မြန်မာနိုင်ငံနဲ့ ဒုတိယလှိုင်း ခပ်ပြင်းပြင်း” (ဒုတိယလှိုင်းကို နမူနာယူပြီး နောက်ထပ်လှိုင်းတွေ မရိုက်ခတ်အောင်)

“မြန်မာနိုင်ငံနဲ့ ဒုတိယလှိုင်းခပ်ပြင်းပြင်း”

မြန်မာနိုင်ငံကို ကိုဗစ်လှိုင်းတွေရိုက်ခတ်ခဲ့တာ မတ်လမှာ ပထမလှိုင်း၊ ဩဂုတ်လမှာတော့ ဒုတိယလှိုင်းက သက်ရောက်မှုအားပြင်းပြင်းနဲ့ ဝေဒနာဆိုးတွေပေးနေပါတယ်။ နေ့စဉ်လူနာရာနဲ့ချီတိုးပွားနေပြီး သေဆုံးသူအရေအတွက်မှာလည်း တရိပ်ရိပ်တိုးတက်လာနေပါတယ်။ ဒီဆောင်းပါးမှာတော့ ကိုဗစ်ဒုတိယလှိုင်းဆိုတာဘာလဲ၊ ဘာလို့ ပိုဆိုးရွားနေခဲ့တာလဲဆိုတာနဲ့ နောက်ဆက်တွဲ ကာကွယ်ဆေးအကြောင်း၊ ဘာတွေမျှော်လင့်ပြင်ဆင်ထားရမလဲဆိုတာတွေကို ဆွေးနွေးသွားမှာပါ။

ဒုတိယလှိုင်းဆိုတာ ဘာကိုခေါ်တာလဲ?

မြန်မာနိုင်ငံမှာ ကိုဗစ် ဒုတိယလှိုင်းရိုက်ခတ်နေတယ်ဆိုတဲ့အကြောင်း‌ ပြောသံဆိုသံတွေကြားဖူးမှာပါ။ ဒုတိယလှိုင်းဆိုတာ ကြားဖူးပေမယ့် ဘာကြောင့် ဒုတိယလှိုင်းလို့ခေါ်တာလဲဆိုတာကိုတော့ အကုန်မသိကြလောက်ဘူး။

ပင်လယ်ကမ်းစပ် ရောက်ဖူးတဲ့သူတွေဟာ လှိုင်းတွေရဲ့သဘောသဘာဝကို သိပါလိမ့်မယ်။ ပထမလှိုင်းတစ်လုံးတက်လာမယ်၊ အမြင့်ဆုံးနေရာကိုရောက်ပြီးပြီဆိုရင် အဲဒီလှိုင်းက ကမ်းစပ်ကိုရိုက်ခတ်ပြီးပျောက်ဆုံးသွားမယ်။ ဒီအချိန်မှာပဲ နောက်ထပ် လှိုင်းတစ်လုံးထွက်ပေါ်လာတော့တာပါပဲ။

မြန်မာနိုင်ငံရဲ့ ကိုဗစ်ရောဂါကူးစက်မှုအခြေအနေကို ဇယားချကြည့်မယ်ဆိုရင်လည်း ရေလှိုင်းတွေလိုမျိုးသဘောသဘာဝကို မြင်တွေ့နိုင်ပါလိမ့်မယ်။ မတ်လကနေ စတင်ပေါ်ထွက်လာတဲ့ပထမလှိုင်းကဇွန်လလောက်မှာအမြင့်ဆုံးရောက်ပြီး ဇူလိုင်မှာတော့ကျဆင်းသွားတယ်၊ ဩဂုတ်လအစောပိုင်းမှာဆိုရင် အနိမ့်ဆုံးဖြစ်လာပြီးပျောက်ကွယ်လုမတတ်ဖြစ်ခဲ့တယ်။ ဒီအချိန်မှာပဲ ဩဂုတ်လ တတိယပတ်မှာ လှိုင်းအသစ်တစ်လုံးရခိုင်ကနေ စတက်လာတယ်။ ပြီးနောက်မှာတော့ တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားပြီး ပြင်းပြင်းထန်ထန်ရိုက်ခတ်နေတော့တာမို့ ဒုတိယလှိုင်းလို့ ခေါ်ဆိုရခြင်းဖြစ်ပါတယ်။

ဘာလို့ ဒုတိယလှိုင်းက ပထမလှိုင်းထက်ဆိုးရွားခဲ့တာလဲ?

