PPE ဝတ်ထားလို့ ကျလာတဲ့ ချွေးစက်တွေလား၊ ခံစားရပြီးကျလာတဲ့ မျက်ရည်စက်တွေလား မသဲကွဲတော့ပြီ

ဒီနေ့ အသစ်ရောက်လာတဲ့ patients တွေကို Patients Register လုပ်ရတာ ကိုယ့်စိတ်ထဲအတော်ထိခိုက်ရတယ်။

အသစ်ရောက်လာတဲ့ patients တွေထဲမှာ ၃ နှစ်ကလေးလေးတွေ၊ ၁၀ လ ကလေးလေးတွေ၊ ၃ လ ကလေးတွေရော၊ နောက်ဆုံးဗျာ မွေးတာ ၇ ရက်ပဲရှိသေးတဲ့ ကလေးလေးတွေတောင် ပါပါသေးတယ်။ လောကကြီးက ဖြူလားမဲလားတောင် ဘာမှန်းမသိတဲ့ကလေးလေးတွေ ဒီကပ်ရောဂါရဲ့သားကောင်တွေ ဖြစ်မှန်းမသိ တစိမ့်စိမ့်ဖြစ်လာခဲ့ရပြီ။ သားအမိသားအဖလေးယောက်ရှိတာ အဖေက Negative ဖြစ်လို့ ကျန်ခဲ့ရပြီးတော့ ကျန်တဲ့အမေရယ် ၇ နှစ်ရွယ်ကလေးသားလေးရယ် ၃ နှစ်အရွယ် သမီးလေးတို့သားအမိတွေရဲ့ သူစိမ်းဆန်တဲ့နေရာတစ်ခုမှာအားငယ်နေတဲ့မျက်လုံးတွေ၊

အခန်းမလောက်တော့လို့ သားအဖသုံးယောက်ကို အဖေက တစ်ခန်း၊ သားလေးနဲ့သမီးလေးက တစ်ခန်း မတတ်သာလို့ထားရတဲ့အခါ ကလေးတွေရဲ့ အားငယ်နေရှာတဲ့မျက်နှာလေးတွေ၊ အဖေတစ်ယောက်ရဲ့ငါ့သားသမီးလေးတွေ အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေကို စာရင်းသွင်းရင် မြင်နေရတဲ့ ကျနော်။ PPE ဝတ်ထားလို့ ချွေးတွေတရွဲရွဲနဲ့ ပူလောင်အိုက်စပ်မှုတွေကို ကျနော်မေ့သွားခဲ့တယ်။ ကျနော့်ရဲ့ faceshiled နဲ့ goggle အောက်က မျက်ရည်တွေဟာ PPE ဝတ်ထားလို့ ပူလောက်အိုက်စပ်မှုကြောင့်ကျလာတဲ့ ချွေးစက်တွေလား၊ သူတို့ရဲ့စိုးရိမ်ကြောင့်ကြအားငယ်မှုတွေကို ကျနော်ကိုယ်တိုင် ထပ်တူခံစားရပြီးကျလာတဲ့ မျက်ရည်စက်တွေလားကျနော်ကိုယ်တိုင်တောင် မသဲကွဲတော့ပါဘူးဗျာ။

မိမိကိုယ်တိုင်က ဆေးရုံဆင်းရက်ပြည့်ခဲ့ပြီးဖြစ်ပေမဲ့ သားလေးက ဆင်းရက်မပြည့်သေးလို့ မိမိကိုယ်တိုင်က ပိုးကင်စင်ပြီးဖြစ်ပေမဲ့ သားလေးကြောင့် positive လူနာတွေကြားမှာဆက်နေရတဲ့အဖေ၊ မိခင်ကြီး အသက် ၈၀ ကျော်နေပြီ၊ပြုစုမဲ့သူမရှိလို့ မိမိကိုယ်တိုင် P အဖြစ်ခံပြီး မိခင်ကြီးကိုလာစောင့်ရှောက်တဲ့ အသက် ၆၀ ကျော် သမီး၊ ဒီလိုအနစ်နာခံတဲ့ အဖေမျိုးတွေ ၊ ဒီလိုသမီးတွေကို နောက်ထပ်ဘယ်တစ်ဦးတစ်ယောက်ကိုမျှ ထပ်ပြီးမထိခိုက်မနစ်နာစေချင်တော့ပါဘူး။ နောက်ထပ်ဘယ်တစ်ဦးတစ်ယောက်ကိုမှ ဒီကပ်ဆိုးကိုထပ်မကြုံစေချင်တော့ဘူး။

