သတ်သတ်လွတ် ကြက်ဥ ကို စားလို့ အပြစ် ကြီးကြီးမားမား မရှိဘူးလို့ ထင်နေကြတုန်း ပဲလား

သတ်သတ်လွတ် ကြက်ဥ ကို စားလို့ အပြစ် ကြီးကြီးမားမား မရှိဘူးလို့ ထင်နေကြတုန်း ပဲလား

နတ်ကိုးကွယ်ကြ လို့ ဝက်သား ရှောင်တယ်။ စပါးစိုက်ပေးလို့ နွားကို မစား ဘူး။ သားကြီး ငါးကြီး မစားဘူး။ အဲဒီတော့ ကြက်ကိုပဲ စားကြတယ်။ တချို့ သတ်သတ်လွတ် စားတဲ့သူတွေက ကြက်ဥတော့ စား လို့ ရတယ်ဆိုပြီး စားတယ်။ ကြက်သားနဲ့ ကြက်ဥကို စားလို့ ဘယ်တုန်းကမှ အပြစ်ကြီးကြီးမားမား ရှိမယ် မထင်ခဲ့ဘူး။ တနေ့က TV အစီအစဉ် တစ်ခုကြည့်လိုက်တော့မှ တစ်သက် လုံး မြင်ခဲတဲ့ အမြင်တွေ တစ်မျိုး ဖြစ်သွားတယ်။ အဲဒါကို သင့်တော်သလို ပြန်ရေးလိုက်တယ်။

ကြက်နဲ့ ကြက်ဥ ဘယ်က စရင် ကောင်းမလဲ။ ကြက်ဥ က စရအောင်။ ကြက်ဥထုတ်ဖို့ ဥစားကြက်တွေကို သပ်သပ်မွေးပြီး ကြက်ဥ ထုတ်ပါတယ်။ ဥစား ကြက်ပေါက်ကလေးတွေ ဥကနေ ထွက်လာတာနဲ့ အထီးနဲ့ အမ ခွဲလိုက်ပါတယ်။ အထီးဆိုရင် ချက်ချင်း သတ်ပစ်လိုက်ပါတယ်။ မွေးထားရင် ကျွေးရတာပဲ ရှိမှာမို့ပါ။ သတ်တယ် ဆိုတာလည်း ဓါတ်ငွေ့ပေးပြီး သတ်တာပါ။ သက်သက်ညှာညှာ ဆိုပြီးတော့။ အင်မတန် ချစ်စရာ ကောင်းတဲ့ ကြက်ပေါက်လေးတွေကို မျက်စိထဲ မြင်ကြည့်မယ် ဆိုရင်တော့ ဒီလို အကောင် ပေါက်လေးတွေကို သတ်ဖို့ မပြောနဲ့ သေသွားရင်တောင် စိတ်ကောင်းမှာ မဟုတ်ဘူး။မြန်မာပြည်မှာတော့ ကျွန်တော် တို့ ငယ်ငယ်တုန်းက ကြက်ပေါက်လေးတွေ လိုက်ရောင်း ပါတယ်။ ဒီလို ဥစားကြက် အထီးလေးတွေ ဖြစ်မှာပဲ။ အိမ်မှာ မွေးထားသေးတယ်။ အတော် ကြီးလာပြီးမှ သေသွားတယ်။ မြန်မာပြည်မှာပဲ ဒီလို ကြက်ထီးပေါက်လေးတွေကို ငုံးကြော်ဆိုပြီး ညာရောင်း တာလည်း ရှိပါတယ်။ ကြွတ်ကြွတ် ကြွတ်ကြွတ်နဲ့ စားကောင်းတယ် ထင်ရမယ်။

မသေဘဲ ကျန်ခဲ့တဲ ကြက်မဟာ ၁၈ ပတ်သားကနေ စပြီး မသေမချင်း လှောင်အိမ် ထဲမှာပဲ တစ်နှစ်ကျော်ကျော်ကြာ နေရတော့တယ်။ နှစ်ပေ ပတ်လည် လှောင်အိမ် ထဲမှာ ကြက်မ ၆ ကောင်လောက် နေရတယ်။ တစ်ကောင်အတွက် ရတဲ့ နေရာက ရှူးဖိနပ်ဘူး တစ်ဘူးစာလောက်။ ငှက်တစ်ကောင်အတွက် အတောင် ဖြန့်ရတယ်ဆိုတာ ဥစားကြက်မတွေမှာ မရှိပါဘူး။ အတောင်ဖြန့်ဖို့ နေနေသာသာ ပေးတောင် မလှုပ်ပါဘူး။ လှုပ်လှုပ်ရှားရှား နေမယ်ဆို အစာပိုကျွေးရမယ်လေ။ ကြက်မတွေ အတွက်တော့ လှောင်အိမ်ရှေ့ ကွန်ဗေရာပေါ်က အစာတွေကိုစား လှောင်အိမ်အောက်က ကွန်ဗေရာပေါ်ကို ဥတွေဥချ။ ဒါပဲ သူတို့ အတွက် တစ်သက်စာ လုပ်စရာက။

