အဖေ့လက်ဝါး

အဖေ့လက်ဝါး
————
ကုမ္ပဏီကြီးတစ်ခုတွင် မန်နေဂျာရာထူးအတွက် လူတွေ့စစ်ဆေးပွဲကို ကျင်းပပြုလုပ်နေပါသည်။

လူငယ်လေးတစ်ယောက်ကို ဒါရိုက်တာအဖွဲ့က နောက်ဆုံးအဆင့် အနေဖြင့် အင်တာဗျူးရန်ခေါ်တွေ့သည်။ ဒါရိုက်တာတစ်ဦးက လူငယ်လေး၏ စီဗွီဖောင်အား ဖတ်လိုက်ပြီး သဘောကျသွားသည်။ ပညာအရည်အချင်း၊ ကြိုးစားအားထုတ်ခဲ့မှုများ ဘာမျှပြောစရာမရှိ။ အလယ်တန်းအဆင့်မှသည် ဘွဲ့ရပြီးသည့်တိုင် သူပညာအရည် အချင်းက ထိပ်တန်းအဆင့်တွင်ရှိနေသည်။

ဒါရိုက်တာကြီးတစ်ဦးက
“ဒါနဲ့ မောင်ရင် ပညာတော်တော့ ပညာသင်ဆုတွေ ဘာတွေများရခဲ့ဖူးလား၊ ထောက်ပံ့ကြေးတွေဘာတွေ ရခဲ့ဖူးလား၊ မင်းတင်ပြထားတဲ့ အချက်တွေထဲမှာ အဲဒါတွေမပါလို့”

“ထောက်ပံ့ကြေးတွေ တစ်ခါမှ မရခဲ့ဖူးပါဘူးခင်ဗျာ”

“မင်း အဖေက ချမ်းသာလို့လား … ဒီမှာတော့ အလုပ်သမားလို့ပဲတွေ့တယ်။ ဘာလုပ်လို့လဲ။ ဘွဲ့ရပြီးတဲ့အထိ သူကပဲ မင်းကို ထောက်ပံ့ခဲ့တာပေါ့”

“ဟုတ်ပါတယ် … အမေဆုံးသွားပြီးကတည်းက အဖေကပဲ ထောက်ပံ့ပြီး ကျောင်းထားခဲ့တာပါ”

“အဖေက ဘာလုပ်သလဲ”

“ပန်းရံဆရာပါ”

ဒါရိုက်တာ တစ်ဦးက

“လာပါဦး … ဒီရှေ့ကို ခဏလောက်” ဟုပြောလိုက်သည်။

လူငယ်လေးက ဒါရိုက်တာအဖွဲ့ထံသွားလိုက်သည်။

“မင်းလက်ကို ခဏလောက်ပြစမ်းပါကွာ”

လူငယ်လေးက သူ့လက်တွေကို ဖြန့်ပြလိုက်သည်။

“ဟုတ်ပြီ သွားပြန်ထိုင်တော့”

သူပြန်ထိုင်ပြီးချိန်တွင် ဒါရိုက်တာတစ်ဦးက

“မင်း အဖေအလုပ်က ပြန်လာတဲ့အခါမှာ သူ့လက်တွေကိုကိုင်ကြည့်ဖူးသလား”

“ဟင့်အင်း … မကိုင်ကြည့်ဖူးပါဘူး”

“သူ့လက်တွေကိုရော … ဆေးပေးဖူးသလား”

“မဆေးပေးဖူးပါဘူး”

“အေး …မင်းက ငါတို့ကြိုက်တဲ့ အရည်အချင်းတွေနဲ့ အားလုံး ပြည့်စုံသူပဲကွ … ဒါပေမဲ့ တစ်ခုပဲလိုတော့တယ် … အဲဒါဘာလဲဆိုတော့ မင်းဘက်က တစ်ခု လုပ်ပေးဖို့ပဲ”

“ဘာများ လုပ်ပေးရမလဲခင်ဗျာ”

