သူတပါးဆီက ယူထားတဲ့ အကြွေးကို ပြန်မဆပ်ရင် ခံရမယ့် အပြစ်တွေ? (တကယ် ခံရမှာပါ)

သူတပါးဆီက ယူထားတဲ့ အကြွေးကို ပြန်မဆပ်ရင် ခံရမယ့် အပြစ်တွေ? (တကယ် ခံရမှာပါ)

(အရမ်းကောင်းလို့ ပြန်လည်တင်ပြပေးပါသည်။)အရှင်ဘုရား၊ အချို့သော လူ့ဘောင်မှ လူသားများမှာ သူတစ်ပါးထံမှ ချေးယူထားသော ပစ္စည်း (အထူးဖြင့် ငွေကြေး)ကို ပြန်မပေးဘဲ နေတတ်ကြပါသည်။အဲဒီလို ပုဂ္ဂိုလ်မျိုး တစ်ယောက်နဲ့ လောလောဆယ် ကြုံနေရလို့ စိတ်မချမ်းမသာ ဖြစ်နေရပါသည် ဘုရား။အချင်းချင်း အကြွေးယူပြီး ပြန်မဆပ်သော ပုဂ္ဂိုလ်များသည် ယခုဘဝ နောင်ဘဝတွင် မည်သို့သော အပြစ် ဖြစ်နိုင်သည်ကို ဟောကြားပေးတော်မူပါ ဘုရား။ လဲ့လဲ့ရီ (နယူးယောက်)

ကတိဟာ လူ့အရည်အချင်း လူ့တန်ဖိုးရဲ့ သော့ချက်ပဲ။ ကတိကြောင့် လူလေးစားခံရသလို ကတိပျက်ရင် အရည်အချင်း ရှိလျက် အသိအမှတ် မပြုခံရဘဲ ရှိတတ်တယ်။အချိန်၊ အကြွေး၊ အလုပ် – စသည်နဲ့ ပတ်သက်ပြီး ကတိ အရေးကြီးတယ် ..စပ်တူ မလုပ်ဘူးအရီဇိုးနားကို ရောက်ခါစမှာ ဗမာတရုတ် တစ်ယောက်က သူတွဲနေတဲ့ မိတ်ဆွေရင်းကို ‘ဒီကောင်နဲ့ စီးပွားရေး စပ်တူ လုပ်လို့ မရဘူး’လို့အတော် ခပ်နှိမ်နှိမ် ပြောတာနဲ့ ‘သူ့ကို မယုံကြည်ဘဲ ဘာကြောင့် အပေါင်းအသင်း လုပ်တာလဲ’လို့ ဘုန်းကြီးကလည်း မနေနိုင် ဝင်မေးမိတယ်။

ဒီတော့ သူက ‘စီးပွားရေး အတူလုပ်ရင် ကတိတည်မှ’ တဲ့။သူ့အပြောအရ သူ့မိတ်ဆွေမှာ ကောင်းတာ အချို့ ရှိပေမယ့် အချိန်ကို မလေးစားဘူး။တစ်နာရီ ချိန်းရင် သုံး နာရီမှ ရောက်လာတာမျိုး အကြိမ်ကြိမ် ကြုံရသတဲ့။ ပြောလည်း မဖြုံဘူးတဲ့။ လိုရင်းကတော့ ကတိမတည် (သူ့ရည်းစားနဲ့သာ အဲဒီလို ဖြစ်ရင် ပြတ်ပြီးသား ဖြစ်နေမှာ)။ မင်းမှာ သစ္စာ လူမှာ ကတိဆို မဟုတ်လား။ အထူးသဖြင့် ဒီဘက်က လူတွေကို အဲဒီလို လုပ်လို့ မရဘူး။ အဲဒီ မိတ်ဆွေ ဆိုသူဟာ ဒီဘက်မှာ နေသူ ဖြစ်ရင် သိသလိုလိုနဲ့ မသိသေးတဲ့ လူမျိုးပါပဲ။

