ်ပြာလွင့်မတတ်ကြောက်သွားတယ်။

အသံကုန်အော်တယ်။ ကားရပ်ခိုင်းတယ်။ အဲဒီ့လူက ချက်ချင်း ရပ်မပေးဘူး။

ကျမ အာခေါင်ခြစ်ပြီး ထပ်အော်တယ်။

အခါခါအော်တော့မှရပ်ပေးတယ်။

ကားရပ်ပြီးပြီးချင်း ကျမ အမြန်ပြေးဆင်းတာပဲ။ ဖိနပ်တောင် ကားပေါ်ကျန်ခဲ့တယ်။

အောက်ရောက်တာနဲ့ အဲဒီ့ကားလည်းချက်ချင်းမောင်းပြေးတာပဲ။

ကျမလည်း ကားနံပါတ်မှတ်ဖို့တောင်သတိမရဘူး။

ကျမစိတ်ထဲမှာ လူထူတဲ့နေရာကိုအမြန်သွားဖို့ပဲ သိတော့တယ်။

ကားဟွန်းတီးလိုက်တာနဲ့ မူးမေ့စေတတ်တဲ့ဆေးငွေ့လွှတ်ပေးတဲ့ နည်းပညာမျိုးကို တက္ကစီသမားတွေသုံးကုန်ပါပြီ။

ကားမှန်တွေဖွင့်ထားလည်း စိတ်မချရတော့ပါဘူး။

လူများများသိအောင် ရှယ်ပေးကြပါ။

မြန်မာ မိန်းကလေးတွေရဲ့ဘဝဟာ နေ့ခင်းကြောင်တောင်မှာတောင် လုံခြုံမှုမရှိတော့ပါဘူး။

ကျနော်က တက္ကစီမောင်းပါတယ်။

ဒီနေ့ကြုံခဲ့တာလေး ရေးပြချင်လို့ပါ။

ကျနော်အိမ်မှာ နေ့လည်စာ ထမင်းစားပြီးပြန်ထွက်လာတော့ ကျနော့်ကားကို မြောက်ဥက္ကလာကနေ လှည်းတန်းသွားဖို့တဲ့ … မိန်းကလေးတစ်ယောက် ငှားတယ်။

ခရီးသည်တော်တော်များများကတော့ အဲကွန်းဖွင့်တာကြိုက်တယ်။

သူကတော့ အဲကွန်းမဖွင့်တာပိုကြိုက်တယ်တဲ့။

ကျနော်ကတော့ အဲကွန်းမဖွင့်လေ ဆီကုန်တာပိုသက်သာလေဆိုတော့ အဲကွန်းပျက်နေတယ်ပါ ပြောလိုက်တယ်။ အေးရော။ သူ့ကြည့်ရတာ ချမ်းတတ်လို့နဲ့တူပါတယ်။

လူပိုလည်းထပ်မတင်နဲ့တဲ့။

ကျနော်ကလည်းမတင်ပါဘူးပြောလိုက်တာပေါ့။

ထူးဆန်းတာက ကားမောင်းရင်း ဖုန်းမသုံးနဲ့ဆိုတာပဲ။ တစ်ထောင်ပို ပေးမယ်တဲ့။ ဘာလို့လဲမေးတော့လည်းပြန်မဖြေဘူး။

ကဲ …. တစ်ထောင်ပိုရလည်း မနည်းဘူးဆိုပြီး ဖုန်းမသုံးပါဘူးပြော လိုက်ရတယ်။

တစ်လမ်းလုံး ယာဉ်ကြောပိတ်တာကလွဲပြီး ဘာပြဿနာမှ မတက်ဘူး။

ရှစ်မိုင်မီးပွိုင့်လည်းရောက်ရော ပြဿနာတက် ရောခင်ဗျ။

အိမ်က ကျနော်စားလာတဲ့ဟင်းက ချဉ်ပေါင်ရွက်ချဉ်ရည် ရယ် ဆူးပုတ်ရွက်နဲ့ပဲကြီးဟင်းရယ် ဒညင်းသီးနဲ့ ငါးပိရည်ရယ်။