ပြင်ပက ရောဂါပိုးတွေ မဝင်အောင် ကြက်လှောင်အိမ်တွေကို ဂိုဒေါင်လိုမျိုးထဲမှာ ဆောက်ထားပြီး ဒီအထဲ ရောက်လာတဲ့ ကြက်မတစ်ကောင်ဟာ နေရောင်ကို မမြင်ရတော့ပါဘူး။ သဘာဝတရားအတိုင်း နေထိုင်ခွင့် မရှိတော့ပါဘူး။ ဥမဥနိုင်တဲ့ အချိန်ရောက်မှ ဒီအထဲက ခေါ်ထုတ်သွားပြီး သတ်ပစ်လိုက်မှာပါ။ ဥဥရုံ မွေးထား ကျွေး ထားတဲ့ ကြက်တွေဟာ အသားအတွက်တော့ စားလို့ မကောင်းတော့ ပုံစံပြောင်းပြီး ရောင်းကြပါတယ်။ ကြက်အူချောင်းလိုမျိုးတွေ ကြက်သားမှုန့်လိုမျိုးတွေပါ။ ယူကေမှာတော့ တိရစ္ဆာန် စောင့်ရှောက်ရေး အဖွဲ့တစ်ဖွဲ့က ဒီလို ကြက်မတွေကို မွေးစားတာမျိုး လုပ်ပေး ပါတယ်။

ဒီလို လှောင်အိမ်တွေကို Battery Cage လို့ခေါ်ပြီး ဒါဟာ နည်းပညာ တိုးတက်လာမှုရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ကြက်ဥတွေကို ဘယ်လို ဈေးပေါပေါနဲ့ ထုတ်ရမလဲဆိုတာကို သိပ္ပံနည်းကျ အကောင်အထည် ဖော်ထားတာပါ။ ဒီနေ့ခေတ်မှာ ကုန်စုံဆိုင် တစ်ခုကို ဝင်ကြည့်လိုက်မယ်ဆိုရင် ကြက်ဥ ၁၀ လုံး/တစ်ဒါဇင် ဈေးဟာ ခေါင်းထဲ ထည့်စရာ မလိုလောက်အောင်ကို ချိူသာနေပါတယ်။ ဟင်းသီးဟင်းရွက် တစ်စည်းစာထက်ကို နည်းနေပါသေးတယ်။ အသားမစားနိုင် မစားချင်လို့ ကြက်ဥစားမယ်ဆိုရင်လည်း တွက်ချေကိုက်တဲ့ အာသာပြေစေတဲ့ အာဟာရလည်း ပြည့်ဝတဲ့ အစားထိုးစရာ တစ်ခုပါ။

လူတွေအတွက် နည်းပညာဟာ ကြက်မတစ်ကောင်အတွက်တော့ ပိုရက်စက်တဲ့ အကျဉ်းစံ ဘဝပါပဲ။ လှောင်အိမ်ထဲမှာ ကျဉ်းကျဉ်းကျပ်ကျပ် နေရလို့ တစ်ကောင်နဲ့ တစ်ကောင် နှုတ်သီးနဲ့ မထိုးမိအောင် ကြက်မတွေကို နှုတ်သီးတုန်းပစ်ပါတယ်။ ကြက်နှုတ်သီးမှာ အင်မတန် ခံစားနိုင်တဲ့ အာရုံကြောတွေ ရှိလို့ နှုတ်သီးတုန်းချိန်မှာ ကြက်ဟာ မခံစားနိုင်အောင် နာကျင်ရပါတယ်။ ခေါင်းမှာ ရှိတဲ့ အင်္ဂါတွေ အားလုံးဟာ အာရုံကြောတွေ ပိုများပြီး ဦးနှောက်နဲ့လည်း နီးလို့ အင်မတန် ခံစားလွယ်တာကို စဉ်းစားကြည့်နိုင်ပါတယ်။

