Q ဝင်နေတဲ့သူတောင် မရှောင်ကြတော့ပါ့လား၊ အိပ်ပျော်နေတုန်း ပြုကျင့်ရန် ကြံစည်တယ်တဲ့

နိုဝင်ဘာ ၂ ရက်နေ့က ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် Q ဝင်နေသည့် ရန်ကုန်ပြန် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အသက် ၂၅ နှစ်အရွယ်အမျိုးသားတစ်ဦးက ပြုကျင့်ရန်ကြံစည်ခဲ့ပြီး ၎င်းကို နေ့ချင်းပင်ဖမ်းမိခဲ့ကြောင်း အုတ်ဖိုမြို့နယ် ကိုဗစ် သတင်းပြန်ကြားရေးအဖွဲ့မှ သိရသည်။

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ဆင်ဂေါင်းကျေးရွာအုပ်စု ဆင်ဂေါင်းရွာသစ်နေထိုင်သူ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်မှ အုတ်ဖိုမြို့နယ်သို့ အောက်တိုဘာ ၂၉ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာပြီးနောက် နနွင်းကုန်းကျေးရွာအုပ်စု ဥတိုကျေးရွာ လောကစည်းစိမ်ဘုရားဝန်း ဓမ္မာရုံအနောက်ဘက် မြေကွက်လပ်၌ သီးခြားတဲထိုး၍ Q ထားရှိနေထိုင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါပြန်ကြားရေးအဖွဲ့တာဝန်ရှိသူ ကိုကျော်ရဲလွင်ထံမှ သိရသည်။

ကိုကျော်ရဲလွင်က “သူက ရန်ကုန်ကပြန်လာတာ။ ပြန်လာတော့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေရဲ့ အစီအစဉ်နဲ့ အဲ့ဒီနေရာမှာတဲထိုးပြီး Q ထားတာပေါ့။ အဲ့ဒီအချိန်မှာ အမျိုးသား ၁ ဦးက ပထမလာချောင်းတယ်။ နောက်တစ်ကြိမ်လာပြီး ကြံစည်တယ်ပေါ့နော်။ သူ့ကိုလည်း ဖမ်းမိလိုက်ပါတယ်” ဟု ပြောသည်။

နိုဝင်ဘာ ၂ ရက်နေ့ နေ့လည် ၁၁ နာရီခွဲခန့်အချိန်တွင် ချောင်းဂွကျေးရွာနေထိုင်သူ အသက် ၂၅ နှစ်အရွယ်ရှိ ချစ်ကိုကို ဆိုသူမှာ အမျိုးသမီးငယ် Q ဝင်နေရာတဲအနီး၌ လှည့်ပတ်ချောင်းမြောင်းနေသည်ကို အမျိုးသမီးငယ်ကတွေ့ရှိသွားပြီး မောင်းထုတ်ခဲ့ကြောင်း၊ ယင်းနောက် ၁ နာရီခန့်အကြာ အမျိုးသမီးသမီးငယ် အိပ်ပျော်နေစဉ် ချစ်ကိုကိုမှာ ပြန်လည်ရောက်ရှိလာပြီး အတင်းအဓမ္မ ပြုကျင့်ရန်ကြိုးစားသဖြင့် အော်ဟစ်အကူအညီတောင်းခံရာ ဘုရားဂေါပကအဖွဲ့မှ ကြားသိပြီး ရောက်ရှိလာကြချိန် ချစ်ကိုကိုမှာ အနောက်ဖက်လယ်ကွင်းများထဲသို့ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု အုတ်ဖိုမြို့နယ် ကိုဗစ် သတင်းပြန်ကြားရေးအဖွဲ့မှ သိရသည်။

ဥတိုကျေးရွာရှိရွာသူရွာသားများက ကျူးလွန်သူ ချစ်ကိုကိုကို ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပြီး ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့သည်ဟု သိရသည်။ အုတ်ဖိုမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် ချစ်ကိုကိုကို ရဲစခန်း၌ အမှုဖွင့်ထားကြောင်း စခန်းမှ တာဝန်ကျရဲတပ််ဖွဲ့ဝင်က ပြန်လည်ဖြေကြားခဲ့သည်။

အုတ်ဖိုမြို့တွင် Q စင်တာ ၃ ခုရှိပြီး ၂ ခုတွင် ပြည်ပပြန်အမျိုးသားများထားရှိကြောင်း၊ ကျန် ၁ ခုတွင် ပြည်ပပြန်အမျိုးသမီးနှင့် ကလေးများထားရှိကြောင်း၊ ယခင်က ရန်ကုန်ပြန်များကို စာသင်ကျောင်းများတွင်ထားရှိသော်လည်း လက်ရှိတွင် ရွေးကောက်ပွဲအတွက် စာသင်ကျောင်းများကို မဲရုံအဖြစ် အသုံးပြုနေသောကြောင့် ရန်ကုန်ပြန်များကို ထားစရာနေရာမရှိရာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၏ အစီအမံဖြင့် အဆင်ပြေသင့်လျော်မည့်နေရာတွင် Q ထားရှိနေကြောင်း ၊ ဘုန်းကြီးကျောင်းများတွင်ထားရန်လည်း အဆင်မပြေသလို ရပ်ကွက်များအတွင်း ထားရှိရန်မှာလည်း ရပ်ကွက်က လက်မခံသည့် အနေအထားများရှိကြောင်း ကိုကျော်ရဲလွင် ပြောပြချက်အရ သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*