သမိုင်းမှာလည်း ဒုတိယလှိုင်းတွေက ရှိခဲ့ဖူး ပိုဆိုးခဲ့ဖူးတာပါပဲ။ ဥပမာ ၁၉၁၈ ခုနှစ်မှာဖြစ်ခဲ့တဲ့ စပိန်တုပ်ကွေးကူးစက်မှုမှာလည်း ဒုတိယလှိုင်းက ပထမလှိုင်းထက် ကူးစက်မှုနဲ့ အသေအပျောက် အများကြီးပိုဆိုးခဲ့ပါတယ်။ အချိန်လည်းပိုကြာခဲ့တယ်။ ၁၉၁၈ ခုနှစ် အစောပိုင်းမှာဖြစ်တဲ့စပိန်တုပ်ကွေးဟာ ဩဂုတ်လလောက်မှာတော့ အားပျော့သွားတယ်။ ဒါပေမယ့် ဩဂုတ်လနှောင်းပိုင်းမှာတော့ ပြန်လည်အားကောင်းလာလိုက်တာ ၁၉၂၀ ထိကြာအောင်ဖြစ်ပွားခဲ့ပြီး လူ သန်း ၂၀ ကနေ သန်းငါးဆယ်လောက် သေကြေပျက်စီးခဲ့ပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတဲ့အကြောင်းရင်းက လေးခုပါ။

၁။ ဗိုင်းရပ်စ်က မျိုးဗီဇပြောင်းသွားပြီး ပိုဆိုးရွားပြီး အသေအပျောက်မြင့်တဲ့ ဗိုင်းရပ်စ်ဖြစ်လာတယ်။

၂။ ပထမကမ္ဘာစစ်ပြီးခါနီးအချိန်ဖြစ်နေလို့ စစ်သားတွေအသွားအလာများပြီး အိမ်ပြန်ကြတာကို မထိန်းသိမ်းနိုင်တာကနေ ပြန့်ပွားမှုအသစ်ဆက်ဖြစ်တယ်။

၃။ ဗိုင်းရပ်စ်ကူးစက်မှု မပြီးဆုံးသွားသေးခင်မှာ ကူးစက်မှုကာကွယ်ရေးလုပ်ထားတဲ့ တင်းကြပ်မှုတွေကို ပြန်ဖြေလျော့ပေးလိုက်တယ်။

၄။ ကာကွယ်ဆေး နည်းပညာမထွန်းကားသေးဘူး။ ဒီလိုနဲ့ စပိန်တုပ်ကွေးဟာ ပထမလှိုင်းအပြီးမှာ ဒုတိယလှိုင်းအနေနဲ့ ပြင်းပြင်းထန်ထန်ရိုက်ခတ်ခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ကိုဗစ်အခြေအနေကိုကြည့်မယ်ဆိုရင်လည်း ဒီသဘောကိုတွေ့ရလိမ့်မယ်။

၁။ ကိုဗစ်ဟာ ဇူလိုင်လကုန်လောက်မှာ မျိုးဗီဇပြောင်းနေတယ်ဆိုတာကို တွေ့ရှိခဲ့ရတယ်။

၂။ ရခိုင်မှာ ပြည်တွင်းကူးစက်မှု အစပြုနေချိန် တခြားနေရာတွေကို မကူးစက်လာအောင်မထိန်းသိမ်းနိုင်ခဲ့ဘူး။

၃။ ကိုဗစ်ဇာတ်လမ်း အဆုံးမသတ်သေးခင်မှာ ပိတ်ဆို့တင်းကြပ်ထားတာတွေကို ဖြေလျှော့ပေးလိုက်တာနဲ့အတူ လူတွေဘက်ကလည်း မက်စ်တပ်တာ လက်ဆေးတာတွေ အရှိန်လျော့သွားတယ်။ မလုပ်ကြတော့ဘူး။ လူတွေကြားထဲ မသွားကြသေးဖို့ ပြောတာတွေကို နားမထောင်တော့ဘူး။ ဘားတွေမှာတောင် ဂိုးအဝေးကိုရိုနာသီချင်းနဲ့ ကကြသေးတယ်။ ဒီတော့ ဒုတိယအကြိမ် ကူးစက်မှု ပြန်ဖြစ်လာချိန်မှာ အရှိန်အဟုန်ပြင်းပြင်း ကူးစက်တယ်။

၄။ ကာကွယ်ဆေးမထွက်ပေါ်လာသေးတာကလည်း ဒုတိယလှိုင်းရိုက်ခတ်မှုရဲ့ နောက်ထပ်အကြောင်းရင်း အချက်တစ်ခုပါ။

