ကိုဗစ်ကြောင့် ကမ္ဘာကြီးသည် အတိမ်းအစောင်း မခံနိုင်သော အဆင့်သို့ ရောက်ရှိနေပြီ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာကြီးသည် အတိမ်းအစောင်း မခံနိုင်သော အဆင့်သို့ ရောက်ရှိနေပြီး အချို့သောနိုင်ငံများမှာလည်း အန္တရာယ်လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေရပြီဖြစ်ကာ ဝန်ပိလာခြင်းကြောင့် ကျန်းမာရေးစနစ်များ ပြိုလဲတော့မည်အရေးနှင့် ရင်ဆိုင် နေရပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဥက္ကဋ္ဌ တဲဒရို အဓာနွမ် ဂျီဘရီယဲဆပ်စ်က အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

“ကိုဗစ်-၁၉ ကပ်ရောဂါ ကာလထဲမှာ ကျွန်တော်တို့တွေဟာ အတိမ်းအစောင်းမခံနိုင်တဲ့အဆင့်ကို ရောက်နေပြီ။ အထူးသဖြင့် ကမ္ဘာ့ မြောက်ဘက်ခြမ်းမှာပေါ့။ လာမယ့် လတွေမှာ အရမ်းကိုပဲ ခက်ခဲကျပ်တည်း လာပါတော့မယ်။ နောက်ပြီး တချို့နိုင်ငံတွေဆိုရင် အန္တရာယ်လမ်းကြောင်း ပေါ်မှာ လျှောက်နေကြရပြီ။ မလိုလားအပ်ဘဲ နောက်ထပ် သေဆုံးမှုတွေ မဖြစ်ပေါ်စေဖို့၊ လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ လုပ်ဆောင်ဖို့နဲ့ ကျောင်းတွေ ပြန်ပိတ်ထားဖို့ကို ခေါင်းဆောင်တွေအနေနဲ့ ချက်ချင်းလုပ် ဆောင်ပေးကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကျွန်တော်ပြောခဲ့တဲ့ စကားကို အခု ထပ်ပြော နေရတာဖြစ်ပါတယ်။ ဒါက လေ့ကျင့်ပေးနေတာမျိုးမဟုတ်ဘူး။ တကယ်ဖြစ်နေတာပါ” ဟု ဒေါက်တာတဲဒရိုက သတင်းစာရှင်း လင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံအများအပြားတွင်လည်း ကူးစက်မှုများ ထပ်မံတိုးမြင့် များပြားလာနိုင်ကြောင်း ၎င်းက ပြောဆိုသွားခဲ့သည်။

“အခုဆိုရင် ဆေးရုံတွေ နဲ့ အထူးကြပ်မတ် ကုသဆောင်တွေဟာ ပိတ်လိုက်ရတာမျိုးတွေ၊ ဒါမှမဟုတ် လက်ခံနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေတာမျိုးတွေ ဖြစ်လာတော့ မယ့်အခြေအနေ ရောက်လာနေပါပြီ။ အခုမှ ကျွန်တော်တို့ဟာ အောက်တိုဘာလပဲ ရှိပါသေးတယ်” ဟု ဒေါက်တာတဲဒရိုက ဆိုသည်။

နိုင်ငံများအနေဖြင့် ရောဂါကူးစက်မှုကို လျင်မြန်စွာ ကန့်သတ် ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာ စစ်ဆေးမှု တိုးမြှင့်ဆောင်ရွက်ခြင်း၊ ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့သူများကို ခြေရာခံခြင်းနှင့် သီးခြားခွဲ၍ နေထိုင်စေခြင်းစသော ဆောင်ရွက်ချက်များကို တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း ဒေါက်တာတဲဒရိုက အကြံပြုခဲ့သည်။

ဥရောပနိုင်ငံအချို့တွင် လွန်ခဲ့သော မတ်လနှင့် ဧပြီလများအတွင်း ဖြစ်ပွားခဲ့သည့် ပထမလှိုင်းထက် ကူးစက်မှု ပိုမိုမြင့်မားလာနေပြီဖြစ်ကြောင်း သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*