ဘုန်းကြီး နှစ်ပါးက ခေါ်လာသည့် ခိုးဝင် တရုတ်နိုင်ငံသား (၄) ဦးကို ပြင်ဦးလွင်မှာ ဖမ်းမိ

ဘုန်းကြီး နှစ်ပါးက ခေါ်လာသည့် ခိုးဝင် တရုတ်နိုင်ငံသား (၄) ဦးကို ပြင်ဦးလွင်မှာ ဖမ်းမိ

ကိုဗစ်ကာလအတွင်း ပြင်ဦးလွင်၌ တရားမဝင် တရုတ်နိုင်ငံသား (၅၀)ဝန်းကျင် ဖမ်းမိခဲ့

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် နိုဝင်ဘာ(၂)ရက် နံနက်ပိုင်းက မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများနှင့် ၎င်းတို့ကို အခကြေးငွေယူကာ ကားဖြင့် သယ်ဆောင်လာသူ ဘုန်းကြီးနှစ်ပါးအား တွေ့ရှိဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို ပြင်ဦးလွင် မြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ(၂)ရက် နံနက်(၅)နာရီခန့်က ပြင်ဦးလွင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ပြင်ဦးလွင် မြို့ရှောင်လမ်းနှင့် ဆင်ခေါင်းလေး လမ်းဆုံ၌ ရပ်ထားသော ပါဂျဲရိုးအမျိုးအစား ယာဉ်တစ်စီးအား စစ်ဆေးရာ ယာဉ်ပေါ်တွင် တရုတ်နိုင်ငံသား လေးဦးနှင့် သံဃာနှစ်ပါးအား တွေ့ရှိသဖြင့် မြို့နယ်ရဲစခန်းသို့ ခေါ်ယူ မေးမြန်းခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့ မေးမြန်းရာ တရုတ်နိုင်ငံသားလေးဦးသည် ကျယ်ဂေါင်မြို့နယ်မှတဆင့် မြန်မာ နိုင်ငံအတွင်းသို့ အထောက်အထား တစ်စုံ တစ်ရာ မပါရှိဘဲ တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှီခဲ့ပြီး ၎င်းတို့ကို ဘုန်းကြီးနှစ်ပါးသည် အခကြေးငွေရယူကာ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ကားယာဉ်မောင်းမှာမူ ထွက်ပြေးသွားခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

“သူတို့က (တရုတ်နိုင်ငံသားများ) တစ်ပါးကို နှစ်သိန်းစီ ကပ်မယ်ဆိုပြီးတော့ လေးသိန်းပေါ့၊ ဘုန်းကြီးတွေက ၁၆မိုင်ဂိတ်ကို ဖြတ်ပေးမယ်ဆိုပြီး သူတို့ကားနဲ့ သယ်ခဲ့တာပေါ့၊ ကားက Without (လိုင်စင်မဲ့) လားတော့မသိဘူး၊ ကျွန်တော်တို့ စစ်ဆေးနေတယ်” ဟု ပြင်ဦးလွင်မြို့မရဲစခန်းမှ ရဲအရာရှိက ပြောသည်။

လတ်တလော စစ်ဆေးချက်များအရ တရုတ်နိုင်ငံသားများကို အခကြေးငွေယူကာ ကားဖြင့် ခေါ်ဆောင်လာသည့် သံဃာနှစ်ပါးသည် တံတားဦးမြို့နယ်မှ ဖြစ်ပြီး၊ တရုတ်နိုင်ငံသား ‌လေးဦးသည် ကျယ်ခေါင်မှတဆင့် မြဝတီမြို့သို့ သွားရောက်ရန်ဖြစ်သည်ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ဝင်ခွင့် ဗီဇာ မပါရှိဘဲ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသူ တရုတ်နိုင်ငံသား လေးဦးကို ပြင်ဦးလွင်မြို့နယ် ဒု-လဝက ဦးစီးမှုးမှ တရားလိုပြုလုပ်ကာ ပြင်ဦးလွင် မြို့မရဲစခန်း၌ လ.ဝ.က အက်ဥပဒေ ပုဒ်မ ၁၃(၁)ဖြင့်လည်း‌ကောင်း၊ ထွက်ပြေးတိမ်းရှောင်သူ ယာဉ်မောင်းနှင့် သံဃာနှစ်ပါးအား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၆၇ ဖြင့်လည်း‌ကောင်း အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

နိုင်ငံခြားသားများ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှု မရှိစေရေး ပြင်ဦးလွင်မြို့နယ်အတွင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူများမှ စစ်ဆေးဖမ်းဆီးလျက်ရှိရာ ကိုဗစ်ကာလ ရှစ်လခန့်အတွင်း တရားဝင် အထောက်အထား မပါရှိဘဲ မြန်မာနိုင်ငံတွင်း ခိုးဝင်လာသည့် တရုတ်နိုင်ငံသား (၅၀)ဦးခန့် ဖမ်းဆီးရမိခဲ့သည်ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

ကိုဗစ် ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး ပြီးခဲ့သည့် မတ်လမှ စတင်ကာ လေကြောင်း၊ရေကြောင်းနှင့် နယ်စပ်ဝင်ပေါက်များမှ တဆင့် မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြားသား ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်။

ထိုသို့ နိုင်ငံခြားသားများ ဝင်ထွက်ခွင့်ပိတ်ပင်ထားသော်လည်း ပြီးခဲ့သည့် ဇွန်(၁၅)ရက်မှ ဇူလိုင်(၂၉)ရက်အထိ တစ်လခွဲနီးပါးအတွင်း တရုတ်-မြန်မာ နယ်စပ်မှတစ်ဆင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်များသို့ အထောက်အထား တစ်စုံတစ်ရာ မပါရှိဘဲ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၄၁)ဦး ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*