အိမ်သူသက်ထား စိတ်ချမ်းသာပျော်ရွှင်ဖို့ ခင်ပွန်းတွေလုပ်သင့်တဲ့ နည်းလမ်း ၁၀ သွယ်

အိမ်သူသက်ထား စိတ်ချမ်းသာပျော်ရွှင်ဖို့ ခင်ပွန်းတွေလုပ်သင့်တဲ့ နည်းလမ်း ၁၀ သွယ်

အိမ်သူသက်ထား ဇနီးမယားတဲ့။ ဇနီးမယားတွေဟာ အိမ်မှုကိစ္စတွေလည်း လုပ်ရမယ်၊ ရုံးအလုပ်နဲ့ အိမ်အလုပ် နှစ်ခုလုံးကို နေ့စဉ်မျှတအောင် ညှိပြီးလုပ်နေရမယ်၊ ကလေးထိန်းရမယ်၊ ကလေးကျောင်းပို့ရမယ့်အပြင် တခြား ဗာဟီရတွေနဲ့ တစ်နှစ်ပတ်လုံးမှာ တစ်ရက်ကလေးတောင် အားလပ်နိုင်ကြတာ မဟုတ်ပါဘူး။ တွေးကြည့်ရုံနဲ့တင် မောလောက်တဲ့ ဒီလိုအလုပ်တာဝန်တွေအပြင် ခင်ပွန်းကို ကူညီပံံ့ပိုးပေးရခြင်းတာဝန်ကိုပါ ယူထားရတဲ့ ဇနီးမယားတွေကို ကျေးဇူးတင်စွာ အသိအမှတ်ပြုသင့်တယ် မဟုတ်ပါလား။

အထူးသဖြင့် ပါရမီဖြည့်ဖက် ခင်ပွန်းအနေနဲ့ အထူးအလေးပေး ကျေးဇူးတင်ပေးသင့်တယ်လေ။ ဒီတော့ ချစ်ဇနီးလေးကို ကျေးဇူးတင်ကြောင်း၊ ချစ်ခင်ကြင်နာကြောင်း ရံဖန်ရံခါ ပြသဖို့အတွက် ထိရောက်အသုံးဝင် တဲ့နည်းလမ်း ၁၀ သွယ်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ အကြင်နာတရားကြီးမားတဲ့ ခင်ပွန်းအဖြစ် ချစ်ဇနီးလေးက အရမ်းကြွေသွားစေမယ့် နည်းလမ်းလေးတွေပေါ့နော်။

(၁) အိမ်ပြန်နောက်ကျမယ်ဆို ကြိုပြောပါ

အကြောင်းကိစ္စတစ်ခုခုကြောင့် အိမ်ပြန်နောက်ကျဖို့ဖြစ်လာတဲ့အခါ ဇနီးထံ ဖုန်းလေးတစ်ချက်လောက် ဆက်ပေး လိုက်ခြင်းအားဖြင့် အလေးထားမခံရဘူးလို့ ဇနီးမယားက တွေးထင်သွားနိုင်တဲ့ အခြေအနေကို မကြုံတွေ့ရအောင် ရှောင်ရှားနိုင်ပါတယ်။ ယောကျ်ားတော်တော်များများဟာ အလုပ်မှာဖြစ်စေ၊ မိတ်ဆွေတွေ့ဆုံပွဲမှာဖြစ်စေ ပျော်ဝင် လွယ်ပြီး အိမ်ကို ဖုန်းဆက်ဖို့ လုံးဝမေ့သွားတတ်တာ သဘာဝပါ။ ဒါဟာ သဘာဝဆိုပေမဲ့ အိမ်မှာစောင့်နေရတဲ့ ဇနီးမယားအနေနဲ့က လာနိုး လာနိုးစောင့်နေရတာထက် ကြိုသိထားတာက ပိုကောင်းတယ်ဆိုတာ အားလုံးနားလည် ကြမှာပါ။ ဒါကြောင့် တစ်မိနစ်စာ ဖုန်းလေးတချက်နဲ့ ဇနီးမယားရဲ့ အချိန်နာရီတွေကို တန်ဖိုးထားလေးစားပေးလိုက်ပါ။

