မိုးရွာတာကို ကြိုက်နှစ်သက်တဲ့သူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးများ

မိုးစက်လေးတွေ ကောင်းကင်ပေါ်က ကြွေကျလာတာကို တခုပ်တယနဲ့ ဖမ်းဆုပ်ဖူးတဲ့ မိုးချစ်သူတွေရှိလား။ မိုးစက်လေးတွေ မြေပြင်ပေါ်ကျနေတဲ့အသံကို စာအုပ်တစ်အုပ်၊ ကော်ဖီတစ်ခွက်နဲ့ နားထောင်ရတဲ့အရသာကို ကြိုက်နှစ်သက်တဲ့သူများ ရှိလား။ မိုးခြိမ်းသံတွေကြားမှ ပိုအိပ်ပျော်တယ်ဆိုတဲ့သူတွေရော ရှိလား။ လျှပ်စီးကြောင်းတွေကို နတ်ဘုရားရဲ့လှပတဲ့ဖန်ဆင်းမှုတစ်ခုလို့တွေးပြီး ငေးကြည့်ဖူးလား

သူများတွေ မိုးရွာလို့ ရေစိုလို့ စိတ်ညစ်ညူးနေတဲ့အချိန် သင်ကမိုးရေထဲ ကခုန်ချင်တဲ့သူတစ်ယောက်လား။ ဒါဆိုရင်တော့ သေချာပါတယ်။ သင်က မိုးချစ်သူပါပဲ။ မိုးရွာတာကို ကြိုက်နှစ်သက်တဲ့သူအများစုဟာ ဘဝမှာ ပျော်ရွှင်တဲ့သူတွေဖြစ်ကြတယ်လို့ ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့…..

 ကြုံလာတဲ့အရာတွေအပေါ် အလေးအနက်စဉ်းစားတတ်တယ်

မိုးချစ်သူတွေဟာ မိုးရဲ့အသေးစိတ်အကြောင်းအရာလေးတွေကအစ ကြိုက်ကြတယ်။ တဖျောက်ဖျောက် ကျနေတဲ့ မိုးပေါက်လေးတွေရဲ့အသံ၊ သစ်လွင်လတ်ဆတ်တဲ့ မိုးနံ့လေနံ့၊ အသားအရေပေါ် ပြုတ်ကျလာတဲ့ မိုးရေစက်တွေရဲ့ အထိအတွေ့၊ လှပ်ခနဲ ဖြစ်သွားတဲ့ လျှပ်စီးကြောင်းတွေရဲ့ အခက်အလက်တွေကအစ သဘောကျနေတတ်ကြတာ။ အဲလိုလူတွေဟာ ဘယ်အရာကို လုပ်လုပ် အလေးအနက် စဉ်းစားကြတယ်။ တစ်ခါတလေ လေးနက်လွန်းလို့တောင် အချိန်ဖြုန်းသလို ဖြစ်နေတတ်တယ်။ ကြုံလာတဲ့ အရာတွေကို လေးလေးနက်နက်စဉ်းစားပြီး တစိမ့်စိမ့် ခံစားနေတတ်သူတွေဖြစ်ပါတယ်။ အဲလို ခံစားနေရတာကို ပျော်နေတတ်ကြသူတွေလေ။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ်

စဉ်းစားကြည့်ပါ။ အသက်အရွယ်ရနေပြီဖြစ်တဲ့ လူတစ်ယောက်က လေးနှစ်သားကလေးလို မိုးရေထဲမှာ ဆော့ကစားနေတယ်ဆိုတာ သူဟာ ပတ်ဝန်းကျင်ရဲ့အမြင်ကို ဂရုမစိုက်လို့ပါ။ မိုးရွာတာကို ချစ်တဲ့သူတွေဟာ မိုးကိုချစ်ရတာကို ဂုဏ်ယူနေတတ်ကြတာ။ ဘာတွေပဲ ခံစားနေရပါစေ မိုးရေနဲ့ထိတွေ့တဲ့အခါ ပျော်ရွှင်နေတတ်ကြတာ။ မိုးကြောင့် ဆံပင်တွေစိုသွားမှာ၊ မိတ်ကပ်တွေပျက်သွားမှာကို ဂရုမစိုက်သူတွေပေါ့။ မိုးရေတွေ စိုသွားလည်း ကိုယ့်အလှကိုယ် ယုံကြည်မှုရှိနေတုန်းပဲမို့လေ။

