(၅)မိနစ်အတွင်း ဘဏ်အနုကြမ်းစီးပြီး ဒေါ်လာတစ်သိန်းကျော်လုသွားတဲ့ ဆယ်လီရူးမလေး

ဗီယက်နမ်ဆယ်လီမလေးတစ်ယောက်ကတော့ သူမရဲ့ဘဝ ခုတ်ရာတခြား၊ ရှရာတလွဲ ဖြစ်လာတဲ့အချိန်မှာ အကြွေးနွံနစ်နေတဲ့ဒဏ်ကို ဖြေရှင်းဖို့အတွက် ဘဏ်အနုကြမ်းစီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အသက်(၂၄)နှစ်အရွယ်သာရှိသေးတဲ့ အဆိုပါ ကောင်မလေးရဲ့အမည်ကိုတော့ Kang Pi လို့ သိရပါတယ်။ သူမဟာ Kang Pi ( Phùng Thị Thắng ) အမည်ရ YouTube ချန်နယ်မှာ ဗွီဒီယိုတွေ တင်ထားပါတယ်။

ဒါပေမယ့် သူမရဲ့ချန်နယ်မှာ Sub လုပ်သူ (၁၀၀)ဦးတောင် မရှိသေးပါဘူး။ သူမဟာ သရုပ်ဆောင်နဲ့ ဖျော်ဖြေရေးနယ်ပယ်ကို ဝင်ရောက်ချင်တဲ့အတွက် အဆိုပြိုင်ပွဲတွေ၊ ဂိမ်းရှိုးတွေ၊ တယ်လီဗေးရှင်းအစီအစဉ်တွေကို ငွေကုန်ကြေးကျခံပြီး ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် သူမကို ဘယ်သူကမှ အနုပညာနယ်ပယ်ထဲကို လက်တွဲခေါ်ယူချင်သူ မရှိဘဲ၊ ငွေကုန်သံပြာဘဝနဲ့ လုံးလည်လိုက်နေခဲ့ပါတယ်။

အဆိုဘက်မှာ သေချာလေ့ကျင့်ရင် လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ ဝါရင့်အဆိုကျော်ကြီးက မှတ်ချက်ချခံရဘူးတဲ့ သူမဟာ ဗီယက်နမ်ရဲ့နာမည်ကျော်သရုပ်ဆောင်တွေနဲ့လည်း တစ်ခန်းတဒင်္ဂမျှ အတူတူသရုပ်ဆောင်ဖူးပါတယ်။ ဒါပေမယ့် နာမည်ကြီးဖို့ ပါရမီကံနည်းပါးလွန်းလှတဲ့ သူမအတွက်တော့ ကြိုစားသမျှက အရာမထင်ခဲ့ပါဘူး။ နောက်ဆုံး အကြွေးနွံနစ်နေတာကို ဘဏ်အနုကြမ်းစီးတာနဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။

Kang Pi ဟာ ဟိုချီမင်းမြို့က TECHCOM ဘဏ်ကိုသွားရောက်ပြီး ငွေတွေလုယူခဲ့တာပါ။ သူမမှာ ပေါက်ကွဲစေနိုင်တဲ့အရာဝတ္ထု ပါလာကြောင်း၊ ငွေတွေကို ထည့်မပေးရင် စနက်တံကို ဖြုတ်လိုက်မယ်လို့ ပြောခဲ့ပါတယ်။ ဘဏ်ဝန်ထမ်းတွေကလည်း ကြောက်ကြောက်လန့်လန့်နဲ့ ငွေတွေ ထည့်ပေးခဲ့ရာ၊ ဗီယက်နမ်ဒေါင် (၂.၁)ဘီလီယံအထိ ပါသွားခဲ့ပါတယ်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ (၁၂၃၀၀၀)အထိ ရှိပါတယ်။

Kang ဟာ အသင့်ငှားထားတဲ့ တက္ကစီနဲ့ ဝေးရာကိုပြေးကာ အဝတ်အစားတွေ လဲလှယ်ပြီး ဟန်မပျက်နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြစ်မှုကျူးလွန်ပြီး (၃)နာရီလောက်အကြာမှာပဲ သူမကို ထိန်းသိမ်းနိုင်ခဲ့တာပါ။ ပေါက်ကွဲစေနိုင်တယ်ဆိုတဲ့ ပစ္စည်းကို ဘဏ်ကနေ ဖယ်ရှားခဲ့ပါတယ်။ သေချာစစ်ဆေးကြည့်တော့ ဂက်စ်ဘူးလေး(၅)ခုကို ပူးချည်ထားပြီး၊ LED မီးအနီကြိုးတွဲလျက်နဲ့ ပတ်ထားပါတယ်။ နောက် မီးခြစ်တစ်လုံးကိုလည်း ဓာတ်ဆီဘူးငယ်တစ်ခုနဲ့ ပူးချည်ထားပါသေးတယ်။

Kang ကို ဖမ်းဆီးပြီးနောက် စစ်ဆေးတဲ့အခါ သူမ ရယူခဲ့တဲ့ပိုက်ဆံတွေထက် အကြွေးက ပိုများနေသေးတယ်လို့ ပြောပါတယ်။ သူမအနေနဲ့ ဘာမှ ရွေးချယ်စရာမရှိတော့လို့ ကြံမိကြံရာ လုပ်မိတာလို့ ပြောပါတယ်။ ဗီယက်နမ်ရဲတပ်ဖွဲ့အနေနဲ့ တက္ကစီဆရာကိုလည်း ဖမ်းဆီးစစ်ဆေးနေပါတယ်။ သူကတော့ Kang သွေးရိုးသားရိုး ငွေထုတ်မယ်အထင်နဲ့ လိုက်လာခဲ့မိတာလို့ ပြောပါတယ်။ အမှုကို စစ်ဆေးနေဆဲပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*