တူတူပုန်းတမ်း ကစားရင်း တပတ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ၄ နှစ်သမီးလေးကို ပြန်တွေ့ပြီ

တူတူပုန်းတမ်း ကစားရင်း တပတ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ၄ နှစ်သမီးလေးကို ပြန်တွေ့ပြီ

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ရက်ညနေက ‌ရွှေတောင်မြို့နယ်၊ မကျီးပေါက်ကုန်းအုပ်စု ကျောက်ဖူးကျေးရွာက ၄ နှစ်သမီးလေးတစ်ဦးဟာ တစ်ပါတ်ကျော်ကြာ ပျောက်ဆုံးနေပြီး ဒီကနေ့ မွန်းတည့်ပိုင်းက ကန်သုံးဆင့်ကျေးရွာနဲ့ ကျောက်ဖူးကျေးရွာအကြား လယ်ကွင်းစပါးအခင်းအစပ်မှာ ကလေးငယ်ကို သေဆုံးလျှက်ပြန်တွေ့ခဲ့တာဖြစ်ပြီး အဲဒီသတင်းရဲ့ နောက်ဆက်တွဲ အကြောင်းအရာတွေကို ထပ်မံဖေါ်ပြပေးသွားပါ့မယ်။ မောင်မဲ (ပြည်)

ပျောက်ဆုံးသွားစဉ်က သတင်းကို ပြန်လည် ဖော်ပြလိုက်ပါတယ်-

တူတူပုန်းတမ်းဆော့ရာမှ ပျောက်သွားတဲ့ (၄) နှစ်သမီးလေးကို လေးရက်မြောက်သည်အထိ ရှာမတွေ့သေး

ပဲခူးတိုင်းဒေသကြီး၊ရွှေတောင်မြို့နယ်တွင် ကလေးများတူတူပုန်းတမ်းဆော့ ကစားရာမှ မိန်းကလေး ငယ်တစ်ဦးပျောက်ဆုံးနေလျက်ရှိရာ လေးရက်မြောက်သ့နေ့အထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း ပရဟိတနာရေးကူညီမှုအသင်းမှ ကိုဝင်းဇော်က ပြောပါတယ်။

အောက်တိုဘာလ ၁၈ရက်၊ ညနေ ၄နာရီ‌ကျော်အချိန်ခန့်က မကျီးပေါက် ကုန်းကျေးရွာအုပ်စု၊ ကျောက်ဖူးကျေးရွာတွင် အသက် ၄နှစ်အရွယ် မပြည့်ပြည့်ဇွန် နှင့် ကလေးငယ်အဖော်များအခြား အိမ်တစ်အိမ်တွင် အတူ၊ တူတူပုန်းတမ်းဆော့ကစားနေရာမှပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

“ခုချိန်ထိတော့ မတွေ့သေးပါဘူး၊ စခန်းမှာတော့ အမှုဖွင့်ထားတယ်၊ မိဘတွေနဲ့အတူ အားလုံးလဲ စိတ်ပူနေကြပါတယ်၊ ပျောက်တာက လေးညအိပ် ငါးရက်မြောက်ပြီ၊ ရှာနေကြတာကတော့ ရဲတွေကော၊ ပရဟိတလူမှုရေးအသင်းတွေ၊ ရွာခံတွေနဲ့ အနီးအနားပတ်ဝန်းကျင်က လူတွေကောဆိုရင် လူအင်အား ၃၀ဝ နီးပါးလောက်နဲ့ ပိုက်စိပ်တိုက် ရှာနေတာ မတွေ့သေးဘူးဆိုတော့ ရာဇဝတ်မှုများ ဖြစ်နေမလားပေါ့၊ ကလေးကိုတော့ အမြန်ပြန်တွေ့ချင်နေကြတယ်” လို့ ကိုဝင်းဇော်က ပြောပါတယ်။

ကျောက်ဖူးရွာသည် ရွှေတောင် ကျီးသဲလမ်းမ ကျီးပေါက်ကုန်းရွာမှ တစ်ဆင့် တစ်ရွာကျော်လျှင်ရောက်ရှိပြီး အိမ်ခြေ ၃ဝခန့်ရှိသည့် ရွာငယ်လေးဖြစ်ကြောင်း၊ ကလေးငယ် ပျောက်ဆုံးနေမှုမှာ ညနေစောင်း အချိန်ဖြစ်ခြင်းကြောင့် နတ်ဖွက်ထားနိုင်သည်ဟုယူဆကာ လောကီအစီအမံများဖြင့်လည်း ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

ယင်းသို့ပြုလုပ်ရခြင်းမှာ အဆိုပါဒေသ၌ ယခင်ကလည်း လူတစ်ယောက်နှင့် ခွေးတစ်ကောင် ပျောက်ဆုံးခဲ့ဘူးခြင်းရှိခဲ့ရာ သုံးရက်မြောက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့တာကြောင့်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*