ခက်ခဲတဲ့အချိန်တွေကို အလွယ်တကူ ကျော်ဖြတ်နိုင်တယ်

မိုးရွာပြီးသွားရင် ပန်းတွေပွင့်လာမယ်ဆိုတာကို မိုးချစ်သူတွေက နားလည်ကြတယ်လေ။ သင့်ရဲ့ဘဝမှာ ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေကြုံနေရတဲ့အခါ မိုးချစ်သူတွေပြောလေ့ရှိတာက “ပြီးသွားမှာပါ” လို့ လေသံအေးအေးလေးနဲ့ နှစ်သိမ့်မယ့်သူတွေပေါ့။ တကယ်တော့ သူတို့တွေဟာ အခွင့်အရေးကောင်းတွေကို ဖမ်းဆုပ်နိုင်ဖို့ စိန်ခေါ်မှုတွေ လိုအပ်တယ်ဆိုတာကို သိကြတယ်။ မိုးမရွာဘူးဆိုရင် သက်တံ့ကို မတွေ့နိုင်ဘူး မဟုတ်လား။

ရှုထောင့်မျိုးစုံကနေ တွေးတတ်တယ်

မိုးရာသီကို တကယ်ကြိုက်နှစ်သက်တဲ့သူတွေဟာ ရာသီဥတုတွေကြောင့် ကြောက်လန့်နေမယ့်သူတွေ မဟုတ်ပါဘူး။ ဒါက ရေစက်ကလေးတွေလေ၊ ဇွန်ဘီးတွေမိုးပေါ်ကကျလာပြီး ကမ္ဘာပျက်ကိန်းစိုက်နေတာမှ မဟုတ်တာ။ မိုးချစ်သူတွေဟာ သဘာဝရဲ့စစ်မှန်ခြင်းတွေကို ကောင်းတဲ့ရှုထောင့်ကနေ ရှုမြင်တတ်တဲ့သူတွေပေါ့။ တကယ်လို သင်ရဲ့အတွေးအမြင်ရှုထောင့်အကြောင်း ဆွေးနွေးချင်ရင် မိုးချစ်သူတွေကိုသာ ရှာပြီးပြောလိုက်ပါ။ သင့်ပြောတဲ့ ရှုထောင့်ကို ပိုပြီးနစ်ဝင်စီးမြောသွားအောင် ဖြည့်စွက်ပေးမယ့်သူတွေပေါ့။

ဝမ်းနည်းခြင်းထဲက အလှတရားကို မြင်နိုင်တယ်

မိုးရွာလိုက်တဲ့အခါ ပတ်ဝန်းကျင်ဟာ သန့်ရှင်းသွားပြီး သဘာဝတရားဟာ အသစ်တစ်ဖန်မွေးဖွားလာတယ်။ သဲကြီးမဲကြီး ငိုပြီးတဲ့အခါ စိတ်တွေ ကြည်လင်သွားတဲ့ ခံစားမှုမျိုးပေါ့။ မိုးရွာတာကို တကယ်နှစ်သက်တဲ့သူတွေဟာ ငိုရတာကိုတောင် ကြိုက်ကြတာဗျာ။ မိုးရွာရင်ကို အလိုလို ငိုချင်လာရော။ သူတို့ကို သွားကြည့်လိုက်။ ဝမ်းနည်းနေရလို့ လဲကျသွားမယ်မထင်နဲ့။ မျက်ရည်တွေကြားက ပြုံးနေမယ့်သူတွေ။ တစ်နည်းပြောရရင် အဆိုးထဲက အကောင်းတွေကို ရှာဖွေတတ်သူတွေပေါ့။

 

 ပစ္စုပ္ပန်တည့်တည့်မှာ အသက်ရှင်တယ်

မိုးရွာတဲ့အခါ မိုးတွေထဲမှာ ခုန်ပေါက်ပျော်ပါးနေဖို့ကလွဲလို့ ဘာမှမတွေးဘူး။ အတိတ်ရဲ့နာကျင်မှုလည်း မရှိသလို၊ အနာဂတ်အတွက် ပူပမ်သောကလည်း မရှိဘူး။ ပစ္စုပ္ပန်တည့်တည့်မှာ ကျလာနေတဲ့ မိုးစက်တွေရဲ့ အထိအတွေ့ကိုသာ ခံစားနေတတ်တယ်။ မိုးရာသီကို ကြိုက်နှစ်သက်သူတွေဟာ အသက်ရှင်နေတဲ့အချိန်လေးမှာ ပျော်ရွှင်အောင်နေတတ်ကြတယ်

ပျော်ရွှင်တဲ့သူတိုင်းဟာ မိုးရာသီကိုချစ်တဲ့သူတွေလို့ မဆိုလိုပါဘူး။ သို့ပေမယ့် မိုးရာသီကိုချစ်တဲ့သူအများစုကတော့ ပျော်ရွှင်တတ်သူတွေ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*