
ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး အကြောင်းတစ်ခုခုကြောင့်တော့ ဖုန်းကို မလွှဲမရှောင်သာ အသုံးပြုနေကြရတာပဲ ဖြစ်ပါတယ်။
မရှောင်လွှဲနိုင်တဲ့ အခြေအနေကြီးမှာ ဖုန်းအသုံးပြုခြင်းက တစ်နေ့တာရဲ့ အရေးကြီးတဲ့အချိန်တွေကို
သိမ်းပိုက်ထားတာမျိုး မဖြစ်ရအောင် ဖုန်းအသုံးမပြုသင့်တဲ့ အချိန်တွေကို အခုလို ဖော်ပြပေးလိုက်ရပါတယ် … ။
ဒီလို ဖုန်းအသုံးမပြုဖြစ်အောင် ဆင်ခြင်ခြင်းကနေ ရလာမယ့်အကျိုးကျေးဇူးလေးတွေကို ပြောပြပေးသွားမှာပါနော်။
(၁) မနက် အိပ်ရာနိုးနိုးချင်း
လူအတော်များများကတော့ နိုးနိုးခြင်း ပုံမှန်လုပ်မြဲ အလုပ်တစ်ခုလို ဖုန်းကို အရင်ဆုံး သုံးလေ့ ရှိကြပါတယ်။
တစ်နေ့တာရဲ့အစ မနက်ခင်းမှာ စိတ်ကြည်လင် လန်းဆန်းဖို့ဆိုတာ သိပ်ကို အရေးကြီးပါတယ်။
နိုးနိုးချင်း အိပ်ယာထဲမှာ ဖုန်းနဲ့ အချိန်ကုန်လိုက်ခြင်းက လူကို လေးလံသွားစေသလို facebook ကြည့်တတ်ကြတဲ့သူတွေအတွက်
facebook ကနေ စိတ်ညစ်စရာတွေ တွေ့လာခဲ့တဲ့အခါ စိတ်ကြည်လင်မှုကို အနှောင့်အယှက် ပေးမှာပဲ ဖြစ်ပါတယ်။
အဲ့ဒီအစား မနက်နိုးနိုးခြင်း ဖုန်းအသုံးမပြုဘဲ ဝရန်တာထွက်ပြီး လေအဝရှုလိုက်တာ၊ ပတ်ဝန်းကျင်ကို
ကြည့်လိုက်တာမျိုးက စိတ်လန်းဆန်းမှုနဲ့ တက်ကြွမှုကို ရစေမှာပဲ ဖြစ်ပါတယ်။
(၂) အစားအသောက်စားချိန်တွေ
အစားအသောက် စားချိန်မှာ ဖုန်းအသုံးပြုဘဲ အစားအသောက်ကို အာရုံစိုက်စားတာမျိုး လုပ်သင့်ပါတယ်။
အစားအသောက်က ပေးတဲ့ အစာစွမ်းအင်မျိုး၊ အစာစားချင်စိတ်ကို ပုံမှန်ဖြစ်စေတာမျိုးနဲ့
အစာခြေစနစ် ကောင်းမွန်ဖို့အတွက် အစားအသောက်အပေါ်ပဲ အာရုံစိုက်စားဖို့ လိုအပ်နေပါတယ်။
အစားအသောက်က ပေးတဲ့ အရသာကို သေသေချာချာ ခံစားနိုင်မှုကလည်း အစားအသောက်ကို အာရုံစိုက်စားခြင်းမျိုးကနေ ရနိုင်တာပဲ ဖြစ်ပါတယ်။
(၃) ညအိပ်ယာဝင်ချိန်
မနက် အိပ်ယာနိုးချိန်မှာ ကြည်ကြည်လင်လင် နိုးဖို့ အတွက် ညအိပ်ယာဝင်ချိန်မှာ ခေါင်းရှင်းရှင်းလင်းလင်းနဲ့ အိပ်ပျော်ဖို့ အရေးကြီးပါတယ်။
ဖုန်းအသုံးပြုနေရင်း အိပ်ပျော်သွားတာမျိုး၊ facebook အသုံးပြုနေရင်း အိပ်ခါနီး ဝမ်းနည်းစရာ သတင်းတွေ တက်လာတာမျိုး၊
စိတ်ညစ်စရာတွေ တွေ့လိုက်ရတာမျိုးက အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်ပါတယ်။
စိတ်ဖိစီးမှုတွေနဲ့ ဦးနှောက်ပင်ပန်းမှုတွေလည်း ဖြစ်သွားစေနိုင်ပါတယ်။ အဲ့ဒီအစား ဖုန်းကို အသုံးမပြုပဲ
အိပ်စက်တာမျိုးက အိပ်စက်ခြင်းကနေပေးတဲ့ စွမ်းအင်ကို အပြည့်အဝ ရစေမှာပဲ ဖြစ်ပါတယ်။
(၄) အလုပ် လုပ်ချိန်
အလုပ်လုပ်တဲ့ အချိန်တွေက ဖုန်းတွေ အသုံးမပြုလေ ကောင်းလေပါပဲ။ အလုပ်နဲ့ ပတ်သတ်တာတွေ ဖုန်းနဲ့ ဆက်သွယ်တာကမျိုးကလွဲရင်
အလုပ်ချိန်မှာ ဖုန်းသုံးတာက သင့်ကို စိတ်အပြောင်းအလဲ ဖြစ်စေတာမျိုးထက် တစ်ခါတစ်လေ ထိုင်းမှိုင်းသွားစေတတ်ပါတယ်။
အလုပ်လုပ်နိုင်စွမ်းကိုလည်း နှေးကွေးသွားစေလို့ အလုပ်မှာ အာရုံစိုက်တာက အကောင်းဆုံးပါပဲ။
(၅) လမ်းသွားတဲ့အချိန်
လမ်းလျှောက်နေရင်း ဖုန်းသုံးတာက တကယ့်ကို အန္တရာယ်ကြီးတဲ့ ကိစ္စပါပဲ။ ဖုန်းကို အာရုံစိုက်ပြီး ငုံသုံးနေတဲ့အတွက်
ယာဉ်အန္တရာယ်တွေကို ကြုံရနိုင်ပါတယ်။ ဒါ့အပြင် မသမာသူတွေရဲ့ ဖုန်းလုတာမျိုးတွေကိုပါ ရင်ဆိုင်ရတတ်တာကြောင့်
လမ်းသွားနေတဲ့အချိန်မှာ ဖုန်းလုံးဝ မသုံးသင့်ပါဘူးနော် … ။
#Kham
Leave a Reply