(၂) ချက်ပြုတ်တတ်ဖို့ သင်ယူပါ

လုံးဝကို မချက်တတ်ရင်တောင် ဆင်ခြေပေးဖို့ထက် သင်ယူဖို့ကို အားသန်သင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် အသစ်အဆန်း တစ်ခုခုကို သင်ယူရတာဟာ ပျော်စရာကောင်းတာပဲ မဟုတ်လား။ ရိုးရှင်းတဲ့ဟင်းချက်နည်း ၃ ၄ ခုကို သေချာလေ့ကျင့်ထားပြီး ရံဖန်ရံခါ ချက်ကျွေးရင်တော့ ဇနီးရဲ့ နွေးထွေးနှစ်လိုဖွယ်အပြုံးကို အမြဲရရှိနိုင်မှာပါ။ ဒီတော့ အားလပ်ရက်တွေမှာ မီးဖိုထဲမှာ ဇနီးကိုကူညီချက်ပြုတ်ပေးရင်း သင်ယူလိုက်ပါ။ ဖြစ်နိုင်ရင်တော့ တိတ်တိတ်ကလေး သင်ယူပေါ့။ ဒါဆို ချစ်ဇနီးရဲ့ မွေးနေ့လိုမျိုးထူးခြားတဲ့နေ့တွေမှာ Surprise အနေနဲ့ချက်ကျွေးလို့ရတယ်လေ။ အမြဲ စောစောထပြီး မနက်စာလုပ်နေကျ ဇနီးက သူမအိပ်ရာအနိုးမှာ မနက်စာအဆင်သင့်ဖြစ်နေတာမျိုးတွေ့ရရင် ဘယ်လောက်ဝမ်းသာပျော်ရွှင်မလဲ တွေးကြည့်လိုက်ပါ။ ဒီတော့ ချက်လိုက်ကြပါစို့ အမျိုးသားတို့ရေ။

(၃) မကြာခဏဖုန်းဆက်ပေးပါ

အိမ်မှာ တွေ့လို့ရတာပဲဆိုတဲ့ အတွေးနဲ့ အလုပ်မှာ တနေကုန်နေရတဲ့ အချိန်အတွင်း ဖုန်းဆက်စကားပြောဖို့ မပျက်ကွက်သင့်ပါဘူး။ ဇနီးတိုင်းက ခင်ပွန်းရဲ့ဖုန်းခေါ်သံကို မျှော်လင့်နေကြတာဟာ အမှန်ပါ။ အလုပ်မှာ ထမင်းစားချိန်လေးဖုန်းတစ်ချက်လောက် ဆက်ပေးတာဟာ သူမကို ချစ်ကြောင်းပြရာရောက်တဲ့အပြင် သင်ကိုယ်တိုင်လည်း အလုပ်မှစိတ်ဖိစီးမှုကို လျော့စေပါတယ်။ သင့်ဇနီးကို သင်လည်းချစ်တာပဲမဟုတ်လား။ ချစ်တဲ့သူနဲ့ ခဏလောက်စကားပြောဖို့ ဖုန်းတချက်ဆက်ကာ အချိန်ပေးလိုက်ပါ။ ဇနီးကို တနေ့ နှစ်ကြိမ်ဖုန်းဆက်ခြင်းဟာ အိမ်ထောင်ရေးမှာ သိသိသာသာပျော်ရွှင်မှုတိုးစေတယ်လို့ ဆိုပါတယ်။

(၄) ဈေးဝယ်ထွက်ဖို့ ခေါ်ပါ

ဇနီးလိုချင်တာဝယ်ဖို့ ပိုက်ဆံပေးလိုက်တာထက် တူတူဈေးဝယ်ထွက်ဖို့ မိမိက စတင်ပြီး ခေါ်တဲ့အခါ ဇနီးဟာ အရမ်းကို ပျော်ရွှင်သွားပါလိမ့်မယ်။ စူပါမားကက်ထဲရောက်ရင်လည်း ပိုက်ဆံအိတ်ကိုပေးထားခဲ့ပြီး မိမိကြိုက်ရာ ဆိုင်တစ်ခုခုမှာထိုင်နေတာ ၊ တခြားပစ္စည်းတွေလိုက်ကြည့်နေတာတွေ မလုပ်ပဲ ဇနီးနဲ့အတူ အဝတ်အစားလေးတွေ ရွေးပါ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ ကလေးအသုံးအဆောင်တွေ တူတူရွေးချယ်ပါ။ ဇနီးကို မိမိဝတ်စေချင်တာတွေ ရွေးပေးရတာ သဘောကျစရာပဲ မဟုတ်ပါလား။ သင်တောင် မသိလိုက်ပဲ သင်ကိုယ်တိုင်လည်းပျော်ရွှင်သွားပြီး အများကြီး သင်ယူမိသွားပါလိမ့်မယ်။

