
မြောက်အမေရိကတိုက် မက္ကစီကိုနိုင်ငံတောင်ဘက်ပိုင်းရှိ ဆန်ပီဒရို ဟွာမဲလူလာ (San Pedro Huamelula) မြို့မှ မြို့တော်ဝန်ဟာ ဒီအပတ်အတွင်း သူအုပ်ချုပ်တဲ့မြို့ စီးပွားလာဘ်လာဘများ ပေါများစေရန်အတွက် မိကျောင်းမလေးတစ်ကောင်နဲ့ လက်ထပ်ခဲ့ပါတယ်။ ဒီရိုးရာဓလေ့ဟာ ဆန်ပီဒရို ဟွာမဲလူလာမြို့မှာ ကျင့်သုံးနေခဲ့တာ နှစ်ရာပေါင်းများစွာရှိနေပြီလို့ သိရပါတယ်။
မင်္ဂလာပွဲကျင်းပရာမှာ မိကျောင်းသတို့မလေးကို မင်္ဂလာဝတ်စုံနဲ့ ပန်းသရဖူဆင်မြန်းပေးကာ တေးဂီတများနဲ့ မြို့ထဲအနှံ လှည့်လည်ခဲ့ပါတယ်။ ဒီလို မိကျောင်းနဲ့ မင်္ဂလာပွဲကျင်းပခြင်းဟာ ဒေသခံ တိုင်းရင်းသားလူမျိုး နှစ်မျိုးဖြစ်တဲ့ Chontales နဲ့ Huaves လူမျိုးတို့ သင့်မြတ်တဲ့ လက္ခဏာကို ပုံဆောင်ပါတယ်။ ရာဇဝင်များအရ Chontales နဲ့ Huaves လူမျိုးတို့ဟာ မက္ကစီကိုနိုင်ငံတစ်ဝိုက်မှာ နယ်မြေလုခဲ့ကြပြီး လူမျိုးနှစ်မျိုးရဲ့ ရန်ပွဲဟာ နောက်ဆုံး Chontales မင်းသားလေးနဲ့ Huales မင်းသမီးလေးတို့ ချစ်မြတ်နိုးရာမှစပြီး လူမျိုးနှစ်မျိုးဟာ သင့်မြတ်ခဲ့ပါတယ်။ ဒါကြောင့် ဆန်ပီဒရို ဟွာမဲလူလာမြို့တော်ဝန်ဟာ Chontales မင်းသားအဖြစ် အသွင်ဆောင်ပြီး မိကျောင်းမလေးကတော့ Huales မင်းသမီးအဖြစ်ပုံဆောင်ကာ လက်ထပ်ပွဲကျင်းပခြင်းဖြစ်ပါတယ်။
မြို့တော်ဝန် ဗစ်တာအန်ဂီလာ (Mayor Victor) ကတော့ “ဒေသခံတွေကတော့ မိကျောင်းမလေးကို မင်းသမီးလို့ ခေါ်ဆိုကြပြီး ကျွန်တော့်ကိုတော့ မင်းသမီးရဲ့ခင်ပွန်း၊ မင်းသားလေးအဖြစ် ခေါ်ဆိုကြပါတယ်။ ” လို့ပြောဆိုခဲ့ပါတယ်။ မင်္ဂလာပွဲအပြီးမှာ လူအများဟာ တေးဂီတများနဲ့ သတို့သားနဲ့ သတို့သမီးကို ခြံရံပြီး ကခုန်ခဲ့ကြပါတယ်။ ဒါ့အပြင် ဒီလက်ထပ်ပွဲဟာ သူတော်စင် စိန့်ပီတာ (Saint Peter) ကိုဂုဏ်ပြုတဲ့ပွဲတစ်ပွဲအဖြစ်လည်း ဒေသခံများက လက်ခံကြပါသေးတယ်။
Leave a Reply