Music Zone KTV ပိုင်ရှင်နှင့် မန်နေဂျာ သင်္ဃန်းကျွန်းမြို့ရဲစခန်းတွင် အဖမ်းခံ(ရုပ်သံ)

သင်္ဃန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ခဲ့သည့် Music Zone KTV ၏ ပိုင်ရှင်နှင့် မန်နေဂျာတို့ သင်္ဃန်ကျွန်းမြို့မရဲစခန်းတွင် အဖမ်းခံခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလှဝင်းက ယနေ့(အောက်တိုဘာ ၄ ရက်) တွင် ပြောကြားသည်။

“မှန်ပါတယ်။ မနေ့ည ၉ နာရီခွဲလောက်မှာ ရဲလက်ထဲ ရောက်ပါပြီ။ ပိုင်ရှင်နဲ့ မန်နေဂျာ နှစ်ယောက်ပါ။ ပိုင်ရှင်နာမည်က ဦးဇော်မင်းပါ။ မန်နေဂျာက ကျော်ကျော် ဖြစ်ပါတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦဦးရွှေလှဝင်းက ဆက်လက် ပြောကြားသည်။

Music Zone KTV ပိုင်ရှင်နှင့် မန်နေဂျာဖြစ်သူကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက တရားလိုပြုလုပ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် စက်တင်ဘာ ၃၀ ရက်တွင် သင်္ဃန်းကျွန်းမြို့မစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

Music Zone KTV ပိုင်ရှင်မှာ ဦးဇော်မင်းဆိုသူဖြစ်ပြီး မန်နေဂျာမှာ ဇော်မိုးကို ခေါ် ဆိုင်နာမည် ကျော်ကျော် ဖြစ်ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone KTV ၏ ပိုင်ရှင်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေဖြင့် တရားစွဲရန် မြို့နယ် COVID ကော်မတီက ဆုံးဖြတ်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလှဝင်းက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားထားသည်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပါ ပုဒ်မနှစ်ခုမှ သုံးခုဖြင့် တရားစွဲရန် မြို့နယ်ဥပဒေရုံးသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တင်ပြထားပြီး မြို့နယ်ဥပဒေရုံးက မည်သည့်ပုဒ်မဖြင့် တရားစွဲရန် အကြံပြုချက်လာသည်နှင့် စတင်တရားစွဲဆိုမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြောကြားထားသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ခဲ့သည့် Music Zone KTV နှင့်ဆက်စပ်၍ COVID-19 ရောဂါပိုး အတည်ပြုလူနာ ၉၀ ကျော် တွေ့ရှိခဲ့သည်။

အောက်တိုဘာ ၃ ရက် ညပိုင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၆၅၀၃ ဦးရှိပြီဖြစ်ပြီး သေဆုံးသူ ၃၇၁ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*