ဒီအခြေအနေတွေ ဘယ်တော့ ပြီးဆုံးသွားနိုင်မှာလဲ။

ကိုဗစ်ဘယ်တော့ ပြီးဆုံးမှာလဲဆိုတာက လူတိုင်းသိချင်နေတဲ့မေးခွန်းတစ်ခုပါ။ လွယ်မလိုလိုနဲ့ အဖြေပေးရတာလည်းခက်ပါတယ်။ ကူးစက်မြန်ရောဂါတစ်ခု အဆုံးသတ်သွားဖို့အတွက် အများစုကူးစက်ခံရပြီး ကိုယ်ခံအားထွက်ရှိဖို့နဲ့ ကာကွယ်ဆေးထိုးပြီး ကိုယ်ခံအားရဖို့ နည်းလမ်းနှစ်ခုပဲရှိမယ်။ ကိုဗစ်ဟာ တုပ်ကွေးလို တခြားကူးစက်မြန်ရောဂါတွေနဲ့မတူတာက ကူးစက်မှုနှုန်းမြန်ဆန်တဲ့အပြင် သေဆုံးမှုနှုန်းလည်းမြင့်မားတယ်။ မြန်မာနိုင်ငံမှာဆိုရင် သေဆုံးမှုနှုန်းက ၁.၆ ရာခိုင်နှုန်းရှိတယ်။ လူတစ်ထောင်ကူးစက်ခံရရင် ၁၆ယောက်သေဆုံးမယ်ဆိုတဲ့အတိုင်းတွက်ကြည့်မယ်ဆို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်ခံအားထွက်ဖို့ဆိုရင် လူ ၆သိန်းကျော်သေဆုံးနိုင်တဲ့ အနေအထားမှာရှိတယ်။ ဒါကြောင့် အကူးခံပြီး ကိုယ်ခံအားထွက်ရှိဖို့ထက် ပိုးကူးစက်မှုကို အတတ်နိုင်ဆုံးထိန်းချုပ်၊ ကာကွယ်ဆေးရအောင်စောင့်ပြီး ကိုယ်ခံအားထွက်ရှိနိုင်ဖို့က ပိုဖြစ်နိုင်ခြေရှိတယ်။ အသေအပျောက်နည်းမယ်။ ဒါပေမယ့် စီးပွားရေး ထိခိုက်မှုတော့ ပိုများမယ်။ ကာကွယ်ဆေးက ဒီနှစ်ကုန်လောက်မှာ ရရှိနိုင်မယ်လို့မှန်းပေမယ့် မြန်မာနိုင်ငံအတွက်နဲ့ လူတော်တော်များများဆီရောက်ဖို့ကတော့ နောက်ထပ် လနဲ့ချီအချိန်ယူရနိုင်သေးတဲ့အတွက် ရှေ့နှစ်အစောပိုင်းကာလတွေအထိ ကိုဗစ်ပျောက်ဆုံးသွားဖို့ဆိုတာ မသေချာသေးဘူး။

အခုချိန်မှာ ဘာတွေကိုမျှော်လင့်ပြီး ပြင်ဆင်ထားမလဲ။

ရေတိုကာလအတွင်း ကိုဗစ်ပြီးဆုံးသွားဖို့ဆိုပြီး မျှော်နေလို့ရတဲ့အနေအထားမဟုတ်ပါဘူး။ အခု အိမ်မှာနေဖို့ကာလပြီးဆုံးသွားတာနဲ့ ကိုဗစ်ပြီးဆုံးသွားပြီလို့ မှတ်ယူလို့မရပါဘူး။ အစိုးရရဲ့ ရည်မှန်းချက်က ကိုဗစ်ပြီးဆုံးသွားဖို့မဟုတ်ဘဲ အပေါ်မှာပြောခဲ့သလိုပဲ ကူးစက်မှုကိုထိန်းချုပ်သွားပြီး ကာကွယ်ဆေးထွက်ရှိအောင်စောင့်ဖို့ပါ။ Flatten the curve ဆိုတာ ဒီသဘောကိုပြောတာပါ။ ကိုဗစ်လိုကူးစက်မြန်ရောဂါမျိုးကို အိမ်မှာနှစ်ပတ်နေလိုက်ရုံနဲ့ လုံးဝအပြီးပျောက်ကင်းသွားအောင် လုပ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် တစ်နေ့ကို ရာနဲ့ချီတွေ့နေပြီး ပိုးကူးစက်ခံရသူ ဇယားအပေါ်ကိုထောင်နေတာကိုတော့ လျှော့ချနိုင်လိမ့်မယ်။ ရည်မှန်းချက်က ကိုဗစ်ကူးစက်ခံရတဲ့လူနာနဲ့ သေဆုံးနှုန်းပမာဏကို အစိုးရက နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်လောက်တဲ့ဝန်းကျင်မှာ ထိန်းထားနိုင်ဖို့ပါ။

