ကိုဗစ်ဒုတိယလှိုင်း၌ အရစ်ကျကားဝယ်ထားသူများ ငွေမသွင်းနိုင်ကြတော့

ကိုဗစ်ဒုတိယလှိုင်းအတွင်း စီးပွားရေးကျပ်တည်းလာကာ လုပ်ငန်းများပိတ်သည့်အထိ ဖြစ်လာနေပြီး ပုံမှန်ဝင်ငွေမရှိတော့၍ ကားအရောင်းပြခန်းများမှ ကား အရစ်ကျ ဝယ်ယူထားသူများ ငွေမသွင်းနိုင်သည့်အခြေအနေများ ဖြစ်ပေါ်နေကြောင်း ကားရောင်းချသည့်လုပ်ငန်းရှင်များထံမှ သိရသည်။

ကားအရောင်းပြခန်းများ၌ ပြည်တွင်းထုတ်ကားများ နှင့် Brand New ကား ဝယ်ယူထားသူအများစုမှာ ကုမ္ပဏီဝန်ထမ်းများဖြစ်ပြီး ကိုဗစ်ကြောင့် စီးပွားရေးကျပ်တည်းလာ၍ ဝန်ထမ်းများ လျှော့ခြင်း၊ လစာနှုန်းထား လျှော့လာခြင်းများကြောင့် ဘဏ်နှင့် ချိတ်ဆက်ပြီး ကားအရစ်ကျ ဝယ်ယူထားသူများ ပုံမှန် လစဉ်သွင်းငွေများ မသွင်းနိုင်ကြတော့ကြောင်း သိရသည်။

” ကျွန်တော်ဆီမှာဆို ကားအရစ်ကျစနစ်နဲ့ ဝယ်ထားတာ အယောက် ၁၀၀ မှာ ၄၁ ယောက်က ငွေမသွင်းနိုင်ကြတာ့ဘူး။ ကျွန်တော်တို့က ဘဏ်နဲ့ချိတ်ဆက်ပြီး တာဝန်ခံပေးထားရတယ်ဆိုတော့ တရားစွဲရင် ကျွန်တော်တို့ပါ လိုက်ရှင်းရမှာပေါ့။ စီးပွားရေးလုပ်ငန်းတွေက အရင်လို ဝင်ငွေမကောင်းကြတော့ဘူး ဆိုတော့ ကားဖိုးထပ် မသွင်းနိုင်ကြတော့ဘူး။ တစ်လ ၁၀ သိန်း ၁၅ သိန်းပေးတွေရှိတယ် ။ တချို့ကျတော့လည်း ငွေမသွင်းနိင်တော့လို့ ကားတွေ ပြန်လာအပ်ကြတာ အများကြီးရှိတယ်။ ၃ လလောက် ကားဖိုးပေးထားပြီး ဆက်မသွင်းနိုင်တော့ ရင် အရှုံးခံပြီး ကားပြန်အပ်ပြီး ရှင်းကြတာပေါ့။ ကျွန်တော်တို့က တာဝန်ယူအာမခံထားတော့ ကားကို တန်ကြေးတစ်ခုနဲ့ ဖြတ်ယူပြီး ကျန်ငွေကို ဘဏ်ကို ဆက်သွင်းရတယ်။ ဒီကာလမှာ အားလုံးခက်ခဲနေကြတော့ အရစ်ကျ ဝယ်ထားတာတွေ ငွေမသွင်းနိုင်တဲ့ ပြဿနာတွေများတယ်။ “ဟု မင်းမြန်မာချစ်ခန့် ကားအရောင်းစင်တာ ကုမ္ပဏီ ပိုင်ရှင်ဖြစ်သူ ဦးမင်းဇော်ဖေက အောက်တိုဘာ ၂၇ ရက်တွင် မြန်မာတိုင်းမ်သို့ ပြောသည်။

ကားအရောင်းပြခန်းများတွင် အရစ်ကျစနစ်ဖြင့် ဘဏ်ဖြင့်ချိတ်ဆက်၍ ကားဝယ်ယူသည့် ပုံစံ ၂မျိုးရှိရာ ကားဝယ်ယူရန် အထောက်အထားစာရွက်များပြသ၍ ဘဏ်နှင့် ကာစတန်မာ တိုက်ရိုက်ဝယ်ယူမှု မျိုးရှိပြီး ကားကုမ္ပဏီမှ ကာစတန်မာ တာဝန်ယူ၍ ဘဏ်နှင့် ချိတ်ဆက်ရောင်းချပေးသည့် အရစ်ကျစနစ်များရှိသည်။

“သိန်း ၃၀၀ တန်ကားကို အရစ်ကျစနစ်နဲ့ ဝယ်ထားကြတာ တစ်လ ဘယ်လောက်နှုန်းပေးရမယ်ဆိုပြီးတော့လေ။ ဥပမာ တစ်လ ၃ သိန်းသွင်းရင် အလုပ်တွေက မကောင်းကြတော့ ပုံမှန်ငွေမသွင်းနိုင်ကြတော့ဘူးလေ။ ဝန်ထမ်းတွေဆိုလည်း အလုပ်ပြုတ်တာတို့ လစာလျှော့ခံရတာတို့ိရှိနေတော့ ကားဝယ်ထားပြီး တစ်လတစ်ခါ ပိုက်ဆံသွင်းဖို့ အခက်တွေ့နေကြတာ။ စာချုပ်ချုပ်ထားထဲက တစ်လ ဘယ်လောက်သွင်းပါမယ်ဆိုတာ ပါပြီးသားလေ။ တချို့ကျတော့လည်း ကားအရစ်ကျဝယ်ပြီး ငွေထပ်မသွင်းနိုင်လို့ ကားလာ ထိုးအပ်ကြတာတွေအများကြီးရှိတယ်။”ဟု ကားအရောင်းစင်တာ ဖွင့်ထားသူ ဦးပြည်စုံက ပြောသည်။

မော်တော်ယာဉ်အသစ်များ ဝင်ရောက်လာချိန်က ကားအရောင်းစင်တာများမှ ဝယ်ယူသူအများစုမှာ အရစ်ကျစနစ်ဖြင့်သာ ကားဝယ်ယူမှု ရှိနေပြီး ဝင်ငွေရရှိမှုအပေါ် မူတည်၍ ကားဝယ်ယူရာတွင် အရစ်ကျပေးချေမူ ၃ နှစ်မှ ၇ နှစ်အထိရှိရာ ကာလကြာသည်နှင့်အမျှ အတိုးနှုန်းများ သတ်မှတ်၍ ကားတန်ဖိုးနှင့် ဝင်ငွေအပေါ်မူတည်၍ လစဉ် ငွေသွင်းနေရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*