ကိုဗစ်ကပ်ရောဂါကြီးကို မထိန်းချုပ်နိုင်ခင်မှာပဲ ကပ်ရောဂါဖြစ်လာနိုင်ဖွယ်ရှိတဲ့ ဗိုင်းရပ်စ် တစ်မျိုး တရုတ်နိုင်ငံမှာ ထပ်မံတွေ့ရှိခဲ့

တရုတ်နိုင်ငံကစတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ ကမ္ဘာအနှံ့ရောက်နေပြီး ထိန်းချုပ်လို့ မရနိုင်သေးခင်မှာ ကပ်ရောဂါဖြစ်လာနိုင်ဖွယ်ရှိတဲ့ နောက် ဗိုင်းရပ်စ်မျိုးသစ်တမျိုးကို တရုတ်နိုင်ငံကပဲ တွေ့ရတယ်လို့ သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။တုပ်ကွေးပိုးတမျိုးကို ဝက်တွေဆီမှာ မကြာခင်က တွေ့ရတာဖြစ်ပြီး လူကိုကူးစက်နိုင်တယ်လို့ သတိပေးပါတယ်။ လူကလူကို လွယ်လွယ်ကူကူ ကူးစက်နိုင်တဲ့ မျိုးဗီဇပြောင်းသွားနိုင်မှာကိုလည်း သုတေသီတွေက စိုးရိမ်နေကြပါတယ်။

လောလောဆယ် ချက်ချင်းလက်ငင်းဖြစ်လာမယ့် ပြဿနာမဟုတ်သေးပေမယ့် လူကိုကူးစက်နိုင်ချေများတာမို့ အနီးကပ်စောင့်ကြည့်ဖို့ လိုတယ်လို့ဆိုပါတယ်။ ဝက်တွေမှာတွေ့ရတဲ့ ပိုးကိုထိန်းဖို့နဲ့ ဝက်မွေးမြူရေးနဲ့ အသားထုတ်လုပ်ရေး လုပ်သားတွေကို သေသေချာချာစောင့်ကြည့်ဖို့ အမေရိကန်အမျိုးသား အကယ်ဒမီသိပ္ပံဂျာနယ်မှာ သိပ္ပံပညာရှင်တွေက သတိပေး ရေးသားထားပါတယ်။HIV/AIDS လိုပဲ ဗိုင်းရပ်စ်က ပျောက်သွားမှာမဟုတ်တဲ့အတွက် ကမ္ဘာ့လူသားတွေဟာ ဗိုင်းရပ်စ်တမျိုးမဟုတ် နောက်တမျိုးနဲ့ နေထိုင်သွားရမယ်လို့ နိုင်ငံတကာက သိပ္ပံပညာရှင်တွေက သတိပေးထားတာပါ။

ကမ္ဘာကျော် မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်း ထူထောင်သူ Bill Gates ကလည်း ၂၀၁၅ ကတည်းက ဗိုင်းရပ်စ်အန္တရာယ်ကို သတိပေးဖူးပါတယ်။ ကမ္ဘာမှာ နျုးကလီးယား အတွက် ရင်းနှီးမြှုပ်နှံနေပေမယ့် ဗိုင်းရပ်စ်ကပ်ရောဂါ ရပ်တန့်သွားအောင် လုပ်မယ့်စနစ်အတွက် အနည်းအကျဉ်းပဲ မြှုပ်နှံတယ်လို့ TED ဆိုတဲ့ နည်းပညာ၊ ပညာရေးနဲ့ ဖြေဖျော်ရေးဆိုင်ရာ ဟောပြောပွဲမှာ ပြောခဲ့ဖူးတာပါ။နောက်ငါးနှစ်အကြာ ၂၀၂၀ ပြည့်နှစ်မှာ covid-19 ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် မနေ့ကထိ ကမ္ဘာမှာ လူ ငါးသိန်းကျော် သေဆုံးသွားရပြီး လူ ၁၀သန်းကျော် ဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။