“ဒီကနေ အိမ်ပြန်ရောက်ပြီး ညစာစားရင်လေ … မင်းအဖေလက်တွေကို ဆေးပေးပါရစေလို့ တောင်းဆိုပြီး ဆေးပေးပါလား … အေး … ဆေးပေးပြီးရင် ပြီးပါပြီ … မနက်ဖြန်ပြန်လာပြီး … မင်းအတွေ့အကြုံလေး ပြောပြပေါ့ … ဟုတ်လား”

“ဟုတ်ကဲ့”

ကောင်လေးက အိမ်ပြန်ရောက်သည့်အခါတွင် ထမင်း၊ ဟင်းများချက်ပြီး သူ့ဖခင် ပြန်အလာကို စောင့်နေသည်။ ဖခင်က အလုပ်မှပြန်လာပြီး ဦးထုပ်ကိုချွတ်ကာ ချိတ်လိုက်သည်။

“အဖေ”

“ဘာလဲသား … အလုပ်ခန့်ပြီလား အဆင်ပြေခဲ့ရဲ့လား”

“ဒီကို ခဏလောက် လာပါဦးအဖေ”

“ဘာလုပ်မလို့လဲကွ”

“ဒီခုံမှာ ခဏလောက် ထိုင်ပေးပါလား”

“ဘာများလဲကွာ”

“အဖေ့လက်တွေ သားကိုပြပါလား”

“ဘာလုပ်မလို့လဲ”

“ပြပါအဖေရယ်”

ဖခင်ဖြစ်သူက သူ့လက်တွေကို ပေးလိုက်သည်။ သားဖြစ်သူက လက်တွေကို ဆွဲယူကာကြည့်လိုက်သည်။ လက်ဝါးပြင်ကြီးတွေမှာ ကျွဲပခုံးထသလို အဖုအထစ်တွေနှင့်ဖြစ်နေသည်။ သူက သူ့လက်ဖြူဖြူနုနုလေးနှင့် ပွတ်ကြည့်မိသည်။ ကော်ပတ်ကြမ်းကြီးကို လက်နှင့် ပွတ်သလို ခံစားနေရသည်။ သူ့မျက်ရည်တွေ တစ်ပေါက် ပေါက်ကျလာသည်။

“ဘာဖြစ်တာလဲသား”

“အလုပ်က သားကို အဖေ့လက်ကိုင်ကြည့်ဖူးသလားတဲ့ … ပြီးတော့ အဖေ့လက်တွေကို ဆေးပေးဖူးသလားတဲ့”

“ဘာလုပ်မလို့လဲ”

“သူတို့ ဘာလုပ်လုပ်ပါအဖေရယ် …. သားတစ်သက်လုံး အဖေ့လက်တွေကို သတိမထားမိတာ နောင်တရ လိုက်တာ … ဘာဖြစ်လို့ အဖေ့လက်လေးတစ်ချက်တောင် ကိုင်ကြည့်ဖို့ စိတ်မကူးမိတာလဲ … ဘာဖြစ်လို့ အဖေ့ လက်လေးတွေကို ဆေးပေးဖို့ စိတ်ကူးထဲ မဖြစ်ခဲ့တာလဲ”

“မလိုမှ မလိုတာပဲသားရယ် … အဖေက ကိုယ့်လက်ကို ကိုယ်ဆေးနိုင်တာပဲ … ဒီလက်တွေက အကောင်းကြီးပဲ … ဒီလက်တွေနဲ့ အဖေ အလုပ်တွေ အများကြီး လုပ်နိုင်တာပဲ”

သားက အဆင့်ပြင်ထားသည့် ရေဇလုံထဲတွင် အဖေ့လက်ကလေးကို နှစ်ခိုင်းလိုက်ပြီး ဆပ်ပြာနှင့်ပွတ်ကာ ဆေးပေးလိုက်သည်။ ထို့နောက် မျက်နှာသုတ်ပဝါနှင့် ပွတ်ပေးကာ

