ဒီအချိန်မှာ ဖျားရင် တုပ်ကွေးဖြစ်နိုင်ချေ (၁) ရာခိုင်နှုန်း၊ ကိုဗစ်ဖြစ်နိုင်ချေ (၉၉) ရာခိုင်နှုန်းပါတဲ့

ဒီအချိန်မှာ ဖျားရင် တုပ်ကွေးဖြစ်နိုင်ချေ (၁) ရာခိုင်နှုန်း၊ ကိုဗစ်ဖြစ်နိုင်ချေ (၉၉) ရာခိုင်နှုန်းပါတဲ့ (ကိုယ့်စိတ်ကိုယ် မလိမ်ပါနဲ့ ဖျားရင် တန်းစစ်ကြပါ)

မက်ဆင်ဂျာ မှာ လာလာပြောကြတဲ့ ညီမလေးတွေရှိတယ်။ အိမ်ကလူတွေ ဖျားပေမယ့် ဆေးမစစ်ချင်တဲ့အကြောင်း၊ ဆေးရုံမသွားချင်တဲ့အကြောင်း။ မေးလိုက်တဲ့အခါ နေကောင်းပါတယ်၊ သက်သာပါတယ်ဆိုပြီး ပြောကြတယ်။ ဖော့ပြီးပြောတယ်။ ကိုယ့်ကိုယ်ကိုယ် လိမ်ကြတယ်။ အမှန်ကိုကြောက်တယ်။ လက်မခံချင်ဘူး။ လက်မခံရဲဘူး။ သေကာမှသေရော အိမ်ထဲမှာပဲနေမယ်။

ဒီအချိန်မှာ ဖျားရင် ရာသီတုပ်ကွေးဖြစ်နိုင်ချေ ၁%၊ ကိုဗစ် ဖြစ်နိုင်ချေ ၉၉%

ဒီအချိန်မှာ ချောင်းဆိုးလည်ပင်းနာရင် အစားမှားလို့ဖြစ်နိုင်ချေ ၁% (အစားမှားလို့ ချောင်းဆိုး လည်ပင်းနာဖြစ်တယ်ဆိုတာလဲ မရှိပါ။ မြန်မာပြည် မှာပဲ ရှိပါတယ်)၊ ကိုဗစ် ဖြစ်နိုင်ချေ ၉၉%

ဒီအချိန်မှာ ရင်ကြပ်အသက်ရှုမဝရင် ရင်ကြပ်ရောဂါအခံကြောင့် ဖြစ်နိုင်ချေ ၁%၊ ကိုဗစ် ဖြစ်နိုင်ချေ ၉၉%

ဒီအချိန်မှာ နုံးရင် ပင်ပန်းလို့ဖြစ်နိုင်ချေ ၁%၊ ကိုဗစ် ဖြစ်နိုင်ချေ ၉၉%

ဒီအချိန်မှာ ဖျားရင် ပန်းဖျားဖြစ်နိုင်ချေ ၁% (ဘယ်လို ပန်းဖျားလဲတော့ မသိဘူး)၊ ကိုဗစ် ဖြစ်နိုင်ချေ ၉၉%

ဒီအချိန်ဟာ တုပ်ကွေးရာသီ မဟုတ်ပါဘူး၊ ဒီအချိန်ဟာ ကိုဗစ် ရာသီပါ။ အသက်ဉာဏ်စောင့်ပါတယ်၊ ကံကိုယုံ ဆူးပုံးမထမ်းကြပါနဲ့ ငါ့ရှင်တို့…

(ပန်းအိဖြူ)

Be the first to comment

Leave a Reply

Your email address will not be published.


*