
နယူးဇီလန်လို ကျွန်းနိုင်ငံလေးက လော့ဒေါင်းလုပ်ရတာ လွယ်ပါတယ်။ နယ်နမိတ်ချင်း ကပ်နေတဲ့နိုင်ငံမရှိဘူး။ ဒါတောင် လော့ဒေါင်းလုပ်တာ တပတ်ကို ဒေါ်လာသန်း (၅၀၀) ကုန်တယ်။ သုံးလလောက် လုပ်လိုက်တာ ဘယ်လောက်ကုန်မလဲ တွက်ကြည့်ပေါ့။ လော့ဒေါင်းနဲ့အတူ စီးပွားရေး လုပ်ငန်းတွေရပ်သွားတယ်။ တချို့ ပြန်မဖွင့်နိုင်တော့ဘူး။ ဒါကြောင့်လဲ နယူးဇီလန်အစိုးရက ကျမတို့နိုင်ငံဟာ စီးပွားရေးကျဆင်းမှု (Economic Recession) ကို ရောက်သွားပြီလို့ ကြေငြာခဲ့တယ်။ တခြားနည်းလမ်းကို စဉ်းစားကြရတော့တယ်။
အော်စီ ကတော့ အစိုးရမှာ အရံငွေ အများအပြားရှိနေတော့ ခံသာသေးတယ်လေ။ အမေရိကန်မှာ နယူးယောက်ဟာ Stay Home ကြောင့် ဗိုင်းရပ်စ်ကူးတာကို တားဆီးနိုင်ခဲ့တယ်လို့ဆိုတယ်။ ဒါပေမယ့် အခုတော့ ဘရွတ်ကလင်နဲ့ ကွင်းစ် နယ်မြေတွေမှာ ရောဂါပိုးကူးတာ တက်လာတယ်။ ယခု အောက်တိုဘာမှာ ကူးစက်နှုန်းက အရှိန်ပိုရလာမယ်။ ဒီဇင်ဘာမှာ အဆိုးဆုံးဖြစ်လာမယ်။ တနေ့ကို သုံးထောင်လောက်သေမယ့် အမေရိကားကို ပြန်မြင်တွေ့ရမယ်လို့ ဆိုတယ်။
အမေရိကန်က ပြည်နယ် (၂၁) ခုမှာ ကူးစက်နှုန်းတွေ ပြန်တက်နေတယ်။ တဘက်မှာတော့ ခရစ်ယာန်ဝတ်ပြုဆုတောင်းပွဲတွေက ခြိမ့်ခြိမ့်သဲ ကျင်းပနေတယ်။ ဟိုတလောက လင်ကွန်းအထိမ်းအမှတ် အဆောက်အဦကြီးရှေ့မှာ ကျင်းပတဲ့ ပွဲတော်မှာ လူ ငါးသောင်းကျော်တက်ကြတယ်။ ဘားဆိုင်တွေ ပြန်ဖွင့်ကြတယ်။ လော့ဒေါင်းလုပ်လိုက်လို့ စီးပွားရေးကပ်ဆိုက်မှာထက် ခုခံအားကောင်းအောင်နေပြီး ရှင်သန်အောင်လုပ်ကြမယ့်သဘော။
သမိုင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် အမေရိကန်တွေရဲ့ သဘောသဘာဝကိုက တွန်းတွန်းတိုက်တိုက်ပဲ။ အမေရိကန်ဘောလုံးပွဲကိုက ဒီသဘောပဲလေ။ မြန်မာပြည်မှာ ကိုဗစ်ရံပုံငွေအတွက် ကျပ်ငွေ ဘီလျှံ တထောင် လျာထားတယ် တဲ့ ဒေါ်လာနဲ့တွက်ရင် သန်း (၇၀၀) လောက်ရှိတာပေါ့ နယူးဇီလန်လို သုံးမယ်ဆိုရင်တော့ နှစ်ပတ်စာလောက်ပဲရမယ်။ တကယ်ဖြစ်လာရင် သန်း (၇၀၀) ဆိုတာ ဘာမှ လုပ်မရပါဘူး။
နိုင်ငံတကာမှာတော့ ကိုယ့်ရဲ့နိုင်ငံဟာ စီးပွားရေးကျဆင်းမှု (Economic Recession) ဖြစ်သွားပြီဆိုတာကို တရားဝင် ကြေငြာကြတယ်။ အနာဂတ်အတွက် သတိပေးတဲ့သဘော။ ကြိုတင် ပြင်ဆင်ဖို့ နိုးဆော်တဲ့သဘော ဆိုပါတော့။ တကယ်တော့ စီးပွားရေး လူမှုရေး အကြပ်အတည်းတွေက ၂၀၂၁ ကျမှ ပိုပြီး သိသာလာမယ်။ နိုင်ငံအများအပြားကတော ကြိုတင် ပြင်ဆင်နေကြလေရဲ့…
Aung Moe Win
Leave a Reply