လက်ရှိမြန်မာနိုင်ငံအခြေအနေ

ဒီစာရေးနေတဲ့အချိန် စက်တင်ဘာ ၂၉ရက် ထုတ်ပြန်ချက်တွေအရဆိုရင် မြန်မာနိုင်ငံမှာ လူပေါင်း ၁၀၇၃၄ ဦး ကူးစက်ခံနေရပြီး သူတို့ထဲက ၂၂၆ ဦးကတော့ အသက်သေဆုံးခဲ့ပါတယ်။ ပိုးတွေ့ရှိသူအရေအတွက်ဟာ တစ်ရက်ကို စစ်ဆေးမှုရဲ့ အနိမ့်ဆုံး ၁၅ရာခိုင်နှုန်းအထိရှိပါတယ်။ ဒီထက်ပိုပြီးစစ်ဆေးမှုတွေပြုလုပ်နိုင်ရင် ထပ်တွေ့နိုင်တဲ့အလားအလာတွေလည်းရှိပါတယ်။ ဒါပေမယ့် လောလောဆယ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ မြန်မာနိုင်ငံဟာ Cluster of cases transmission လို့ခေါ်တဲ့ အစုအဝေးနဲ့ ပြန့်ပွားမှုအဆင့်အဖြစ်ပဲ သတ်မှတ်ထားပါတယ်။

WHO ရဲ့သတ်မှတ်ချက်အရ ရောဂါပြန့်ပွားမှုအခြေအနေကို အဆင့်လေးဆင့်ခွဲထားပါတယ်။

၁။ No cases – အတည်ပြုလူနာမရှိ

၂။ Sporadic cases – လူနာတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုပြီးရှိ

၃။ Clusters of cases – အချိန်၊ နေရာ၊ ထိတွေ့မှုအတူ အစုအဖွဲ့လိုက် ကူးစက်သော ကူးစက်မှုများရှိ

၄။ Community transmission – ကြီးမားသောပြည်တွင်းကူးစက်မှုများ ဖြစ်ပေါ်လျှက်ရှိ

ကူးစက်မှုအဆင့်သတ်မှတ်ချက်တွေကို WHO ကနေ ကြီးကြပ်ပြီး ရက်သတ္တပတ်အလိုက်ပြောင်းလဲမှုတွေပြုလုပ်တဲ့အတွက် လက်ရှိမြန်မာနိုင်ငံအခြေအနေဟာ Community transmission အဖြစ်သတ်မှတ်ဖို့ရှိနေလားဆိုတာတော့ မသိရသေးပါဘူး။ လက်ရှိအနေအထားအရ အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ရှိသမျှအရင်းအမြစ်ကို အသုံးချပြီး ရောဂါကိုထိန်းချုပ်ဖို့ကြိုးစားနေတယ်။

အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်အရဆိုရင် မြန်မာနိုင်ငံအနေအထားနဲ့ ရောဂါရှိသူတွေကို အိမ်မှာပဲနေခိုင်းဖို့မဖြစ်နိုင်သေးဘူး။ Containment လို့‌ခေါ်တဲ့ ပျောက်ကင်းတဲ့အထိ ထိန်းသိမ်းထားမယ့်နည်းလမ်းကိုပဲဆက်ကျင့်သုံးမယ်။ ရောဂါရှာဖွေမှုတွေအရှိန်အဟုန်မြှင့်မယ်လို့ ပြောဆိုထားပြီး ဆေးရုံတွေတိုးချဲ့တာ၊ လူနာထားမယ့်နေရာအသစ်တွေပြုလုပ်နေတာတွေကို ဆက်လုပ်နေတယ်။ ဒါကိုနောက်ဆုံးတိုက်ပွဲပဲလို့ ပြောဆိုထားပြီး ရနိုင်သမျှ အရင်းအမြစ်နဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့်လည်း အောက်ခြေက ကုသမှုပေးနေသူတွေ လက်ပန်းကျနေပြီဆိုတဲ့ပြောဆိုမှုတွေ၊ ဆေးရုံတွေမှာလူနာသစ် လက်မခံနိုင်လောက်အောင်ဖြစ်နေတယ်ဆိုတာတွေနဲ့ သီးသန့်ခွဲထားတဲ့နေရာ Quarantine center တွေ ပြည့်နေပြီဆိုတာတွေကိုလည်း ကြားနေရပါတယ်။ ဒီနှစ်ပတ်အခြေအနေမှာ အကောင်းဖက်ကို ဦးတည်လာဖို့အတွက်ကိုပဲ မျှော်လင့်နေကြရပါတယ်။