ကျနော့်တို့ မြင်တွေ့နေရတဲ့ သူတို့ရဲ့အားငယ်မှုတွေ တစ်ခါမှမသိတဲ့သူစိမ်းတွေနဲ့အတူနေနေရတဲ့ စိုးရိမ်စိတ်တွေ၊ ဒါတွေ ကို ကျနော်တို့ အမြဲ မြင်တွေနေရတာဟာ ကျနော်တို့ ရုပ်ခန္ဓာပင်ပန်းရတာထက် ပိုပြီးတော့ စိတ်ပင်ပန်းရပါတယ်။ ကျနော်သာ အရာရာ ပြီးမြှောက်ခဲ့မယ်ဆိုရင် ကျနော်တစ်ယောက်ထဲပဲ သူတို့ထမ်းထားရတဲ့အရာတွေကို လက်လွှဲယူလိုက်ချင်မိပါတယ်။

အဖေတွေ အမေတွေက positive ဖြစ်လို့ ဆေးရုံလာတက်ရတဲ့အခါ ကျနော့်ရဲ့ chatbox ကနေ သူတို့ရဲ့မိဘတွေကို ဂရုစိုက်ပေးပါလို့ လာတောင်းပန်တိုလျှိုနေရှာတဲ့ သားသမီးတွေရဲ့ ကို့မိဘအဆင်ပြေပါ့မလားဆိုတဲ့စိုးရိမ်စိတ်တွေဟာ ကျနော်တို့ ရင်ထဲမှာတကယ်ထိထိခိုက်ခိုက် ရင်ထဲ ခံစားရတယ်။ ဒီကပ်ဆိုးကို အမြန်ဆုံးပြီးပြတ်စေချင်လှပါပြီ။ အမျိုးသမီးတွေ၊ကလေးတွေ၊မိဘတွေ ၊အစ်မတွေရဲ့ အားငယ်နေတဲ့မျက်လုံးတွေ ၊ စိုးရိမ်စိတ်တွေကို ကျနော်တို့ နောက်ထပ်မြင်နိုင်စွမ်းမရှိတော့သလို မြင်လဲမမြင်ချင်တော့ပါဘူး။

ဒါကြောင့်လဲ ဒီကပ်ဆိုးကြီးကို မြန်မြန်ဆန်ဆန် ပြီးစေချင်လှပါပြီ။ ကျနော်တို့တွေဟာ ကိုယ်ဖြစ်မှ ကိုယ်သိကြတာမျိုးပါ။ ကျနော်တို့တွေတစ်ယောက်ချင်းစီတိုင်းက ကျန်းမာရေးဝန်ကြီးဌာနကချမှတ်ထားတဲ့အမိန့်တွေ၊စည်းမျဥ်းစည်းကမ်းတွေ ဆောင်ရန်ရှောင်ရန်တွေကိုသာ တိတိကျကျ လိုက်နာကြမယ်ဆိုရင် အခု ကျနော်တို့ညီအကိုမောင်နှမတွေခံစားတွေ့ကြုံနေရတဲ့ အရာတွေက သိသိသာသာကြီးလျော့နည်းသွားမှာပါ။

ကျေးဇူးပြု၍ပါ သူများရဲ့အခက်ခဲစိတ်အားငယ်မှုတွေကို ကိုယ်ချင်းစာပေးကြပါ။ ကျနော်တို့ ဒီနေ့လိုက်နာလိုက်တဲ့စည်းကမ်းတစ်ခုဟာ နောက်ဒီလိုလူတွေ ထပ်မရှိလာစေဖို့အတွက်အခွင့်ရေးတစ်ခုပါပဲ။ လုပ်ကြပါ။စာနာကြပါ။ပူပေါင်းကြပါ။ လိုက်နာကြပါ။ ကျနော်တို့တွေ ခပ်ခွာခွာနေပါ။ maskတပ်ပါ။ လက်ဆေးပါ။ လိုအပ်မှအပြင်ထွက်ပါ။

ဒါလေးတွေက သေးငယ်ပေမဲ့ မြန်မာပြည်ကြီး၊ ကမ္ဘာကြီးကို ကယ်တင်နိုင်တယ်ဆိုတာယုံပါ။ ကျနော်တို့အားလုံး တစ်ယောက်ချင်းစီ အသိသတိနဲ့ပူပေါင်းပြီး ဒီကပ်ဆိုးကိုတိုက်ထုတ်ကြရအောင်ပါ။

မင်းသုခ — Yankin TTC

Be the first to comment

Leave a Reply

Your email address will not be published.


*