အဆင်းရဲဆုံး စစ်ဘေးရှောင် ဘဝကနေ ကမ္ဘာကျော်တဲ့ ထိပ်တန်းစူပါမော်ဒယ်လ် ဖြစ်လာခဲ့တဲ့ အလက်ခ်ဝက်ခ်

သူဆင်းရဲမလေးတစ်ယောက်လည်းဖြစ် စစ်ဘေးရှောင် ဒုက္ခသည်လည်းဖြစ်တဲ့ သူတစ်ယောက်ဟာ ယ်လောက်ထိ အောင်မြင်နိုင်မယ်လို့ ထင်ပါသလဲ။ ယခုပြောပြချင်တဲ့ အကြောင်းအရာကတော့ စားစရာတောင် အနိုင်နိုင်ဘဝကနေ ကမ္ဘာကျော်တဲ့ထိပ်တန်း စူပါမော်ဒယ်လ်ဖြစ်လာခဲ့တဲ့ အလက်ခ်ဝက်ခ်ရဲ့ အားတက်စရာ ဘဝဇာတ်ကြောင်းပဲ ဖြစ်ပါတယ်။

အလက်ခ်ဆိုတဲ့ သူဆင်းရဲမလေးကို ၁၉၇၇ခုနှစ်က ဆူဒန်နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ သူမဟာ ငယ်စဉ်က ကျောင်းသွားရင် မုန့်ဖိုးရတတ်သူမဟုတ်လို့ လမ်းမှာတွေ့တဲ့သရက်ပင်ပေါ် သရက်သီးတက်ခူးစားပြီး ကျောင်းသွားရသူလေးပါ။ သူမ နေထိုင်တဲ့ရွာငယ်လေးဟာ ဆင်းရဲနုံချာလွန်းတဲ့အပြင် ရေလည်းမရှိ၊ လျှပ်စစ်မီးလည်း မရှိပါဘူး။ ရေသောက်ချင်ပြီဆိုရင် ရေတွင်းရှိတဲ့နေရာကို လမ်းလျှောက်သွားပြီး သောက်ရတဲ့အခြေအနေပါ။ ဒါပေမဲ့လည်း သူမတို့မိသားစုဟာ ဆင်းရဲမွဲတေတဲ့ဘဝလေးမှာပဲ ပျော်ရွှင်စွာနဲ့ ချစ်ချစ်ခင်ခင် နေထိုင်ခဲ့ကြပါတယ်။

တစ်နေ့မှာတော့ သူမတို့နေထိုင်ရာဒေသမှာ ကြောက်မက်ဖွယ် စစ်ပွဲတွေဖြစ်ပွားပြီး သူမရဲ့ဘဝဟာလည်း ထာဝရပြောင်းလဲသွားဖို့ အစပျိုးလာခဲ့ပါတယ်။ ဥသြဆွဲအချက်ပေးသံကြီး ကြားရပြီဆိုတာနဲ့ ယမ်းတွေ၊ကျည်တွေနဲ့ ဝေးရာကို မိသားစုလိုက် ထွက်ပြေးကြရပါတယ်။ ဒီလိုနဲ့ မိုးရာသီရောက်လာတဲ့အထိ စစ်ပွဲတွေဟာ မပြီးဆုံးသေးတဲ့အခါ ဘေးလွတ်ရာ ရှောင်တိမ်းဖို့ ကြိုးစားကြရပါတော့တယ်။

 

မိုးရာသီရောက်လာတော့ မြစ်တွေဟာ ရေလျှံပြီး မြစ်ကူး၊ချောင်းကူးတံတားတွေဟာလည်း ရေအောက်မှာ နစ်မြုပ်ကုန်ကြပါတယ်။ စစ်ဘေးရှောင်တဲ့ ဒုက္ခသည်တွေအနေနဲ့ မြစ်ကို လက်ပစ်ကူးရုံကလွဲပြီး အခြားရွေးချယ်မှု မရှိခဲ့ပါဘူး။ အလက်ခ်ဟာ ရေမကူးတတ်တဲ့အပြင် ရေနစ်မှာကိုလည်း သိပ်ကြောက်တတ်သူပါ။ ဒါပေမဲ့ သူမမိခင်ရဲ့အကူအညီနဲ့ တစ်ဖက်ကမ်းကို အောင်အောင်မြင်မြင် ကူးဖြတ်နိုင်ခဲ့ပါတယ်။

စစ်ဘေးရှောင်တဲ့ လမ်းတစ်လျှောက်မှာ အလက်ခ်တို့မိသားစုမှာ ပါလာတဲ့ ပစ္စည်းဥစ္စာဆိုလို့ ဆားတစ်ထုပ်ရယ်နဲ့ ပတ်စ်ပို့ရယ်ပဲ ရှိပါတယ်။ ပိုက်ဆံခြူးတစ်ပြားမှ မရှိတဲ့ အခြေအနေမှာ စစ်ပွဲကနေ လွတ်အောင်ရုန်းထွက်ပြီး လန်ဒန်ရွှေမြို့တော်ကြီးဆီ မရောက်ရောက်အောင် ကြိုးစားချီတက်ခဲ့ကြပါတယ်။

ဒီလိုနဲ့ လန်ဒန်ကိုရောက်ပြီး တစ်နေ့မှာတော့ အလက်ခ် ပန်းခြံထဲမှာ ထိုင်နေတဲ့အချိန် နာမည်ကြီးမော်ဒယ်လ်အေဂျင်စီက talent scout (အရည်အချင်းရှိ၊ အလားအလာရှိနိုင်မယ့် လူငယ်ခြေတက်တွေကို ရှာဖွေတဲ့လူ)တစ်ယောက်က အလက်ခ်ဆီကို ချဉ်းကပ်လာခဲ့ပါတယ်။ သူမကို မော်ဒယ်လ်အဖြစ် ငှားရမ်းဖို့ ကမ်းလှမ်းခဲ့ပေမဲ့ မိခင်ဖြစ်သူကတော့ လုံးဝသဘောမတူခဲ့ပါဘူး။ ဒါပေမဲ့ ဇွဲကောင်းတဲ့ အေးဂျင့်ကလည်း လက်မခံမချင်း အားမလျှော့တဲ့အတွက် နောက်ဆုံးမှာ အလက်ခ်က သဘောတူလိုက်ပါတယ်။

အလက်ခ်ဟာ ပုံပန်းသွင်ပြင်အရရော ပင်ကိုအရည်အချင်းတွေအရပါ အခြားသော စူပါမော်ဒယ်လ်တွေနဲ့ သိသိသာသာ ကွဲပြားပါတယ်။ အဲ့ဒီ့ကွဲပြားမှုကပဲ သူမကို ပြင်းရှတဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်စေတယ်လို့လည်း ပြောလို့ရပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ မိန်းကလေးတွေကို အားပေးထားတဲ့ သူမရဲ့စကားကတော့ “ဘယ်လိုပဲနေနေ မင်းဟာ လှပါတယ်။ ကို့ယို့ကားယား ဖြစ်နေလည်း ရပါတယ်။ ရှက်တတ်ရင်လည်း ကိစ္စမရှိပါဘူး။ လူအများကြီးရှေ့မှာ ထင်ပေါ်အောင်မနေဘဲလည်း လှမြဲလှနေဦးပါပဲ”လို့ ဆိုထားပါတယ်။

 

 

source:sm

Be the first to comment

Leave a Reply

Your email address will not be published.


*