ကွယ်လွန်သူဖခင်ကိုနောက်ခံထားပြီး ဓာတ်ပုံရိုက်တာကြောင့် အဝေဖန်ခံနေရတဲ့ မော်ဒယ်

၀မ်းနည်းပူဆွေးမှုဟာ လူတွေကို နည်းမျိုးစုံနဲ့ ရိုက်ခတ်နိုင်ပြီး ထိုပူဆွေးမှုကို သက်သာအောင် ဖြေရှင်းတဲ့ နည်းလမ်းတွေဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ များသောအားဖြင့် ကိုယ်အချစ်ဆုံးလူတစ်ယောက် လောကကြီးထဲမှာ မရှိတော့ဘူးလို့ သိရတဲ့အခါ ပူဆွေးဝမ်းနည်းကြတာဟာ ဓမ္မတာပဲဖြစ်ပါတယ်။

ဒါပေမယ့် ဆာဘီးယားနိုင်ငံသူ အမျိုးသမီးတစ်ဦးကတော့ ဒီအဖြစ်ကို သွေဖီပြီး မလုပ်ထိုက်တဲ့ အပြုအမူကို လုပ်မိတာကြောင့် အွန်လိုင်းမှာ အများကြီး ဝေဖန်ခံနေရပါတယ်။ အဆိုတော်၊ မော်ဒယ်လို့ သူ့ကိုယ်သူ သမုတ်ထားတဲ့ အမျိုးသမီးက ကွယ်လွန်သူဖခင်ကို နောက်ခံထားပြီး ဆဲလ်ဖီရိုက်ကာ လိုင်းပေါ်တင်ခဲ့တာ ဖြစ်ပါတယ်။ သူမနာမည်ကတော့ ဂျလီကာ လူဘီဆစ်ဆိုသူ ဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာတော့ ဂျလီကာရဲ့ ကွယ်လွန်နေပြီဖြစ်တဲ့ ဖခင်ကြီးဟာ ဆေးရုံကုတင်တစ်လုံးပေါ်မှာ လဲလျောင်းနေပြီး သူမကတော့ ကင်မရာရှေ့မှာနှုတ်ခမ်းစူပြီး ဆဲလ်ဖီဆွဲထားတာဖြစ်ပါတယ်။ သူမက ဓာတ်ပုံကိုလည်း ပြင်ထားပါသေးတယ်။ “အဖေ..ငြိမ်းငြိမ်းချမ်းချမ်းအနားယူပါ.” လို့ရေးသားထားပြီး အသဲကွဲနေတဲ့ပုံနဲ့ အငိုမျက်နှာ emojis တို့ကိုလည်း ဓာတ်ပုံထဲမှာ ထည့်ထားပါသေးတယ်။

သူမရဲ့ ဓာတ်ပုံကို အွန်လိုင်းပေါ်တင်ပြီးနောက်ပိုင်း ဆိုရှယ်မီဒီယာအသုံးပြုသူတွေက ဓာတ်ပုံနဲ့ပတ်သက်လို့ စိတ်ကသိကအောက်ဖြစ်ခဲ့ကြပါတယ်။ အဖေတစ်ယောက်လုံး သေသွားတာတောင် နှုတ်ခမ်းစူပြီး ဆဲလ်ဖီရိုက်ကာ အွန်လိုင်းတင်နိုင်တဲ့ သူမရဲ့လုပ်ရပ်ကို စိတ်ကုန်ခဲ့ကြတာဖြစ်ပါတယ်။ လူတစ်ဦးကဆိုရင် ရူးနေတဲ့သူမို့လို့သာ ဒီလိုမျိုးရိုက်ပြီး အွန်လိုင်းပေါ်တင်တာလို့ ပြစ်ပြစ်နှစ်နှစ်ပြောခဲ့ပါတယ်။

ဓာတ်ပုံနဲ့ ပတ်သက်လို့ လူအများရဲ့ ကဲ့ရဲ့ ရှုံ့ချသံတွေကို ခံရပြီးနောက်ပိုင်းမှာမှ သူမက အွန်လိုင်းကနေ ဓာတ်ပုံတွေကို ဖယ်ပစ်ခဲ့တာဖြစ်ပါတယ်။ ဂျလီကာရဲ့ အဖြစ်အပျက်နဲ့ပတ်သက်လို့ လူတွေဟာ နေ့တစ်ဓူဝဖြစ်တဲ့ ဘယ်ကိစ္စကိုမဆို အွန်လိုင်းပေါ်မှာ မျှဝေဖို့သာ စိတ်စောနေကြပြီး တွေးခေါ်ဆင်ခြင်နိုင်စွမ်းတွေ တဖြည်းဖြည်းနဲ့ အားနည်းလာကြတာကို တွေ့ရမှာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*