
ရန်ကုန်မြို့သစ် စီမံကိန်းတွင် ရင်းနှီးမြှပ်နှံရန်အတွက် စင်္ကာပူ၊ ဂျပန်၊ အီတလီနှင့် ပြင်သစ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၉) နိုင်ငံမှ အဖွဲ့အစည်း (၁၆) ဖွဲ့ လျာထားလျက် ရှိကြောင်း ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၏ ပြောကြားချက်အရ သိရသည်။၎င်းမြို့သစ် စီမံကိန်းကို တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သည့် (CCCC) ကုမ္ပဏီမှ ဒီဇိုင်းရေးဆွဲကာ တင်သွင်းခွင့် ရရှိထားပြီး ရန်ကုန်မြို့၏ အနောက်ဘက်ကမ်းတွင် စတင် တည်ဆောက်မည့် မြို့သစ် အကျယ်အဝန်းမှာ စင်္ကာပူနိုင်ငံထက်
(၂) ဆခန့် ကျယ်ဝန်းမည်ဟု ဆိုသည်။ အဆိုပါ စီမံကိန်းအတွက် စိတ်ဝင်စားသည့် ကုမ္ပဏီများ အနေဖြင့် အဆိုပြုလွှာ တင်သွင်းရေးကို အောက်တိုဘာ (၁၅) ရက်နေ့က Swiss Challenge တင်ဒါကော်မတီမှ ဖိတ်ခေါ်ခဲ့ပြီး အောက်တိုဘာ (၂၂) ရက်နေ့တွင် လျှောက်လွှာ ပိတ်သိမ်းခဲ့သည်။(Swiss Challenge) တင်ဒါကော်မတီတွင် ကော်မတီဝင် (၅) ဦးပါဝင်ပြီး ဥက္ကဌအဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်
ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တို့မှ တာဝန်ရှိသူများက အဖွဲ့ဝင်အဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ အနေဖြင့် မြို့သစ်စီမံကိန်း၏ သုံးပုံတပုံကို လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်ပြီး လယ်ယာလျှော်ကြေး ပေးခြင်းများ၊ ရေ၊ မီး၊ လမ်းနှင့် တံတားများကို စတင် အကောင်အထည်ဖော် တည်ဆောက်ပေးနိုင်မည် ဖြစ်သည်။
၎င်းစီမံကိန်း တစ်ခုလုံးအတွက် အမေရိကန်ဒေါ်လာ ငါးဘီလီယံ နှင့်အထက် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး မြန်မာလုပ်သား (၂) သန်းကျော် အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်လိမ့်မည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်မှ ပြောကြားထားသည်။
Source and Written by Aye Myat
Leave a Reply