အဆင်းရဲဆုံးနိုင်ငံစာရင်းထဲပါပေမယ့် ကမ္ဘာ့ အရက်ရောဆုံးနိုင်ငံဖြစ် သတ်မှတ်ခံရတဲ့ မြန်မာနိုင်ငံ

အာရှတွင် မြန်မာနိုင်ငံသည် အလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံစာရင်း (ကမ္ဘာမှာ အဆင်းရဲဆုံးသော နိုင်ငံစာရင်း) တွင် ပါဝင်ပေမယ့် အလှူအတန်းရက်ရောမှုတွင် ကမ္ဘာ့ဒုတိယအဆင့်နေရာ၌ ရပ်တည်လျက်ရှိနေကြောင်း ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ လူဦးရေ လေ့လာဆန်းစစ်ချက်အရ သိရှိရခြင်း

ကမ္ဘာမှာ အဆင်းရဲဆုံးသော နိုင်ငံစာရင်း အာရှတွင် အလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများတွင် ပါဝင်နေသော မြန်မာနိုင်ငံသည် အလှူအတန်းရက်ရောမှုတွင် ကမ္ဘာ့ဒုတိယအဆင့်တွင် ရပ်တည်နေကြောင်း ထုတ်ပြန်ထားပြီး အဆိုပါလေ့လာချက်တွင် ငွေသားလှူဒါန်းခြင်း၊ လုပ်အားပေးလှူဒါန်းခြင်းနှင့် သူစိမ်းအား လှူဒါန်းခြင်းဟူသည့် ရှုထောင့် ၃ မျိုးဖြင့် သုံးသပ်ထားခြင်းဖြစ်ကာ ရမှတ် ၅၈ ရာခိုင်နှုန်းရရှိထားကြောင်း ၂၀၂၀ ကမ္ဘာ့လူဦးရေ လေ့လာဆန်းစစ်ချက်အရ သိရှိရသည်။

နိုင်ငံအတွင်း သဘာဝဘေးဖြစ်ပွားမှုများတွင် တိုင်းနှင့်ပြည်နယ် မခွဲခြားဘဲ ဝိုင်းဝန်းကူညီလှူဒါန်းခြင်း ဓလေ့များ ယခင်ကတည်းက ရှိခဲ့ပြီး ယခုကမ္ဘာ့ကပ်ရောဂါ ကာလအတွင်းမှာလည်း ပြည်တွင်းလှူဒါန်းမှု ငွေသား စုစုပေါင်း ကျပ် ၁၁ ဘီလီယံကျော်ရှိနေကာ ပြည်ပမှ ငွေသားပေးပို့ လှူဒါန်းမှုမှာလည်း အမေရိကန်ဒေါ်လာ ၁၇ သိန်း ကျော်ထိ ရှိနေပြီဖြစ်ကြောင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ (၈) လ တာ စာရင်းအရ သိရှိရပါသည်။

အဆိုပါလှူဒါန်းမှုများတွင် အစိုးရမီတာခ ဖြေလျှော့ငွေ ပြန်လည်လှူဒါန်းခြင်း၊ အထိမ်းအမှတ်နေ့များတွင် စုပေါင်းလှူဒါန်းခြင်းစသော ပြည်သူတစ်ဦးချင်းစီ၏ တစ်နိုင်တစ်ပိုင်လှူဒါန်းငွေများလည်း ပါဝင်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးမြမြကျော်ထံမှ သိရှိရပါသည်။