(၂) လနီးပါး ပိတ်ထားတာတောင် ကူးစက်မှုနှုန်း မကျသေးတဲ့ ရန်ကုန်နဲ့ ပင်ပန်းနေပြီဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းများ

(၂) လနီးပါး ပိတ်ထားတာတောင် ကူးစက်မှုနှုန်း မကျသေးတဲ့ ရန်ကုန်နဲ့ ပင်ပန်းနေပြီဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းများ

ပြီးခဲ့တဲ့လ အောက်တိုဘာ (၁) ရက်နေ့ မနက် (၁၀) နာရီမှာ မဟေသီ အနံ့ပျောက်သွားကြောင်း သတိထားမိခဲ့တယ်။ ချက်ချင်း အခန်းခွဲ၊ သီးသန့်နေပြီး အောက်တိုဘာ (၂) ရက်နေ့မှာ Fever Clinic သွားပြီး စမ်းသပ်စစ်ဆေးမှု ခံယူခဲ့တယ်။ Fever Clinic က ကိုဗစ်-၁၉ ရောဂါလက္ခဏာဖြစ်ကြောင်း၊ ကွာရန်တင်းစင်တာသွားဖို့ မလိုကြောင်းနဲ့ အိမ်မှာ သီးသန့် အခန်းခွဲနေဖို့သာ လိုကြောင်း အကြံပြုခဲ့တယ်။ ကိုယ်တွေဖက်ကလည်း အိမ်မှာ ကလေးတွေရှိတော့ ဖြစ်နိုင်ရင် ဟိုတယ်ကွာရန်တင်းလောက်တော့ ယူချင်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကို ပြောကြည့်တယ်။

ဒါပေမယ့် ကျန်းမာရေးဌာနကလည်း ကူးစက်ခံရပြီးသူနဲ့ တိုက်ရိုက်ထိတွေ့ထားတဲ့သူ မဟုတ်ဘူးဆိုရင် ဟိုတယ်ကွာရန်တင်းထားလေ့မရှိကြောင်းနဲ့ Fever Clinic ဖက်က အကြံပြုတဲ့အတိုင်း အိမ်မှာပဲ သီးသန့်ခွဲနေဖို့ ထပ်မံအကြံပြုခဲ့ပါတယ်။ ဒါပေမယ့် ကလေးတွေအတွက် စိုးရိမ်စိတ်က ရှိနေပြန်တော့ သက်ဆိုင်ရာမြို့နယ် ကွာရန်တင်းစင်တာက Focal TMO တစ်ယောက်ကို ဖုန်းဆက်ပြီး အနည်းဆုံး အနံ့ပျောက်သူတွေ သီးသန့်ထားတဲ့ နေရာ (Anosmia Center) လောက်မှာဖြစ်ဖြစ် ထားပေးလို့ ရ/မရ မေးကြည့်ရပြန်တယ်။ သူကလည်း Anosmia Center တွေရော၊ ကွာရန်တင်းစင်တာတွေပါ လူပြည့်နေတဲ့အတွက် Fever Clinic ဖက်က အကြံပြုတဲ့အတိုင်း အိမ်မှာပဲ သီးသန့်ခွဲနေဖို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒါနဲ့ ကိုယ်တွေလည်း သက်ဆိုင်ရာ မြို့နယ် ကိုဗစ်ရောဂါကာကွယ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက တာဝန်ရှိသူတစ်ယောက်ကို အကြောင်းကြားပြီး မိသားစုလိုက် Home Quarantine ယူခဲ့ကြတယ်။

