အိမ်ထောင်ရေး (၃)မျိုးရှိတယ်။

ပထမအိမ်ထောင်ရေး —- ကိုယ်ချစ်တဲ့လူနဲ့ လက်ထပ်တာဖြစ်တယ်။
ဒုတိယအိမ်ထောင်ရေး —- ကိုယ်ချစ်တဲ့လူရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။
တတိယအိမ်ထောင်ရေး—- ကိုယ်ချစ်တဲ့လူရဲ့အကျင့်၊ သူ့ရဲ့ဘက်ဂရောင်း (ဆွေမျိုးသားခြင်း)နဲ့ လက်ထပ်တာဖြစ်တယ်။

ပထမအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက တည်မြဲတဲ့အဆင့်မှာရှိတယ်။ဒုတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ပိုတည်မြဲတဲ့အဆင့်မှာရှိတယ်။

တတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ကွာရှင်းတဲ့လမ်းမမြင်ခဲ့ဘူး။

ဒီလောကကြီးမှာ ဆံဖြူသွားကျိုးတဲ့အထိ ချစ်နိုင်ကြတဲ့လူတွေဟာ အခြေခံအားဖြင့် ဘဝမှာ(၃)ကြိမ် လက်ထပ်ကြရတယ်။

ပထမတစ်ကြိမ်က စားသောက်ဆိုင်မှာ၊ ဆိုင်ကြီးကနားမှာ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ ဆုမွန်ကောင်းတွေကြားမှာ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်တာဖြစ်တယ်။

ဒုတိယအကြိမ်က အိမ်မှာလက်ထပ်တာဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး သဟဇတဖြစ်အောင် တစ်ဘက်သားရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။

တတိယအကြိမ်က အမျိုးတွေကြားမှာ လက်ထပ်တာဖြစ်တယ်။ တစ်ဘက်သားရဲ့ ဆွေမျိုးသားချင်းတွေနဲ့ သင့်မြတ်အောင် လက်ထပ်တာဖြစ်တယ်။

ဒုတိယအကြိမ်နဲ့ တတိယအကြိမ်လက်ထပ်တာက ပထမအကြိမ်နဲ့ လုံးဝကွဲပြားတယ်။ အဲဒီလက်ထပ်ပွဲတွေမှာ ခမ်းနားတဲ့ မင်္ဂလာအဆောင်အယောင်တွေ မပါသလို၊ သူငယ်ချင်းမိတ်ဆွေတွေရဲ့ ဆုမွန်ကောင်းတွေမပါခဲ့ဘူး။ အခမ်းအနားမှာ နှစ်ဦးသားရဲ့နားလည်မှုပဲရှိခဲ့တယ်။

တကယ်လက်ထပ်တယ်ဆိုတာက နောက်ဆုံးနှစ်ကြိမ်နဲ့ပိုဆိုင်ပါတယ်။

အခုခေတ်လူအများရဲ့ အိမ်ထောင်ရေးက လက်ထပ်ပြီး နှစ်တိုတိုအတွင်းမှာ ကွာရှင်းကြတယ်။ ကွာရှင်းကြတဲ့အကြောင်းရင်းကို ဆန်းစစ်ကြည့်ရင် ကိုယ်လက်ထပ်ခဲ့တဲ့ ပထမအကြိမ်ကို ဒုတိယအကြိမ်ထိ အရောက်မတွန်းပို့နိုင်ခဲ့လို့ဖြစ်တယ်။

အားလုံးသိကြတဲ့အတိုင်း ရေနွေးဆူဆူက ပိုးမွှားတွေကို သတ်ပစ်နိုင်သလို အချိန်မြင့်တဲ့အချစ်ဒီဂရီက ချစ်သူရဲ့ အားနည်းချက်နဲ့ မပြည့်စုံမှုကို မျက်ကွယ်ပြုနိုင်တယ်။

ချစ်နေတဲ့အချိန်မှာ မမြင်ခဲ့မိတဲ့ အားနည်းချက်၊ မပြည့်စုံမှုတွေက လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့ မပူ၊ မအေးတဲ့ ရေထဲရောက်သွားတဲ့အခါ အဲဒီအားနည်းချက်နဲ့ မပြည့်စုံမှုတွေက ပိုးမွှားတွေလို ပြန်ရှင်သန်လာတတ်တယ်။

ဒီလိုအချိန်မျိုးမှာ ဒုတိယအကြိမ်လက်ထပ်ခြင်းကို ကိုယ်ရွေးချယ်သင့်ပါတယ်။ သူ့အကျင့်နဲ့လက်ထပ်မယ်၊ သူရဲ့အားနည်းချက်နဲ့ မပြည့်စုံခြင်းတွေကို နားလည်ခွင့်လွှတ်ပေးမယ်၊ ဒီလိုမှမဟုတ်ရင် အိမ်ထောင်ရေးက အမြစ်ပါးသွားတဲ့သစ်ပင်လို တဖြည်းဖြည်း ကျူံ့ဝင်ခြောက်သွေ့သွားနိုင်ပါတယ်။