ကပ်ရောဂါနောက် စီးပွားရေးကျဆင်းရတာ ကပ်ပါလာပြီး လူမှုဘဝတွေလည်း ပြောင်းလဲသွားရပါတယ်။အမေရိကန်ပြည်ထောင်စုမှာ လူ နှစ်သန်းကျော် ကူးစက်ခံထားရပြီး တသိန်းကျော် သေဆုံးရပါတယ်။ တချို့ပြည်နယ်တွေမှာ ကန့်သတ်ချက်တွေ စောစောစီးစီး လျော့ပေါ့ပေးလိုက်တာနဲ့ ကူးစက်နှုန်းက တက်လာပါတယ်။ ၃၆ ပြည်နယ်မှာ ကူးစက်နှုန်းများလာပြီး အနည်းဆုံး ၁၅ ပြည်နယ်လောက်က ကန့်သတ်ချက်လျော့ပေါ့ပေးမယ့် အစီအစဉ်တွေကို ဆိုင်းထားပါတယ်။ တက်ဆက်ပြည်နယ်နဲ့ ကယ်လီဖိုးနီးယားပြည်နယ်က နေရာတချို့မှာ ဘားဆိုင်တွေ ပြန်ပိတ်ရပါတယ်။

ဖလော်ရီဒါက နာမည်ကျော် ကမ်းခြေတွေကိုလည်း သီတင်းပတ်ကုန်ပိုင်းရက်တွေမှာ ပိတ်ထားဖို့ ညွှန်ကြားပါတယ်။အမေရိကန်ပြီးရင် ဘရာဇီးလ်နဲ့ ရုရှားနိုင်ငံတွေဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် အဖြစ်ပွားဆုံး နိုင်ငံတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း အီးယူ- ဥရောပသမဂ္ဂဟာ နယ်စပ်တွေကို ဒီနေ့ပြန်ဖွင့်ပေမဲ့ အမေရိကန်၊ ဘရာဇီးလ်နဲ့ ရုရှားသုံးနိုင်ငံက ဧည့်သည်တွေကို လက်မခံပါဘူး။ သြစတေးလျနဲ့ နယူးဇီလန်က ခရီးသည်တွေအပါအဝင် ၁၅ နိုင်ငံက ခရီးသွားတွေကို လက်ခံမှာဖြစ်ပြီး အီးယူက ခရီးသွားတွေ တရုတ်နိုင်ငံဝင်ခွင့်ရရင် တရုတ်ခရီးသည်တွေကို အပြန်အလှန်အားဖြင့်လက်ခံပါမယ်။

အိန္ဒိယနိုင်ငံမှာ မနေ့ညထိ ကူးစက်လူနာသစ် တသောင်းကျော်ထပ်တွေ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအထောက်အကူအဖြစ် ကမ္ဘာ့အကြီးမားဆုံး ဆေးရုံတရုံကို နယူးဒေလီမြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။ ကုတင် တသောင်းဆန့်ဆေးရုံဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေမှာ ကုတင် နှစ်ထောင်မှာ စတင်ကုသပေးပါတယ်။ ဒီနေ့မှာ တင်းပြည့်ကျပ်ပြည့် စတင်လည်ပတ်ပါမယ်။ဖိလစ်ပိုင်နိုင်ငံမှာတော့ ကမ္ဘာလုံးဆိုင်ရာ လိင်တူချင်းစုံမက် တိမ်းညွှတ်သူတွေကို ဂုဏ်ပြူတဲ့

အခမ်းအနားတခုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသွားအလာကန့်သတ်ခံရလို့ နေရပ်ရွှေ့ပြောင်းရသူတွေနဲ့ ဆင်းရဲသားလုပ်သားတွေကို အစိုးရက ကူညီထောက်ပံ့ဖို့ ဆန္ဒပြတဲ့လူ ၂၀ ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ခွင်ပြုချက်မရဘဲ သမ္မတစံအိမ်တော်နား ဆန္ဒပြချီတက်ကြတာလို့ မနီလာမြို့ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။မြန်မာနိုင်ငံမှာတော့ မနေ့က ည ၈ နာရီထိ လူနာသစ်ထပ်မတွေ့ရဘဲ အတည်ပြုလူနာ ၂၉၉ ယောက်နဲ့ စောင့်ကြည့်လူနာအသစ် ၄၃ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*