သဘာဝအတိုင်းဆို တစ်နှစ်လုံးနေမှ ဥ နှစ်ဆယ် အစိတ်လောက် ဥရာကနေ ဥ ၂၀၀ ကျော် ဥအောင် အစားတွေထဲမှာ ဆေးတွေ ထည့်ထားပါတယ်။ ဥဥရလွန်းတဲ့ အတွက် ကြက်မတွေဟာ ကယ်လစီယမ်ဓါတ်တွေ ချို့တဲ့လာပါတယ်။ မလှုပ်မရှား လှောင်အိမ်ထဲမှာပဲ နေရတဲ့ အတွက် အရိုးတွေ ကလည်း မသန်တော့ပါဘူး။ နေ့တိုင်း နေ့တိုင်း ဥတွေ တပြွတ်ပြွတ် ဥပေးရတဲ့ ကြက်မတစ်ကောင်ရဲ့ ဘဝကို စာနာကြည့်မယ် ကိုယ်ချင်းစာကြည့်မယ်ဆို ကလေးမွေးဖူးတဲ့ သူတွေက ပိုပြီး ခံစား တတ်မယ် ထင်တယ်။ ဒါတင် အားမရလို့ ကြက်ဥတွေကို ပိုကြီးအောင် အစာ ထဲမှာ ဆေးတွေထည့်ပြီး ဥတွေကို အကြီးကြီးတွေ ဖြစ်အောင် လုပ်မယ်။ ကြက်ဥအခွံတွေ အနှစ်တွေ အရောင်လှအောင် ဆေးတွေ ထည့်ကျွေးမယ်။

ဒီလို နည်းပညာနဲ့ ကြက်တွေကို မွေးထား တဲ့ အတွက် မွေးမြူသူများဘက်က စားရိတ်အများကြီး သက်သာသွားပါတယ်။ ကြက်ဥ အလေအလွင့် မရှိတော့ပါဘူ။ ကြက်ဥ ကွဲတာ ပျောက်တာ မရှိတော့ပါဘူ။ အစာကိုလည်း တစ်ကောင်ကို ဘယ်လောက်နှုန်းနဲ့ တွက်ပြီး ကျွေးလို့ရတဲ့ အတွက် အတိအကျ ကျွေးချင်တာ ကျွေးလို့ ရလာပါတယ်။ ထိန်းသိမ်းစားစ ရိတ်ကလည်း အများကြီး လျော့နည်းသွားပြီး ကြက်မအကောင် သိန်းချီ မွေးပြီး ဥအလုံးရေ သိန်းချီထုတ်ဖို့ အလုပ်သမားအနည်းငယ်ပဲ လိုတော့တယ်။ အဲဒါကြောင့် ကြက်ဥဈေးဟာ အင်မတန်ကို သက်သာ လာပါတယ်။
စူပါမားကတ်တွေက ဈေးအချိုဆုံး သွင်းလာတဲ့ မွေးမြူရေး သမားတွေဆီက ကြက်ဥတွေကို ပျော်ပျော်ကြီးလက်ခံတယ်။ မွေးမြူရေးသမားတွေကလည်း ကိုယ့်ကြက်ဥ ဈေးကြီးနေမယ်ဆို တခြားသူကို လက်ကားရောင်းတဲ့သူတွေက လက်ခံသွားမှာ ဆိုတော့ စားရိတ်ကို ကျဉ်းနိုင်သမျှ ကျဉ်းအောင် လုပ်ရတယ်။ မွေးမြူ၊ ရောင်းဝယ်ဖောက်ကား၊ ဝယ်ယူစားသုံးနေသူတွေအတွက် ကြက်မတစ်ကောင်ရဲ့ ဘဝဟာ ဘာမျှ ထည့်စဉ်းစားစရာ မလိုတဲ့ အချက်တစ်ချက်လို ဖြစ်နေတော့တယ်။

