မကျေပွဲကို ချက်ချင်းပြန်လုပ်မယ်ဆိုရင်လည်း အသင့်ပဲလို့ အောင်လအန်ဆန်ပြောဆို

မစ်ဒယ်ဝိတ်တန်းခါးပတ်ကို စိန်ခေါ်သူ ဒီရစ်ဒါကို အရေးနိမ့်ကာ လွှဲပြောင်းပေးခဲ့ရပြီးနောက်မှာ အောင်လအန်ဆန်က သူ့ရဲ့ရှုံးပွဲအတွက် ပရိသတ်တွေကို တောင်းပန်စကားဆိုသွားခဲ့ပါတယ်။ မစ်ဒယ်ဝိတ်ချန်ပီယံအောင်လဟာ ပထမအချီမှာပဲ ဒီရစ်ဒါရဲ့ ချုပ်ကွက်ကြောင့် အရေးနိမ့်ခဲ့တာဖြစ်ပြီး ဘယ်လိုမှ ရုန်းထွက်မရဖြစ်ခဲ့ကာ လက်ပုတ်အရှုံးပေးသွားခဲ့ရပါတယ်။

ဒီအတွက်ကြောင့် ၃ နှစ်နီးပါးကြာ ထိန်းသိမ်းထားလာခဲ့တဲ့ မစ်ဒယ်ဝိတ်တန်းခါးပတ်ကို စွန့်လွှတ်လိုက်ရပြီဖြစ်ပါတယ်။ ဒီရစ်ဒါကတော့ ၁၃ ပွဲဆက်တိုက်အနိုင်ရပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံဖြစ်လာခဲ့ကာ ဝမ်းချန်ပီယံရှစ်ရဲ့ လေးဦးမြောက်မစ်ဒယ်ဝိတ်ချန်ပီယံအဖြစ် မှတ်တမ်းဝင်လာခဲ့ပြီး စိန်ခေါ်မယ့်သူတွေကို စောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အောင်လအန်ဆန်က “ဒီနေ့ ကျွန်တော်အနိုင်မရခဲ့လို့ ပရိသတ်ကြီးစိတ်ပျက်နေမယ်ဆိုတာသိပါတယ်၊ ကျွန်တော် ပိုမိုသန်မာစွာနဲ့ ပြန်လာခဲ့ပါ့မယ်၊ ပြန်ထိုးပွဲအတွက်ကတော့ ကျွန်တော့်ကို ကြားထဲမှာ အခြားပွဲတွေထိုးခိုင်းဦးမလားဆိုတာတော့ မသိသေးပါဘူး၊ ထိုးရမယ်ဆိုရင်လည်း ကျွန်တော့်ဘက်က သက်သေပြသွားဖို့ အသင့်ဖြစ်အောင် ကြိုးစားသွားမှာပါ”

“ချက်ချင်းပဲ ပြန်ထိုးပွဲလုပ်မယ်ဆိုရင်လည်း အသင့်ပါပဲ၊ တခြားပွဲတွေထိုးရမယ်ဆိုလည်း ကျွန်တော့်အတွက်ပြသနာမရှိပါဘူး” လို့ အောင်လအန်ဆန်က ပြောဆိုသွားခဲ့ပါတယ်။

“ပြိုင်ပွဲ စီစဉ်သူတွေ သဘောပါပဲ။ သူတို့က ကျွန်တော့်ကို ထိုက်တန်ကြောင်း သက်သေပြခိုင်းဦးမယ် ဆိုရင်လည်း ကျွန်တော် လုပ်နိုင်ပါတယ်။ တခြား ပွဲတွေ ကစားရဦးမယ် ဆိုရင်လည်း ကျွန်တော့် အတွက် ပြဿနာ မရှိပါဘူး။ ကပ်လျက်ပွဲမှာပဲ ဒီရစ်ဒါ နဲ့ ချက်ချင်း ပြန်ထိုးသတ် ရမယ် ဆိုရင်လည်း ကျွန်တော့် အတွက် အဆင်ပြေပါတယ်” လို့ အောင်လအန်ဆန်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲ မှာ ပြောသွားခဲ့ပါတယ်။

အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်တန်းချန်ပီယံအဖြစ် ရက်ပေါင်းတစ်ထောင်ကျော် ရပ်တည်နိုင်ခဲ့ပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံတွေထဲမှာတော့ ချန်ပီယံခါးပတ်ကို အချိန်အကြာဆုံးထိန်းသိမ်းထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*