(၅) TV ကိုချည်းပဲ ကြည့်နေခြင်းကိုရှောင်ပါ

အပြင်က ပြန်ရောက်ရောက်ချင်းမှာပဲ ဧည့်ခန်း TV ရှေ့ထိုင်ကာ တစ်ချိန်လုံး TV ကြည့်ခြင်းဟာ ကျန်းမာရေးအတွက် မကောင်းသလို အိမ်ထောင်ရေးအတွက်လည်း မကောင်းပါဘူး။ သင် ဘယ်လောက်ပဲပင်ပန်းလာပါစေ ဇနီးမယားရဲ့ တစ်နေ့တာအကြောင်းကို မေးမြန်းပြီး မိမိရဲ့ တစ်နေ့တာအကြောင်းကိုလည်း ပြောပြသင့်ပါတယ်။ ဒီလို စကားစမြည်သာ မပြောဖြစ်ကြရင် ပြောဆိုဆက်သွယ်မှုဆိုတာ ဘယ်မှာရှိလာတော့မှာလဲ။ ဒီတော့ စကားစမြည်ပြော ရင်း ညနေစာစားပြီးမှ TV ကြည့်သင့်ပါတယ်။

(၆) လူရှေ့သူရှေ့ ချီးကျူးစကားဆိုပါ

မိတ်ဆွေတွေကြားမှာ ဇနီးကို ချီးကျူးစကားပြောလိုက်တာဟာ သူမကို ရှက်ပြုံးလေးပြုံးမိစေကာ တစ်နေ့တာလုံး အားအင်ပြည့်ဝစေတဲ့အပြင် ချီးကျူးဖွယ်ဇနီးကို ပိုင်ဆိုင်ရတဲ့သင့်ကိုလည်း အများက လေးစားအားကျစေမှာပါ။ ဒါပေမဲ့ လွန်လွန်ကျွံကျွံမြှောက်ပင့်တာမျိုးမဟုတ်ပဲ သူမရဲ့ လုပ်ဆောင်ချက်တစ်ခုခုကို အမှန်တကယ် သဘောကျနှစ်သက် ကြောင်းပြောတာမျိုးပဲဖြစ်ဖို့ အထူးဂရုစိုက်သင့်ပါတယ်။

(၇) သားသမီးတွေအတွက် အချိန်ပေးပါ

“ သားသမီးတွေ ဘယ်သူ ဘယ်နှတန်းဆိုတာတောင် မမှတ်မိတော့ပါဘူး၊ နာမည်တွေတောင်မှားခေါ်မိလို့ မိန်းမက စိတ်ဆိုးတယ်” လို့ ရယ်မောပြီးပြောဆိုနေတဲ့ ဖခင်တွေ (တနည်းအားဖြင့် ခင်ပွန်းတွေ) ကို တွေ့ဖူးပါတယ်။ အဲလိုဖခင်မျိုးမဖြစ်စေချင်ပါဘူး။ ဘယ်လောက်ပဲ အချိန်မရှိဖြစ်နေပါစေ မိမိရဲ့ အနာဂတ်မျိုးဆက် ရင်နှစ်သည်းချာတွေ ကို ဂရုစိုက်ဖို့ ၊ ပျိုးထောင်ပေးဖို့၊ သင်ကြားပေးဖို့ မပျက်ကွက်သင့်ပါဘူး။ ကလေးတွေကို ကျောင်းအကြိုအပို့လုပ်ပေး၊ နေ့လည်စာထမင်းဘူးထည့်ပေးတာတွေကို လုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ဇနီးကိုလည်း ကူညီရာရောက်ပြီး သားသမီးတွေကိုလည်း ချစ်ကြောင်းပြရာရောက်ပါတယ်။

(၈) ဇနီးနဲ့ တူတူရှိနေချိန်တွေ များများဖန်တီးပါ

ဝါသနာပါရာ သင်တန်းတစ်ခုခု အတူတက်တာမျိုး ( ဥပမာ- ရေကူးသင်တန်း၊ ယောဂသင်တန်း) ၊ မနက်ပိုင်းအတူတူ လမ်းလျှောက်ထွက်တာမျိုးဟာ စိတ်ပေါ့ပါးစေသလို ပျော်ရွှင်မှုတိုးစေပါတယ်။ ဇနီးမယားနဲ့ နှစ်ယောက်တည်းသီးသန့် ရှိနေဖို့ တစ်နေ့မှာ အချိန် တစ်နာရီလောက်ရအောင် ဖန်တီးနိုင်ရင် အိမ်ထောင်ရေး ပိုမိုသာယာလာနိုင်ပါတယ်။