Fever Clinic က ရောဂါလက္ခဏာပြသူကို (၁၀) ရက်လောက် သီးသန့်ခွဲနေရင် အဆင်ပြေတယ် ပြောပေမယ့် ပိုပြီး စိတ်ချရအောင် (၁၅) ရက်အတိ နေခဲ့ပါတယ်။ ရောဂါလက္ခဏာ စပြတဲ့နေ့ကနေ သုံးပါတ်မြောက်နေ့ အောက်တိုဘာ (၂၁) ရက်နေ့မှာ မိသားစုဝင် (၄) ယောက်စလုံး SARS-CoV-2 Antibody Test ယူကြည့်ခဲ့ကြပါတယ်။ ထူးဆန်းတာက နီးနီးကပ်ကပ် နေကြထိုင်ကြတဲ့ မိသားစုဝင်တွေဖြစ်လို့ အကုန်လုံး ရောဂါပိုးကူးစက်ခံခဲ့ရပြီးပြီ ထင်ပေမယ့် စစ်ကြည့်တဲ့အခါ ရောဂါလက္ခဏာပြတဲ့ မဟေသီနဲ့ သူနဲ့ အနီးကပ်ဆုံး သားငယ်မှာပဲ ရောဂါပိုးကူးစက်ခံခဲ့ရပြီး ကိုယ်နဲ့ သားကြီးမှာ ရောဂါပိုးကူးစက်ခံရခြင်း မရှိခဲ့ကြောင်း သိလိုက်ရတယ်။ အဲဒီရလဒ်ကို အတည်ပြုပြောဆိုနိုင်ဖို့ ရောဂါလက္ခဏာစပြတဲ့နေ့ကနေ (၅) ပါတ်မြောက်တဲ့ ဒီနေ့မှာ ဒုတိယအကြိမ် ပြန်စစ်တဲ့အခါမှာလည်း တူညီတဲ့ ရလဒ် (IgG Positive) ပဲ တွေ့ရပါတယ်။ ကိုယ်ခံအား အပြည့်အဝထုတ်ပြီး ရောဂါပိုးကို တွန်းလှန်တိုက်ထုတ်အောင်မြင်ပြီးတဲ့ အခြေအနေပေါ့။

ဒီမှာ ပြောချင်တာတစ်ခုက သက်ဆိုင်ရာ Fever Clinic က ဆရာဝန်တွေရော၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတွေပါ အောက်ခြေမြေပြင်အခြေအနေကို သဘောပေါက်နားလည်ပြီး ရောဂါပိုးကူးစက်ခံရတဲ့ လူနာတွေကို လက်တွေ့ကျတဲ့ အကြံဉာဏ်မျိုး ပေးနိုင်ကြတာပါပဲ။ ကွာရန်တင်းစင်တာတွေ နေရာပြည့်နေတာကြောင့်ထက် ရောဂါပိုးကူးစက်ခံရသူတိုင်း ကွာရန်တင်းစင်တာခေါ်ဖို့နဲ့ ဆေးရုံတက်ခိုင်းဖို့ မလိုကြောင်း သူတို့ နားလည်လက်ခံထားပုံရကြပါတယ်။ ကမ္ဘာတစ်ဝှမ်း သုတေသနတွေ့ရှိချက်တွေအရလည်း ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်းလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ဘာရောဂါလက္ခဏာမှတောင်မပြဘဲ၊ ၁၅ ရာခိုင်နှုန်းလောက်ပဲ ရောဂါလက္ခဏာ အတန်အသင့် ပြင်းထန်ကြပြီး၊ ဆိုးရွားပြင်းထန်ရောဂါလက္ခဏာပြသူ ၅ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ အဲဒီထဲကမှ ရောဂါခံတစ်မျိုးမျိုးရှိတဲ့ ၂ ရာခိုင်နှုန်းလောက်ပဲ သေဆုံးကြတာပါ။ အဲဒါ Global Trend ဖြစ်သလို မြန်မာနိုင်ငံမှာလည်း အလားတူ အခြေအနေပါပဲ။

ဖြစ်သင့်တာက လူဦးရေများများ စစ်နိုင်အောင်ကြိုးစား၊ ပိုးတွေ့တဲ့ လူဦးရေထဲက ရောဂါလက္ခဏာမပြတဲ့ (တစ်နည်း — ရောဂါကြောင့် သေမှာမစိုးရိမ်ရတဲ့) ၈၀ ရာခိုင်နှုန်းကို ကွာရန်တင်းစင်တာတွေ၊ ဆေးရုံတွေမှာ မခေါ်တော့ဘဲ၊ ရောဂါကြောင့် အတန်အသင့် ထိခိုက်ခံစားရတဲ့ ၁၅ ရာခိုင်နှုန်းရယ်၊ ဆိုးဆိုးရွားရွား ထိခိုက်ခံစားရပြီး အသက်ဆုံးရှုံးနိုင်ခြေရှိတဲ့ ၅ ရာခိုင်နှုန်းရယ်၊ သက်ကြီးရွယ်အိုတွေရယ်ကိုပဲ ဆေးရုံတွေ၊ မြို့နယ်ကျန်းမာရေးဌာနတွေမှာ နေရာကောင်းကောင်းမွန်မွန်ပေးပြီး အထူးကြပ်မတ်ကုသမှု ပေးသင့်ပါတယ်။ အဲဒါဆို ကျန်းမာရေးဝန်ထမ်းတွေရော စေတနာ့ဝန်ထမ်းတွေအတွက်ပါ ဝန်ထုတ်ဝန်ပိုးလျော့သွားပြီး လူနာတွေအပေါ် ပိုမိုကောင်းမွန်တဲ့ ပြုစုကုသမှုမျိုးပေးနိုင်မှာဖြစ်သလို၊ သေဆုံးဦးရေနှုန်းလည်း သိသိသာသာ လျော့ကျသွားနိုင်ဖွယ်ရှိပါတယ်။

