Spa သွားပြီး အနှိပ်ခံရာကနေ အသက်ပါပေးလိုက်ရတဲ့ အမျိုးသား

ခန္ဓာကိုယ် သွေးလည်ပတ်မှုကောင်းမွန်အောင်၊ သက်တောင့်သက်သာနဲ့ နေထိုင်လို့ကောင်းအောင် လူတွေက အနှိပ်ခံကြပါတယ်။ စိတ်ဖိစီးမှုများလို့ အကြောအချဉ်တွေ တင်းပြီး တောင့်နေတယ်ဆိုရင် နည်းနည်းလေး အနှိပ်ခံလိုက်တာနဲ့ နေလို့ ထိုင်လို့ ကောင်းသွားပါတယ်။

ဒါပေမယ့် စာဖတ်သူတွေအနေနဲ့ အနှိပ်ခံရတာ နှစ်သက်တယ်ဆိုရင်လည်း နားလည်တတ်ကျွမ်းတဲ့ အနှိပ်ဆရာတွေနဲ့ပဲ နှိပ်ဖို့အရေးကြီးတာကို အခုအဖြစ်အပျက်လေးကနေ သိရမှာပါ။


အသက် (၂၇) နှစ်အရွယ် ကျန်းအမည်ရတဲ့ အမျိုးသားတစ်ဦးက သူငယ်ချင်းတွေနဲ့အတူ Spa သွား အနှိပ်ခံပြီးနောက်ပိုင်း အသက်ပါပေးလိုက်ရတဲ့ အဖြစ်တစ်ခု တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ဖြစ်ပျက်ခဲ့ပါတယ်။ ကျန်းဟာ လည်ဂုတ်နဲ့ ပခုံးနေရာတွေ တောင့်တင်းပြီး ငြီးစီစီဖြစ်နေတာကြောင့် အနှိပ်သွားခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Spa ရောက်တော့ ကျန်းက အနှိပ်သည်ကို လည်ပင်းနဲ့ ပခုံးတွေမှာ ပိုပြီး အားစိုက်နှိပ်နယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အနှိပ်ခံပြီးတဲ့နောက် ကျန်းဟာ ရေမိုးချိုးပြီး အိမ်ပြန်ခဲ့ပါတယ်။

အိမ်ရောက်ပြီး မကြာပါဘူး။ ကျန်းဟာ ခေါင်းတွေ တရိပ်ရိပ်နဲ့ မူးလာပြီး လမ်းလည်း မလျှောက်နိုင်တော့ပါဘူး။ အရေးပေါ်အခြေအနေနဲ့ ကျန်းဟာ ဆေးရုံရောက်ခဲ့ပေမယ့် ဆရာဝန်တွေက သူ့ကို မကယ်နိုင်ခဲ့ကြပါဘူး။

စိတ်မကောင်းစွာနဲ့ နောက်တစ်နေ့မှာပဲ ကျန်းဟာ သေဆုံးခဲ့ပါတယ်။ လူကောင်းပကတိကြီးကနေ ရုတ်တရက်ကြီး သေဆုံးသွားတဲ့အတွက် ကျန်းရဲ့ ကျန်ရစ်သူ မိသားစုတွေကတော့ ပဟေဠိဖြစ်နေခဲ့ကြပါတယ်။

ဒါနဲ့ အလောင်းကို ရင်ခွဲလိုက်တဲ့အခါမှာတော့ ကျန်းဟာ ဦးနှောက်တွင်း သွေးစီးဆင်းမှုပိတ်ပြီး သေဆုံးခဲ့တယ်ဆိုတဲ့ အဖြေထွက်လာပါတယ်။ ဆရာဝန်တွေကတော့ ကျန်းဟာ နားလည်တတ်ကျွမ်းမှုမရှိတဲ့ အနှိပ်သမားနဲ့ အနှိပ်ခံရာကနေ ဦးနှောက်ကို သွေးနဲ့ အောက်ဆီဂျင်ပို့ပေးနေတဲ့ သွေးကြောလေးတွေကို ပိတ်ဆို့သလိုဖြစ်သွားပြီး ဗဟိုအာရုံကြောမစနစ်ကြီး အလုပ်မလုပ်နိုင်တော့တာလို့ ယုံကြည်နေကြပါတယ်။

ကျန်းကို နှိပ်နယ်ပေးတဲ့ အနှိပ်သည်ကို မေးမြန်းကြည့်တဲ့အခါမှာတော့ အနှိပ်သည်အမျိုးသမီးက သူမဟာ ကျန်းရဲ့ လည်ပင်းကို ညင်ညင်သာသာပဲ နှိပ်နယ်ပေးခဲ့ကြောင်းနဲ့ အနည်းငယ် ဂျွတ်ဂျက်မြည်တာကလွဲရင် အခြားလက္ခဏာတွေတော့ မရှိခဲ့ကြောင်း ဆိုပါတယ်။ တရားရုံးကတော့ သေဆုံးသူကျန်းနဲ့ ပတ်သက်လို့ Spa ဟာ (၉၀) ရာခိုင်နှုန်းတာဝန်ရှိပြီး အနှိပ်သည်အမျိုးသမီးမှာလည်း တာဝန်ရှိတယ်လို့ ဆိုခဲ့ပါတယ်။

ရှီအန်း ဆေးကောလိပ်က ချောင်ဟိုင်ကန်းဆိုသူ ခွဲစိတ်ဆရာဝန်ကြီးကတော့ လည်ပင်း၊ လည်ဂုတ်ဟာ သွေးကြောပေါင်းများစွာနဲ့ အာရုံကြောပေါင်းများစွာတို့ ဆုံစည်းရာနေရာဖြစ်ပြီး ထိခိုက်ရှလွယ်မှု အဖြစ်ဆုံး နေရာဖြစ်တယ်လို့ သတိပေးထားပါတယ်။

ဆရာဝန်ကြီးက လည်ဂုတ်နားတွေ နာနေတဲ့အခါကျရင် သက်သာလို သက်လာငြားဆိုပြီး တွေ့ကရာလူနဲ့ လျှောက်နှိပ်တာတွေ မလုပ်ဖို့လည်း အကြံပေးထားပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*