ဒါကြောင့်မို့လို တိရစ္ဆာန်များ စောင့်ရှောက်ရေး အကျိုးဆောင်တွေက ကြက်တွေကို ဒီလို လှောင်ချိုင့်ထဲမှာ ရက်ရက်စက်စက် မွေးထားပြီး ဥဥစားနေတာကို အပြင်းအထန် ကန့်ကွက်လာတယ်။ တိုးတက်တဲ့ စနစ်ရှိတဲ့ နိုင်ငံတွေမှာတော့ ကြက်မ ဘယ်နှကောင်အတွက် လှောင်အိမ်ဟာ ဘယ်လောက် ကျယ်ရမယ်ဆိုတာကို ပြဌာန်းထားပေမယ့် လှောင်ချိုင့်စံ ဘဝကတော့ မတိုးတက်ပါဘူး။ အီးယူနိုင်ငံတွေမှာတော့ နောက်ငါးနှစ်လောက်ကြာရင် ကြက်တွေကို ဒီလိုလှောင်ပြီး ဥထုတ်တဲ့ စနစ်ကို လုံး၀ ခွင့်မပြုတော့ဘူးလို့ အဆို တင်သွင်း ထားပါတယ်။ ဂျာမနီ၊ ဆွီဒင်နဲ့ ဆွစ်စလန်မှာတော့ ဒီလို လှောင်မွေးတာကို တားမြစ်ထားပါပြီ။

တိရစ္ဆာန် တစ်ကောင်ဟာ မူမှန်တဲ့ ပြုမူလှုပ်ရှားခွင့် ရှိရမယ်ဆိုတဲ့ အချက် ကိုတော့ တစ်ကမ္ဘာလုံး နီးနီးက လျစ်လျူရှုထားစဲပါ။

ဒီထက် နည်းနည်း လူသားဆန်တဲ့ မွေးမြူနည်းစနစ်ကတော့ ကြက်တင်း ကုပ်နဲ့ မွေးတာပါ။ ဂိုဒေါင်အရွယ် တင်းကုပ်ထဲမှာ အောက်က ဖွဲလိုမျိုး ခင်းထားပြီး လှောင်အိမ်မပါဘဲ ကြက်တွေအားလုံးကို ဒီအတိုင်း ထည့်ထားပြီး မွေးတာပါ။ ကြက်မတွေဟာ အထဲမှာ လှုပ်ရှား သွားလာလို့ ရတယ်။ ကြက်တန်းရှိတယ်၊ ဥခင်း ရှိတယ်။ အနည်းငယ် ပျံလို့ရတယ်။ တစ်ကောင်နဲ့ တစ်ကောင် ကြိုက်သလို တွေ့လိုရတယ်။ အပြင်တော့ ထွက်ခွင့် မရှိဘူး။ ကြက်တွေ ငှက်တွေဆိုတာမျိုးကို သိုးတွေ၊ နွားတွေလို သိမ်းရတာ လွယ်တာမှ မဟုတ်တာ။ အပြင် ထွက်ခွင့်ပေးရင် အလုပ်သမားစားရိတ် ပိုကုန်မယ်။ ကြက်ဥတွေ အလေအလွင့် များမယ်။

အခုလို တင်းကုပ်နဲ့ မွေးတာတောင် ကြက်ဥတွေ ကွဲတတ်တော့ အလေအလွင့်က ရှိသေးတယ်။ ပြီးတော့ Battery Cage မှာလိုမျိုး ကြက်ဥတွေကို ဥချလိုက်တာနဲ့ ကွန်ဗေရာပေါ်ကနေ တောက်လျောက် စီပြီး ထုတ်ပိုးတဲ့ နေရာကို တန်းရောက်တာမျိုး မဟုတ်ဘူး။ ကြက်ဥ လိုက်ကောက် ရမယ်။ ဒီလိုနည်းကိုတော့ အလွန် ရက်စက်တယ် မခေါ်ကြတော့ပါဘူး။ ဥပဒေစကားနဲ့ဆို အကျယ်ချုပ်ပေါ့။ ဒီလို မွေးထားတဲ့ ကြက်တွေဆီက ဥတွေကို Free Range Egg လို့ခေါ်ပါတယ်။

ဒီထက် ပိုလူသားဆန်မယ့် နည်းလမ်းကတော့ ကြက်တွေ ကို တင်းကုပ်လည်း ဆောက်ပေးထား။ နေ့လည် နေ့ခင်းဆို စားကျက်မှာလည်း လွှတ်ပေးထားတဲ့ မွေးမြူနည်းပါ။ ကြက်တွေက အိပ်စရာရှိတယ်။ ဥဥစရာ နေရာရှိတယ်။ နေ့ခင်းဆို အပြင်မှာ သဘာဝအတိုင်း သွားလာ လှုပ်ရှားလို့ ရတယ်။ မြေကြီးထဲက တီကောင်၊ ပိုးကောင်း ကို ယက်ရှာပြီး စားသောက်လို့ ရတယ်။ နေရောင်ရတယ်။ သဘာဝလေ ရှူလို့ရတယ်။ သွားလာ လှုပ်ရှားပြီး ပိုကျန်းမာ သန်စွမ်းတယ်။ ကြက်မတွေအတွက် ပိုပြီး ကံကောင်းတာကတော့ ကြက်ဖတွေနဲ့ တွေ့ခွင် ရှိတာပါပဲ။ ကြက်အုပ် တစ်အုပ်ထဲကို ကြက်ဖ တစ်ကောင်လောက် ထည့်ထားပေး တတ်ပါတယ်။