(၉) ဇနီးကို အမေတစ်ယောက်လို ထင်မြင်ပြုမူခြင်းကို ရှောင်ပါ

အိမ်ထောင်ကျခါစ သားသမီးမရှိတဲ့အချိန်မှာ ခင်ပွန်းသည်ဟာ ဇနီးမယားကို အလိုလိုက်ဂရုစိုက်တတ်ပေမဲ့ သားသမီးတွေရဲ့ မိခင်ဖြစ်လာတဲ့အခါ ဇနီးအပေါ်မှာ အမြင်ပြောင်းသွားလေ့ရှိပါတယ်။ ဒါဟာ အချစ်ပေါ့သွားခြင်းလည်းမဟုတ်သလို ရိုးအီသွားခြင်းလည်း မဟုတ်ပါဘူး။

ခင်ပွန်းအပေါ်မှာ ကလေးဆန်စွာ ဆိုးနွဲ့တတ်တဲ့ ဇနီးက သားသမီးတွေအပေါ်မှာ မိခင်ပီသစွာ အနွံတာခံဖြည့်ဆည်းပေးတဲ့အခါ ခင်ပွန်းသည်က ဆိုးနွဲ့တတ်တဲ့ ချစ်စရာဇနီးအဖြစ် မမြင်တော့ပဲ အနွံတာခံတတ်တဲ့ မိခင်အဖြစ်ပဲ မြင်သွားပြီး မိမိကိုလည်း သားသမီးတွေနဲ့ အတူတူ အလိုလိုက်ဖို့ မသိစိတ်က တောင်းဆိုနေမိပါတော့တယ်။ ဒါဟာ ဇနီးအတွက် တရားမျှတပါရဲ့လား။ မိဘဆိုတာ သားသမီးတွေရဲ့ မှီခိုရာဖြစ်ပြီး ခင်ပွန်းဆိုတာ ဇနီးရဲ့မှီခိုရာပဲဆိုတာ အမြဲသတိထားသင့်ပါတယ်။ အိမ်တာဝန်တွေ၊ သားသမီးတာဝန်တွေနဲ့ ပင်ပန်းနေရှာတဲ့ ဇနီးအတွက် နားခိုရာ ခင်ပွန်းအဖြစ် ကြင်နာသနားတတ်တဲ့ နှလုံးသားရှိသင့် ပါတယ်။

(၁၀) လက်ဆောင်လေးတွေ မကြာခဏဝယ်ပေးခြင်း

မွေးနေ့၊ မင်္ဂလာနှစ်ပတ်လည်နေ့တွေရောက်မှ လက်ဆောင်ပေးတာဟာ မပြည့်စုံပါဘူး။ တစ်ပတ် တစ်ခါလောက်ဖြစ် ဖြစ် ပန်းကလေးတစ်ပွင့်ဝယ်ပေးဖို့ဟာ မခက်ခဲတာ အမှန်ပါပဲ။ ကိုယ့်ဘာသာ ဘယ်အချိန်ဖြစ်ဖြစ် ဝယ်လို့ရနိုင်တဲ့ ပစ္စည်းလေးတွေဖြစ်ပေမဲ့ ခင်ပွန်းသည်က အမှတ်တရပေးတဲ့အခါ အရမ်းကို ပျော်ရွှင်ကျေနပ်ကြပြီး ခင်ပွန်းအပေါ် ပိုမိုချစ်မြတ်နိုးလာစေပါတယ်။ ဒီတော့ သွားရင်းလာရင်း ချစ်ဇနီးနဲ့ လိုက်ဖက်တာလေးတွေ့ရင် ပန်း၊ လက်ကိုင်အိတ်၊ ကလစ်၊ နှုတ်ခမ်းနီ၊ ဖိနပ်၊ အကျီၤစတာတွေကို အမှတ်တရဝယ်ပေးသင့်ပါတယ်။

အထက်ပါ အချက်တွေကို ရံဖန်ရံခါ လိုက်နာလုပ်ဆောင်ခြင်းအားဖြင့် ဇနီးသည်ဟာ မိမိရဲ့ဘဝမှာ ဘယ်လောက်အရေး ပါကြောင်း ဖော်ပြပြီးသားဖြစ်စေသလို မိမိကိုယ်တိုင်လည်း သာယာတဲ့အိမ်ထောင်ရေး၊ ကြင်နာတတ်တဲ့ ဇနီးနဲ့ ချစ်စဖွယ်သားသမီးလေးတွေပါဝင်တဲ့ စံပြမိသားစုကို ဦးဆောင်နိုင်တဲ့ ခင်ပွန်းကောင်းဖြစ် လာနိုင်ကြောင်း ရေးသားဖော်ပြလိုက် ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*