အဲဒီ့မွာ ဒုက္ခစေတာ့တာပဲ။

ရှစ်မိုင်လမ်းဆုံရောက်တော့ လေလည်ချင် လာရော။

ကျနော် အောင့်ထားတယ်။ စားထားတဲ့အစာ ကိုကြည့်လိုက်တာနဲ့ အနံ့က ပြင်းမှာ ကျိန်းသေသိနေတာကိုး။

နှစ်ယောက်တည်းပါတဲ့ကားပေါ်မှာ ကျနော့် လက်ချက်မှန်း သူကျိန်းသေသိမှာကိုးဗျ။

အဲဒါနဲ့ ကျနော်အောင့်ထားတယ်။ ဘက်မှန်ထဲကနေသူ့ကို ကြည့်လိုက်တော့ ကျနော်ကို မျက်မှောင်ကြီးကျုံ့ပြီးစိုက်ကြည့်နေသဗျ။ အဲဒါနဲ့ ကျနော်လည်း သူသတိမထားမိတဲ့အချိန် အသံမမြည်အောင် ကြိတ်လွှတ်လိုက်မယ်ဆိုပြီး ဘက်မှန်ထဲကနေကြည့်တာ သူကလည်း ကျနော့်ကို မကျေနပ်တဲ့ မျက်နှာပေးကြီးနဲ့ တောက်လျှောက်စိုက်ကြည့်နေသဗျ။

အဲဒါနဲ့ ….

နောက်ဆုံး မအောင့်ထားနိုင်တော့တဲ့အဆုံး

(အောင့်ထားတော့ အီးငွေ့ပမာဏကလည်းပိုပိုများလာပြီ)

ပေါက်ရတော့မယ်။

အောင့်ပြီးမှပေါက်ရတာဆိုတော့ အသံအကျယ်ကြီး မြည်မှာလည်း ကိုယ့်ဖာသာသိနေတယ်။

အဲဒါနဲ့ ရုတ်တရက် အကြံပေါ်လာတဲ့အတိုင်း ကားဟွန်းကို အရှည်ကြီးတီးပြီး အီးပေါက်ထည့်လိုက်တယ်။

အီးသံကိုဟွန်းသံဖုံးသွားတာပေါ့လေ။ ပိုင်တယ်ကွာဆိုပြီး ကိုယ့်ကိုယ်ကိုကိုယ် ကျေနပ်နေတာ။

ဒါပေမယ့် ….ပဲကြီးဟင်းရယ် ဆူးပုတ်ရွက်ရယ် ချဉ်ပေါင်ဟင်းရယ် ဒညင်းသီးရယ် ငါးပိရည်ရယ်

အားလုံးပေါင်းပြီးထွက်လာတဲ့ ရနံ့က အီးပေါက်လိုက်တဲ့ ကာယကံရှင် ကျနော်တောင် ရှူ မိတော့မူးသွားတယ်ဗျာ။ ဒီလောက်အနံ့ဆိုးတဲ့အီးမျိုး တစ်ခါမှ မရှူဖူးဘူး။

သွားပါပြီ …… ဆိုပြီး တွေးနေတုန်း နောက်က ကောင်မလေးက ရုတ်တရက် ” အား ” ဆိုပြီး အကျယ်ကြီး ထအော်တယ်။

ကားရပ်ပေးဆိုပြီးတော့လည်း ထအော်တယ်။

ကျနော်လည်း ရုတ်တရက်ဆိုတော့ ကြောင်နေတာနဲ့ ကားမရပ်ပေးမိဘူး။

ကောင်မလေးက အခါခါ အာခေါင်ခြစ်အော်တော့မှ ကျနော်ကားထိုးရပ်လိုက်ရတယ်။

ရပ်လိုက်တာနဲ့ ကောင်မလေးက အော်ပြီး ဝုန်းခနဲ ဆင်းပြေးတယ်။

ကျနော်လည်း ရှက်လွန်းတာနဲ့ သူဆင်းပြီးပြီးချင်း ကားကို အမြန်မောင်းထွက်ခဲ့တယ်။

ရှက်လိုက်တာဗျာ။

ကိုယ့်အီးနံ့ကြောင့် ခရီးသည်တစ်ယောက် အော်ပြီး ဆင်းပြေးရတယ်ဆိုတာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှကြားတောင်မကြားဖူးပါဘူး။

Credit # Sharr Kaung

Be the first to comment

Leave a Reply

Your email address will not be published.


*