နောက်တစ်ချက်က Lockdown ကိစ္စပါ။ ရန်ကုန်မှာ (၂) လနီးပါး Lockdown လုပ်ထားခဲ့ပေမယ့် ရောဂါကူးစက်မှုနှုန်းကျမသွားတာ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်တဲ့ ရောဂါကူးစက်ခံရသူဦးရေပြ ကိန်းဂဏန်းတွေက သက်သေပါ။ တကယ်တော့ အဲဒီကိန်းဂဏန်းဟာ နမူနာအရေအတွက်ပြ ကိန်းဂဏန်းသာဖြစ်သေးပြီး (စစ်ဆေးတဲ့ နည်းလမ်းမှာ အားနည်းချက်ရှိနိုင်တာကြောင့်) လက်တွေ့မြေပြင်အခြေအနေကို ထင်ဟပ်နိုင်မှု နည်းပါလိမ့်မယ်။ သူများနိုင်ငံတွေမှာ သက်ဆိုင်ရာ နေရာဒေသတစ်ခုကို Lockdown လုပ်တဲ့အခါ အဲဒီဒေသမှာနေထိုင်တဲ့ အိမ်ထောင်စု (သို့မဟုတ်) အိမ်ထောင်စုဝင်တွေရဲ့ အလုပ်အကိုင်၊ ဝင်ငွေနဲ့ ငွေကြေးစုဆောင်းနိုင်မှုအနေအထား (Household / Individual employment, income, and saving statuses) တွေကို စနစ်တကျ ထည့်သွင်းစဉ်းစားပြီးမှ ဆောင်ရွက်ကြပုံရပါတယ်။

မျှော်မှန်းထားတဲ့အတိုင်း သတ်မှတ် Lockdown ကာလအတွင်း ကူးစက်မှုနှုန်းကို မထိန်းချုပ်နိုင်တဲ့အခါ Lockdown ကာလ ထပ်မံတိုးမြင့်ဖို့ လိုအပ်လာခဲ့ရင် ရှေ့ဆက်ဆောင်ရွက်သင့်တဲ့ အစီအစဉ်တွေကို သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနအသီးသီးကြား ဆွေးနွေးညှိနှိုင်း အဖြေရှာပြီး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ကြပုံပါပဲ။ ဒီမှာလည်း တခြားနိုင်ငံတွေမှာလို အလားတူ ပူးပေါင်းဆောင်ရွက်မှုမျိုး ရှိထားနိုင်ပါစေလို့သာ ဆုတောင်းရပါတယ်။ ကိုဗစ်ကာလ စီးပွါးရေး ပြန်လည်ကုစားမှု အစီအစဉ် (CERP) ရှိပေမယ့် အခုလို ကာလကြာရှည် Lockdown ကာလမှာ မမျှော်လင့်ဘဲ ပေါ်ပေါက်လာတဲ့ စီးပွါးရေးအကြပ်အတည်းမျိုးကို ကုစားနိုင်ဖို့ အစီအစဉ် အဆင်သင့်ရှိမနေသေးဘူးလို့လည်း မြင်မိလို့ပါ။

ဘာပဲဖြစ်ဖြစ် ဒီကပ်ဘေးကြီးကို အစိုးရနဲ့ ပြည်သူ ဟန်ချက်ညီညီ ပူးပေါင်းပြီး အမြန်ဆုံး ရင်ဆိုင်ကျော်လွှားနိုင်ဖို့ မျှော်လင့်မိပါတယ်။

Htet Paing Oo

Be the first to comment

Leave a Reply

Your email address will not be published.


*