ဒီလို ကြက်မတွေက ထွက်လာတဲ့ ဥတွေကိုတော့ Farm Fresh Egg လို့ခေါ်ပါတယ်။ တစ်ချို့ ကြက်ခြံတွေမှာ ကြက်တွေကို သဘာ၀ အစားအစာ ပြောင်းနှံတွေပဲ ကျွေးပါတယ်။ ဒီလို ကျွေးထားတဲ့ Organic ကြက်ဥတွေက အရွယ်အစား သေးတတ်ပါတယ်။ ကုန်စုံဆိုင်ဘက်က ကြည့်မယ်ဆို ဒီလို ကြက်ဥတွေဟာ ဈေးအကြီးဆုံး နဲ့ အရွယ်အစား အသေးဆုံးပါပဲ။

ကုန်စုံဆိုင်တွေမှာ ကြက်ဥတွေကို အမျိုးအစား ခွဲထားပြီး Cage Egg၊ Free Range နဲ့ Farm Fresh ဆိုတာကို သိသာစွာ စာတမ်းထိုးထားပါတယ်။ ဈေးနှုန်းကလည်း နည်းနည်း ကွာနေပါတယ်။ Cage Egg က ၃ ကျပ်ဆိုရင် Free Range က ၄ ကျပ်၊ Farm Fresh က ၅ ကျပ်လောက်နဲ့ Oragic က ၆ ကျပ်လောက် ပေးရနိုင် ပါတယ်။

လူ့သဘာဝက (ဈေး) ပေါ- (အရွယ်) ကြီး- (အရသာ)ချို လိုချင်တာဆိုတော့ Cage Egg တွေက အရောင်းရဆုံးပါ။ ဒီလို ဝယ်နေတဲ့ အချိန်မှာ တစ်သက်လုံး လှောင်ချိုင့် ကျဉ်းကျဉ်းလေးထဲမှာ နေရပြီး ဥဥဖို့သာသာ ကြက်မဖြစ်လာရတဲ့ ဘဝကို တစ်ချက်လောက်တော့ ငဲ့ညှာသင့်ပါတယ်။ ဗမာတွေက တစ်ကိုယ်ရေ သမားဆို နှစ်ပတ်မှ ကြက်ဥ တစ်ဒါဇင်၊ မိသားစုဆိုရင် တစ်ပတ်မှ တစ်ဒါဇင်စားတတ်တာပါ။ ဘိုတွေလို များများစားစား ဝယ်တတ်တာ မဟုတ်ပါဘူး။

စားအုန်းဆီ စားရင် နှလုံးရောဂါ ဖြစ်မှာ စိုး လို့ ဈေးပိုပေးရတဲ့ ကိုလက်စထရောနည်းတဲ့ ဆီတွေ ဝယ်စားသလို၊ နည်းနည်း အရသာပိုကောင်းတဲ့ အစားအစာတွေကို ဈေးနည်းနည်း ပိုပေးလိုက်ရင် တန်တယ် ထင်သလို ကြက်ဥဝယ်တဲ့ အချိန်မှာလည်း ကြက်တွေရဲ့ ဘဝကို စဉ်းစားပေးပြီး ၁ ကျပ် ၂ ကျပ် ပိုပေးလိုက်ပြီး Cage Egg ကို မဝယ်ဘူး ဆိုရင် ကိုယ့် စည်းစိမ် မပြုတ်သွားပေမယ့် သန်းနဲ့ ချီနေတဲ့ ကြက်တွေရဲ့ ဘဝဟာလည်း သိသိသာသာကြီး တိုးတက် ကောင်းမွန်သွားမှာပါ။ ကိုယ်မဝယ်လည်း သူများက ဝယ်မှာပဲလို့ တွေးမိရင်တော့ တစ်ယောက် တစ်ဇွန်း ထည့်ရမည့် ဆီအိုး ထဲမှာ ရေတွေပဲ ရှိသလို ဖြစ်နေမှာပါ။