ရင်းနှီးလို့ ဆိုပြီး ဘာစာရွက် စာတမ်းမျှ မရှိဘဲ ချေးယူသွားသူ အများစုဟာ ချေးလို့ ရပြီးတာနဲ့ မေ့မေ့ ပျောက်ပျောက် နေသွားလေ့ရှိတာကို တွေ့ရတယ်။(ဒီလိုမဟုတ်တဲ့ လူအနည်းစုလည်း ရှိနိုင်ပါတယ်)။ပြောတုန်းက နှစ်လအတွင်း။ ကူညီလိုစိတ်နဲ့ ချေးပေးလိုက်သူကတော့ ယူသွားသူ ပြောတဲ့ နှစ်လကို သတိတရနဲ့ မျှော်နေတာပဲ။ကိုယ့်ပစ္စည်းပဲလေ။ လူတိုင်း ဒီလိုပဲနေမှာ။ ဒါပေမယ့် တစ်ချို့ နှစ်နှစ်မကလည်း ဖြစ်သွားနိုင်ပြီး အချို့ဆို ရာသက်ပန် မပေါ် လာ ဖြစ်သွားတတ်တယ်။သူတို့ အနည်းငယ် အဆင်ပြေသွားတဲ့ အချိန် ‘အဆင် မပြေတုန်းက ငါတို့ကို ဘယ်သူမှ အရေးမလုပ်ဘူး’ ဆိုတာမျိုးတောင် ပြောတတ်သေးတယ်။

ဒါကြောင့် ပိုက်ဆံ ချေးပေးမယ်ကြံရင် လူအချို့ဟာ အသွင်သဏ္ဌာန် သားနားတိုင်း အတွင်းစိတ် မသားနားဘူး ဆိုတာကိုအခုရ ရှိတဲ့ အတွေ့အကြုံနဲ့ ဘဝတစ်လျှောက် ကိုယ့်ကိုယ်ကို သင်္ခန်းစာယူပေါ့။ အဲဒါ ကိုယ့်အတွက် အမြတ်လို့ပဲ နှလုံးသွင်းလိုက်ပါ။သနားတတ်တာ၊ အားနာတာ၊ ယုံလွယ်တာ အရင်းခံနဲ့ ဘုန်းကြီးတောင် အမေရိကကို ရောက်ပြီးမှဇာတ်တူသား စားမိလို့ ‘နိဗ္ဗာနဿ ပစ္စယော ဟောတု’ လုပ် လိုက်ရတာ လေးကြိမ် ကြုံဖူးတယ်။ ဘုန်းကြီးသာ မကပါဘူး။ဘုန်းကြီး အတော်များများ ဟို ” ဗမာပြည်မှာ ပြုကျင့်ခံရတဲ့ မိန်းကလေး အချို့ ရှက်လို့ မိဘဆွေမျိုးတွေကို ဖွင့်မပြောရဲသလိုကျိတ်ခံနေလိုက်ရတဲ့ ဖြစ်ရပ်တွေ ကြားဖူးပါတယ်။ အဲဒီ အတွေ့အကြုံနဲ့ ကြွေးပြန်မရသူတွေကို ကိုယ်ချင်း စာပါတယ်။

ဣဏသုတ် (အံ ၂၊ ၃ဝ၉)မှာ ကြွေးယူရသူရဲ့ ဆင်းရဲ ၆-မျိုး ဟောကြားပါတယ်။ဆင်းရဲတာ၊ ဆင်းရဲလို့ အကြွေးယူရတာ၊ အရင်းကို မပေးနိုင်သေးလျှင် အတိုးပေးပါမယ်လို့ ကတိပေးထားရတာ၊ကြွေးရှင်က အတိုးကို တောင်းတာ၊ ပြန်မပေးနိုင်လို့ သူ့နောက်ကို ကြွေးရှင် လိုက်ခံရတာ၊ ဖမ်းခံရတာ။ဒါတွေက အကြွေးယူသူတို့ရဲ့ ပစ္စုပ္ပန်မှာ ကြုံရမယ့် ဆင်းရဲ ဒုက္ခအကြောင်း အမြွက်မျှပေါ့။ တမလွန်မှာလည်း ..

သော ပါပကမ္မော ဒုမ္မေဓော၊ ဇာနံ ဒုက္ကဋ မတ္တနော။ယောနိ မညတရံ ဂန္တွာ၊ နိရယေ ဝါပိ ဗဇ္ဈတိ။မကောင်းသဖြင့် ပြုထားသည့် မိမိ၏ အကုသိုလ်ကို တရေးရေး တွေး၍ သိနေသော သဒ္ဓါ ဓနစသည် မဲ့မွဲထိုလူဆင်းရဲသည် တိရစ္ဆာန်ဘဝသို့ ရောက်၍ ဖြစ်စေ ငရဲဘဝ၌ ဖြစ်စေ ချုပ်နှောင်ခံရ၏။ကြုံဖူးမှ သိခပ်ငယ်ငယ်က ပါရာဇိကဏ် ပါဠိတော်မှာ ရဟန်းတစ်ပါးဟာ ယောကျ်ား ဘဝကနေမိန်းမဘဝ ပြောင်းသွားလို့ ဘိက္ခုနီ (ရဟန်းအမျိုးသမီး) ကျောင်းကို ပို့ရတယ်ဆိုတဲ့ ဖော်ပြချက်ကို တွေ့ရတော့ဒီပုဂ္ဂိုလ်ဟာ ရဟန်း အမျိုးသမီးတွေထဲမှာ ဟန်ကျပါ့မလားလို့ တွေးခဲ့ဖူးတယ်။

