ကြက်ပွဲ ဝင်ရောက်ဖမ်းဆီးစဉ် ကံဆိုးသွားရှာတဲ့ ဖိလစ်ပိုင်ရဲအရာရှိ

တိုက်ကြက်နှစ်ကောင်ရဲ့ ခြေထောက်တွေမှာ ချွန်ထက်နေတဲ့ ဆူးချွန်များ တပ်ဆင်ပေးထားကြပါတယ်။

ဖိလစ်ပိုင်မှာ တရားမဝင် ကြက်တိုက်ပွဲကို ဝင်ရောက်ဖမ်းဆီးစဉ် ကြက်ခြေထောက်မှာ တပ်ဆင်ထားတဲ့ ချွန်ထက်တဲ့ ဆူးချွန်နဲ့ ပေါင်ခြံသွေးလွှတ်ကြောကို ထိခိုက်မိပြီး ရဲအရာရှိတစ်ဦး သေဆုံးသွားခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ယနေ့ (အောက်တိုဘာ ၂၇ ရက်) ပြောပါတယ်။

ဖိလစ်ပိုင်မှာ ကြက်တိုက်ခြင်းဟာ ရေပန်းစားတဲ့ သွေးထွက်သံယို ကစားနည်းတစ်ရပ်ဖြစ်ပြီး အနိုင်အရှုံးကို ငွေဖြင့် လောင်းကြေးထပ်ကြပါတယ်။ ကြက်တိုက်ပွဲမှာ ရှုံးတဲ့ကြက်ဟာ မကြာခဏ သေဆုံးတဲ့အထိ ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ကြက်တိုက်ပွဲမှာ ခွပ်ကြတဲ့ အရောင်အသွေးစုံ တိုက်ကြက်နှစ်ကောင်ရဲ့ ခြေထောက်တွေမှာ ချွန်ထက်နေတဲ့ ဆူးချွန်များ တပ်ဆင်ပေးထား ကြပါ တယ်။ ဖိလစ်ပိုင်မှာ COVID-19 ကူးစက်ဖြစ်ပွားနေတဲ့ ကာလအတွင်း ကြီးမားတဲ့ လူစုလူဝေးဖြစ်ခြင်းနဲ့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခြင်းကို ကာကွယ်တားဆီး ရန် ကြက်ပွဲတွေကိုလည်း အခြား အားကစားပွဲနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပွဲအခမ်းအနားတွေနဲ့အတူ ပိတ်ပင်ထားခဲ့ပါတယ်။

ယနေ့ ဖြစ်ပွားခဲ့တဲ့ ထူးထူးခြားခြားဖြစ်စဉ်ဟာ ဖိလစ်ပိုင်အလယ်ပိုင်း Northern Samar ပြည်နယ်မှာ ကြက်ပွဲဖမ်းဆီးစဉ် ဖြစ်ပွားခဲ့ပါတယ်။ ကြက်ပွဲကို ဝင်ရောက်ဖမ်းဆီးစဉ် ရဲအရာရှိ ခရစ္စတီယန်ဘိုလော့ခ်က သက်သေအဖြစ် သိမ်းဆည်းရန် တိုက်ကြက်ကို ကောက်ယူလိုက်စဉ် တိုက်ကြက်ခြေထောက်မှာ တပ်ဆင်ထားတဲ့ ဆူးချွန်အသွားက ပေါင်ခြံသွေးလွှတ်ကြောကို ပြတ်ရှသွားစေခဲ့ပါတယ်။

ဆူးချွန်အသွားက ရဲအရာရှိရဲ့ ဘယ်ဘက်ပေါင်ခြံရှိ သွေးလွှတ်ကြောကို ပြတ်ရှသွားစေခဲ့ရာမှ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ Arnel Apud က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

ကံဆိုးလှတဲ့ မတော်တဆမှုပါပဲ၊ ရှင်းမပြနိုင်တဲ့ ကံဆိုးမှုတစ်ခုပဲဗျာ၊ ဒီလိုဖြစ်သွားတယ်ဆိုတာ ကျွန်တော့်ကို သတင်းပို့ချိန်မှာ မယုံနိုင်ခဲ့ဘူး၊ ဒါက ကျွန်တော့်ရဲ့ ရဲလုပ်သက် ၂၅ နှစ်မှာ တိုက်ကြက်ခြေထောက်ရဲ့ ဆူးချွန်တစ်ခုကြောင့် လူတစ်ယောက်ကို ဆုံးရှုံးခဲ့ရတာ ပထမဆုံးအကြိမ်ပါပဲ ” လို့ ရဲတပ်ဖွဲ့အကြီးအကဲက ဖွင့်ဟခဲ့ပါတယ်။

သေဆုံးသွားခဲ့ ရဲအရာရှိဘိုလော့ခ် တာဝန်ယူရတဲ့ San Jose မြို့မှာ ကြက်တိုက်ပွဲကို ဝင်ရောက်စြီးနင်းခဲ့စဉ် လူသုံးဦး၊ တိုက်ကြက်နှစ်ကောင်နဲ့ ၎င်းတို့ရဲ့ ခြေထောက်မှာ တပ်ဆင်ထားတဲ့ ဆူးချွန်တွေကို သိမ်းဆည်းရမိခဲ့ကြောင်း Arnel Apud က ပြောခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*