အသားစားကြက်တွေ ရဲ့ ဘဝဟာ လည်း မလွယ်လှပါဘူး။ သူတို့ကတော့ အသားတိုးအောင် ရင်အုပ်ဖောင်းအောင် မျိုးစပ် ပြုပြင်ထားတဲ့ ကြက်တွေပါ။ ဥစားကြက်ပေါက်တွေလိုပဲ ဥကပေါက်တာနဲ့ စစ်ဆေးပြီး အနာအဆာရှိတဲ့ ကြက်ကလေးဆိုရင် ချက်ချင်း သတ်ပစ်လိုက်ပါတယ်။ ပြီးတော့ အထူးစပ် ထားတဲ့ အသားတိုး အစာတွေပဲ စားရပါတယ်။ အရွယ်မရောက်သေးပဲ အသားတွေ အများကြီး ချက်ချင်းတိုးလာလို့ သူတို့ကို သူတို့ မသယ်နိုင်ပါဘူး။ အရိုးတွေက ကောင်းကောင်း မထောက်ပံ့ထားနိုင်တော့ အရိုးပျော့ ရောဂါဖြစ်ပြီး ခွေလဲ ယိုင်လဲ ဖြစ်ရပါတယ်။ အသည်းတို့ နှလုံးတို့မှာ အဆီဖုံးတယ်။ ဒီထက် ပိုဆိုးတာကတော့ သူတို့ဟာ သက်တမ်း အနည်းငယ်ပဲ နေရပါတယ်။
ကြက်တစ်ကောင်ဟာ သဘာဝအတိုင်း နေမယ် ဆိုရင် အနည်းဆုံး ၅ နှစ်ကနေ ၁၂ နှစ်လောက်အထိ နေနိုင်တာကို အသားစားကြက်တွေဟာ ရက်ပေါင်း ၅၀ တောင် စေ့အောင် မနေရပါဘူး။ တင်းကုပ်နဲ့ မွေးရင် ရက် ၈၀ လောက်၊ ခြံထဲမှာ လွှတ်ပေးထားတာဆို ရက် ၁၀၀ ကျော်လောက်ပဲ နေရပါတယ်။ ရောင်းစားဖို့ အလေးချိန်ပြည့် တာနဲ့ သတ်ပြီး ရောင်းစားပစ်လိုက်တာပါပဲ။ ကြက်တွေရဲ့ ဘဝဟာ လူတွေစားဖို့ သက်သက်ဖြစ်လာရသလို ဖြစ်နေချိန်မှာ ကိုယ်က နည်းနည်း ညှာတာပေးမယ်ဆိုရင်တော့ သတ္တလောကကြီးက အနည်းငယ် တရားမျှတ လှပလာမှာပါ။

Farm Fresh ကြက်တွေဟာ ပိုချိုပြီး ကြက်ဥတွေ ဟာလည်း ပိုစားကောင်းတယ် ဆိုကြပါတယ်။ မြန်မာပြည်မှာတော့ မွေးမြူရေးကြက် (CP ကြက်) နဲ့ တိုင်းရင်းကြက် (ခြံကြက်) ဟာ ဈေးလည်း ကွာ အရသာလည်း ကွာပါတယ်။ မွေးမြူရေးကြက်တွေက အသားပိုနူးညံ့ပေမယ့် ခြံကြက်တွေက ပိုပြီး ချိုတယ် ဆိုကြပါတယ်။ ကောလ ဟာလလို့ ဆိုပေမယ့် ဖြစ်နိုင်တာ တစ်ချက်ကလည်း လူတွေက အသားတိုး ကြက်တွေ စားပြီး ကြက်သားထဲက ဆေးတွေ ဟော်မုန်းတွေကြောင့် လူတွေဟာလည်း အစားတွေ ပိုစားချင် ကိုယ်အလေးချိန်တွေ မထိန်းနိုင် ဖြစ်ရတယ် ဆို ပါတယ်။ ဒါဟာ ချက်ချင်း ဝဋ်လည်တာလည်း ဖြစ်နိုင်ပါတယ်။

ဒီ Post ကို ဖတ်ပြီး အနည်းငယ် စဉ်းစားပေးမယ်၊ ဝေမျှပေးမယ် ဆိုရင် ရေးရကျိုး ပိုနပ်မယ် ထင်ပါတယ်။

ကျေးဇူးတင်ပါတယ်
Ko Thet Oo (USA)

Be the first to comment

Leave a Reply

Your email address will not be published.


*