ဘာတွေပြင်ဆင်ထားရမလဲ။

ပထမဆုံးသိရမဲ့အချက်ကတော့ ဒီနှစ်ပတ်ပြီးတာနဲ့ ကိုဗစ်ပြီးဆုံးသွားမယ်ဆိုတာ မဟုတ်ဘူးဆိုတာကိုပါ။ ဒီလိုနမူနာမျိုး ပထမလှိုင်းမှာလည်း ကြုံတွေ့ပြီးပြီဆိုတော့ အခုတစ်ခေါက်အိမ်မှာနေတဲ့အချိန်ပြီးပြီဆိုရင် တော်တော်များများလည်း သင်ခန်းစာရသွားလောက်ပြီလို့ မျှော်လင့်ရပါတယ်။

လက်ဆေးတာ၊ မက်စ်တပ်တာနဲ့ လူချင်းခပ်ခွာခွာနေတဲ့အလေ့အကျင့်တွေဟာ ခဏတဖြုတ်လုပ်ရမဲ့ အရာတွေမဟုတ်ဘဲ နေထိုင်မှုနည်းလမ်းအသစ်ဆိုတာကို စိတ်ထဲထည့်ထားရမယ်။ အိမ်မှာပဲနေဖို့တားမြစ်ချက်အဆုံးသတ်သွားလည်း ရောဂါကာကွယ်ရေးနည်းလမ်းတွေကိုဆက်ပြီး လုပ်ဆောင်သွားရမယ်။ ကိုယ့်ရဲ့ လူမှုရေး စီးပွားရေး လုပ်ငန်းဆောင်တာတွေကို ဖြစ်နေတဲ့အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပြောင်းလဲထားရမယ်။ အစိုးရဘက်ကတော့ ဖြေလျော့ပေးလိုက် ကူးစက်မှုမြင့်တက်လာချိန်မှာ ပြန်ပြီးတင်းကျပ်မှုတွေလုပ်လိုက်နဲ့ စီမံမှာပဲဆိုတာကို သဘောပေါက်ရင် ကိုယ်တိုင်လည်း အဲဒီလိုပုံစံအတိုင်း အဆင်ပြေပြေနေနိုင်အောင် ကြိုးစားပြီး ပြောင်းလဲယူရလိမ့်မယ်။

ကျွန်တော်တို့လက်ရှိမှာ လုပ်နိုင်တာက အခုချိန် အိမ်မှာနေဖို့အမိန့်ကို တိတိကျကျလိုက်နာပြီး ကူးစက်မှုတွေလျော့သွားအောင် အကူအညီပေးရမယ်။ ကိုယ့်ဘေးနားပတ်လည်က အကူအညီလိုအပ်နေတဲ့သူတွေကို စာနာစိတ်နဲ့အကူအညီပေးကြမယ်။

အရေးအကြီးဆုံးကတော့ ဒုတိယလှိုင်းရိုက်ခတ်မှုကို နမူနာယူပြီး နောက်ထပ် တတိယလှိုင်းတွေ၊ စတုတ္ထလှိုင်းတွေထပ်ပြီး မရိုက်ခတ်တော့အောင် သတိထားကြရမယ်။ ၁၉၁၈ စပိန်တုပ်ကွေးနဲ့ အခုဖြစ်နေတဲ့ ကိုဗစ်ရောဂါနဲ့အကြားမှာ ကွာခြားတာကတော့ အခုခေတ်မှာ ကာကွယ်ဆေးနည်းပညာတွေထွန်းကားနေတာပါပဲ။ ဒါကြောင့် အဲဒီတုန်းကလို အခြေအနေဆိုးမျိုးနဲ့ ထပ်ကြုံတွေ့ရဖို့ အခွင့်အလမ်းနည်းပါတယ်။ ကာကွယ်ဆေးမရလာခင်စပ်ကြားကျွန်တော်တို့ အားတင်းထားကြဖို့နဲ့ သတိကြီးကြီးထားကြဖို့တော့ လိုအပ်ပါတယ်။ ဒီတစ်ခါလည်း ကျွန်တော်တို့အတူ ကျော်ဖြတ်နိုင်မှာပါ။

ဒေါက်တာသူရိန်လှိုင်ဝင်း

Be the first to comment

Leave a Reply

Your email address will not be published.


*