အရမ်းချစ်ပြီးယူထားကြသူနှစ်ဦးက နှစ်တိုတိုလေးအတွင်းမှာ ကွာရှင်းကြတာဟာလည်း ဒုတိယအကြိမ် လက်ထပ်ခြင်းဆီ အရောက်မသွားနိုင်ခဲ့လို့ဖြစ်တယ်။

ဒုတိယအကြိမ်လက်ထပ်ခြင်းထဲ ဝင်ရောက်နိုင်သူနှစ်ဦးက “ကွာရှင်းမယ်”ဆိုတဲ့စကားကို အပြောနည်းသွားတတ်တယ်။ သူတို့ရဲ့စိတ်ထဲမှာ တစ်ဘက်သားရဲ့ အကျင့်စရိုက်နဲ့မပြည့်စုံမှုတွေကို နားလည်လက်ခံထားလို့ဖြစ်တယ်။ တစ်ခါတလေ တစ်ဘက်သားရဲ့ ဒီလိုမပြည့်စုံမှုက ကိုယ့်ကိုဂရုစိုက်မှုအသွင် ပြောင်းစေခဲ့လို့ဖြစ်တယ်။

ဒီလိုအချိန်မျိုးမှာ အိမ်ထောင်ရေးက ချိုမြိန်နွေးထွေးနေပြီး အချင်းချင်း နားလည်ခွင့်လွှတ်ခြင်းတွေနဲ့ ပြည့်နေပါလိမ့်မယ်။

အိမ်ထောင်ရေးနွေးထွေးတာနဲ့ အိမ်ထောင်ရေးတည်မြဲပြီလို့ ယူဆလို့မရနိုင်သေးဘူး။ အိမ်ထောင်ရေးတည်မြဲဖို့ တတိယအကြိမ်လက်ထပ်ခြင်းကို အရောက်တက်လှမ်းနိုင်ရဦးမယ်။ အဲတာက တစ်ဘက်သားရဲ့ ဆွေမျိုးသားချင်းနဲ့ လက်ထပ်တာပဲဖြစ်တယ်။

တစ်နည်းပြောရရင် သူ့အပေါ်ထားတဲ့ ကိုယ်ရဲ့ချစ်ခြင်းမေတ္တာတွေ သူ့မိဘ၊ သူ့ဆွေမျိုးသားချင်းဆီအရောက် ဖြန့်ကျက်နိုင်ဖို့ဖြစ်တယ်။ ဒီလိုချစ်ခြင်းမေတ္တာမျိုးမှာ အိမ်ထောင်ရေးအတွက် အသိဉာဏ်တွေကိုပေးတယ်။

ကိုယ့်ရဲ့တစ်ခြမ်းကို ကိုယ်ပဲပိုင်ဆိုင်တာ မဟုတ်ပါဘူး။ သူ့ကို သူ့မိဘ၊ သူ့ဆွေမျိုးသားချင်းတွေလည်း ပိုင်ဆိုင်ပါတယ်။ ပြီးတော့ သူ့ကိုယ်သူ ပိုင်ဆိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အိမ်ထောင်ရေးကတည်မြဲပြီး ခွဲချင်တယ်ဆိုရင်တောင် မလွယ်တကူ မခွဲနိုင်တော့ပါဘူး။

ချစ်ခြင်းလောကမှာ ယောက်ျားအများစုက အိမ်ထောင်ရေးဆိုတာ မိန်းမတစ်ယောက်ကို လက်ထပ်ယူလိုက်တာပဲလို့ ထင်မှတ်ကြတယ်။ အဲဒီမိန်းကလေးရဲ့လိုအင်နဲ့ သူ့ရဲ့နောက်ခံဘက်ဂရောင်းကို လျစ်လျူရှူထားတတ်ကြတယ်။

မိန်းကလေးအများစုကလည်း အိမ်ထောင်ရေးဆိုတာ ယောက်ျားတစ်ယောက်ကို လက်ထပ်တာလောက်ပဲသိခဲ့ပြီး အဲဒီယောက်ျားရဲ့အကျင့်၊ စရိုက်နဲ့ သူ့ရဲ့နောက်ခံဘက်ဂရောင်း ဆွေမျိုးသားချင်းတွေနဲ့လည်း လက်ထပ်ရမယ်ဆိုတာကို မသိနားမလည်ခဲ့ဘူး။

ဒီလိုမသိနားမလည်ခြင်းကြောင့် အခုခေတ်မှာ အိမ်ထောင်ပြိုကွဲသူတွေ ပိုများလာတာကို တွေ့ကြရတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*