
အသက်(၁၄)နှစ်သာရှိသေးတဲ့ မလေးရှားနိုင်ငံသား ကောင်လေးတစ်ယောက်ဟာ အမြဲလိုလို PUBG တွဲကစားလေ့ရှိတဲ့ ကောင်မလေးက လိမ်သွားတာကို ခံလိုက်ရပါတယ်။ လိမ်သွားတဲ့ပိုက်ဆံတွေကတော့ ကောင်လေးရဲ့ဖခင်ရဲ့ဘဏ်အကောင့်ထဲက ဖြစ်ပါတယ်။ ရင်းဂစ်(၃)သိန်းအထိ လိမ်သွားခဲ့တာပါ။
အဆိုပါ ငွေပမာဏဟာ ကန်ဒေါ်လာအနေနဲ့ (၇၁၀၀၀)ကျော် ဖြစ်ပါတယ်။ အလွန်ပမာဏများတဲ့ ငွေဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ မလေးရှားနိုင်ငံ၊ Kuantan မြို့မှာ သြဂုတ်လ(၅)ရက်မှာ ဖြစ်ခဲ့တာပါ။ လိမ်သွားတဲ့ ကောင်မလေးကတော့ Facebook ပေါ်ကတစ်ဆင့် သိရှိခဲ့တာလို့ ဆိုပါတယ်။ သူမရဲ့နာမည်ကိုတော့ သတင်းမှာ Anis လို့သာ ဖော်ပြထားပါတယ်။
Anis ဟာ PUBG လည်း အတန်အသင့် ဆော့နိုင်သလို၊ ဖုန်းတွေကိုလည်း ဈေးချိုချိုနဲ့ ပြန်ရောင်းသူလို့ သိရပါတယ်။ နှစ်ယောက်သား ခင်မင်ရင်းနီသွားပြီးနောက် Whatsapp မှာလည်း အဆက်အသွယ် လုပ်နိုင်ခဲ့သလို၊ နေ့စဉ်နေ့တိုင်း ပဋိသန္ဓာရစကားတွေ အပြန်အလှန်ပြောခဲ့ကြပါတယ်။ ဂိမ်းဆော့ရင်လည်း အသင်းတစ်သင်းတည်းပါတဲ့။ (ကောင်လေးရဲ့ဖခင်ကတော့ ဒီကောင်မလေးဟာ ချစ်သူဖြစ်အောင် အရင်သိမ်းသွင်းပြီး အယုံသွင်းခဲ့ပုံရတယ်လို့ ဆိုနေပါတယ်။)
လအနည်းငယ်ကြာသွားတော့ Anis ဟာ ကောင်လေးဆီကနေ ပိုက်ဆံချေးခဲ့ပါတယ်။ သူမ လောလောဆယ် ငွေရေးကြေးရေး မပြေလည်သေးလို့ ခဏလှည့်ထားပါလို့ ပြောခဲ့ပါတယ်။ ယုံလောက်အောင် စီးပွားရေးလုပ်ငန်းတချို့ကိုလည်း အမည်တပ်ပြီး လိမ်ညာခဲ့ပါတယ်။ မေလမှာ ကောင်လေးက ဖခင်ဘဏ်အကောင့်ကနေ ငွေစလွှဲပေးပါတယ်။
အကြိမ်ရေအားဖြင့် (၂၁)ကြိမ်အထိ ငွေလွှဲခဲ့ပြီး၊ ငွေပမာဏကတော့ ရင်းဂစ် (၂၉၅,၉၅၀)အထိ ရှိခဲ့ပါတယ်။ ကောင်လေးရဲ့ဖခင်ဖြစ်သူဟာ ဇူလိုင်ရောက်မှာ သူ့အကောင့်ထဲကနေ ပိုက်ဆံတွေ မသင်္ကာဖွယ်ရာ ရော့နည်းနေတာကို သတိထားမိခဲ့တာပါ။ သားဖြစ်သူကို စစ်ဆေးမေးမြန်းချိန်မှာ အမှန်အတိုင်း ဖြေခဲ့ပါတယ်။
ကောင်လေးက ငွေတွေပြန်ပေးဖို့ တောင်းတဲ့အခါမှာတော့ Anis က အကောင့်လစ်ပြေးသွားပြီး၊ ဖုန်းတွေအကုန် စက်ပိတ်ထားပါတော့တယ်။ ဒီလိုနဲ့ ကောင်လေးရဲ့ဖခင်က Cameron Highlands ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။ ဖခင်ကတော့ သားဖြစ်သူအနေနဲ့ လူလိမ်မလေးကို ချစ်မိခဲ့ရာက လိမ်တာကို လိမ်တာလို့မမြင်ဘဲ လျှောက်လုပ်ခဲ့တာလို့ ယူဆနေပါတယ်။ ဒီအမှုကို ရဲတွေက လိုက်နေဆဲဖြစ်ကြောင်း မေလးရှားသတင်းစာ Bernama က ဖော်ပြခဲ့ပါတယ်။
Leave a Reply