အခုတော့ ကမ္ဘာ့သတင်း မီဒီယာတွေမှာ ဆေးပညာနဲ့ အသိအမှတ် ပြုနိုင်တဲ့ အလားတူ ဖြစ်ရပ်မျိုးတွေကို မြင်တွေ့ရတဲ့အခါကိုယ့်ကိုယ်ကို အတော် ကြောင်ခဲ့တာပဲ ဆိုပြီး ပြုံးမိတယ်။ကြွေးယူသူနဲ့ ပတ်သက်တဲ့ မဟာစည် ဆရာတော် ဘုရားကြီး ကိုယ်တွေ့ အဲဒီလို ထူးဆန်းဖြစ်ရပ် တစ်ခုကို မျှဝေလိုက်ပါတယ် ..

ငညို့အကြွေး – မြန်မာနှစ် ၁၂၇၀-၁၂၈၀ ကာလအတွင်းက တောင်တွင်းကြီး အနောက်မြောက် ၁၀-မိုင်လောက် အဝေးမှာ ရှိတဲ့ ချောင်းရိုး ရွာမှာ ကွမ်းထမ်းပြီးရောင်းတဲ့ အသက် ၂၀ အရွယ် ငညိုနဲ့ ဘဆိုင်လို့ သူငယ်ချင်း နှစ်ယောက် ရှိတယ်။တစ်နေ့ ဘဆိုင်ဟာ ဆန်ကုန်နေလို့ ငညို့ဆီက ဆန်တစ်စလယ် ချေးပြီး ချက် စားရတယ်။အဲဒီနောက် အကြွေး ပြန်မဆပ်ရသေးခင် ဘဆိုင် ပိုးထိ (မြွေကိုက်ခံရ)လို့ သေဆုံးတယ်။

ဘဆိုင်ဟာ ငညို့အိမ်မှာ တိုက်ကြက် လာဖြစ်ပြီး ငညို့ကို သုံးကြိမ်ထိ နိုင်အောင် လုပ်ပေးနိုင်ပေမယ့် ၄-ကြိမ်မြောက်မှာ မနိုင်တဲ့အခါငညို သတ်စားတာကို ခံရတယ်။ အဲဒီ အချိန်မှာ ငညိုရဲ့ နွားမကြီးက ကြက်ကလေးကို လာနမ်းသွားသတဲ့။ကြက်ကလေး သေတော့ အဲဒီ နွားမကြီးဆီမှာ သန္ဓေနေပြီး နွားမလေးအဖြစ် လာမွေးတယ်။အဲဒီ နွားမလေး အတန်ငယ် ကြီးတဲ့အခါ ငညိုနဲ့ မိတ် ဆွေတွေ အဲဒီ နွားမလေးကို သတ်စားကြတယ်။အမဲကို လှီးဖျက်နေတုန်း တောင်တွင်းကြီးမြို့က စာရေးကြီးနဲ့ စာရေးကတော် ရောက်လာပြီး စာရေး ကတော်ကအလွန် သနားကရုဏာ ဖြစ်သွားပြီး “ငါ့နွားသာဆို သတ်မစားရက်ပါဘူး၊ သေရင်တောင် မြေမြှုပ်ပြီး သြင်္ဂိုဟ်မှာ”လို့ ပြောသတဲ့။

နောက်တော့ စာရေးကတော်မှာ သားလေး တစ်ယောက် မွေးတယ်။ ၇-နှစ်လောက်ထိ စကား မပြောဘူး။စကားပြောတော့ “ငညို ဆန်တစ်စလယ်”လို့ စပြောသတဲ့။ နောက် ဖခင်က အကြွေးကို ဆပ်ပေးပါ့မယ်ဆိုတော့မှသားဖြစ်သူက ချောင်းရိုးရွာ ငညို့ဆီ အရောက် ခေါ်သွားပြီး အားလုံးကို ပြောပြသတဲ့။ငညို (ထိုအချိန် ဦးညို)လည်း သူ့လုပ်ရပ်တွေ အတွက် အလွန် နောင်တ ရသွားသတဲ့။ (ဓမ္မစကြာ တရားတော်ကြီး၊ စာ-၃၀၉ မှာ အသေးစိတ် ရှုပါ)။

အရှင်ကေလာသ
စက်တင်ဘာ ၁၄၊ ၂၀၁၅။
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ

Be the first to comment

Leave a Reply

Your email address will not be published.


*