“အဖေရယ် … အဖေအများကြီး ပင်ပန်းခဲ့မှာပဲ”

“အထူးအဆန်းလုပ်လို့သားရယ် … သားက ပညာတတ်ကြီးဖြစ်ပြီး ခုဆို အလုပ်နဲ့ အကိုင်နဲ့ ဖြစ်တော့မှာပဲ … အဖေဖြစ်စေချင်တာ အဲဒါပဲကွ … အဲဒီလိုဖြစ်အောင် အဖေလုပ်နေတာလေ”

“အဖေရယ်”သူက အဖေ့လက်လေးကိုကိုင်ပြီး ငိုနေမိသည်။

“ဟေ့ကောင် ယောက်ျားဆိုတာ ဘယ်သူ့ကိုမှ မျက်ရည်မကျပြနဲ့ကွ … မင်းပျော့ညံ့တာ လူသိသွားလိမ့်မယ်”

“အဖေ့ရှေ့မှာ ငိုတာပါ”

“အဖေ့ရှေ့မှာ မင်းကပိုတောင် မငိုသင့်သေးတယ် … မင်းက လိမ္မာ … ကြိုးလည်းကြိုးစားလို့ ဒီလိုဖြစ်ခဲ့တာ မဟုတ်လား”

“အဖေသာ မထောက်ပံ့ခဲ့ရင် ဒီလိုအခြေအနေ ရောက်မှာ မဟုတ်ပါဘူးအဖေရာ”

“အေးလေ … ရောက်ပြီဆို … ရှေ့ဆက်ကွာ … တွေဝေမနေနဲ့ … ထလိုက် … အဖေထမင်းဆာနေပြီ”

နောက်တစ်နေ့တွင် လူငယ်လေးက ကုမ္ပဏီကို ပြန်ရောက်လာသည်။ ယနေ့တော့ ဒါရိုက်တာကြီးတစ်ဦးကိုသာ သူတွေ့ဆုံရသည်။

“မနေ့က အိမ်ပြန်ရောက်တော့ မင်းအဖေလက်ကို ဆေးပေးခဲ့သလား”

“ဟုတ်ကဲ့”

“မင်းစိတ်ထဲမှာ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ပြောပြစမ်းကွာ”

“ကျွန်တော့် စိတ်ထဲမှာ ဖြစ်ခဲ့တာတွေလား”

“အေးလေ”

နံပါတ် ၁ … ကျွန်တော်ခုမှ အဖေ့တန်ဖိုးကို ပိုသိသွားတယ်လို့ ထင်ပါတယ်။ အဖေသာ မရှိခဲ့ရင် ဒီနေ့ ကျွန်တော် ဒီနေရာမှာ ရပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။

နံပါတ် ၂ … တစ်ညလုံး တွေးမိတာက အဖေဘာကြောင့် ကျွန်တော့်အတွက်ပဲ လုပ်ခဲ့ပြီး သူ့အတွက် ဘာတစ်ခုမှ မလုပ်ခဲ့သလဲဆိုတာပဲ

နံပါတ် ၃ … မိသားစုဆိုတာ ဘယ်လိုသံယောဇဉ်တွေနဲ့ နှောင်ဖွဲ့ထားတယ်ဆိုတာ ကျွန်တော် ခုမှ ပိုပြီး နားလည် ခဲ့ရပါတယ်

ဒါရိုက်တာကြီးက သူ့ကို ပြုံးပြီးကြည့်နေလိုက်သည်။ ထို့နောက်“ငါတို့ ရှာနေတဲ့ မန်နေဂျာဆိုတာ အဲဒီလို အသိ အမြင် အတွေးရှိသူမျိုးပဲကွ” ဟု ပြောလိုက်သည်။
ထို့နောက်ဆက်ပြောသည်မှာ

“ပညာတွေ အများကြီး တတ်ထားရုံနဲ့မပြီးဘူးကွ … သူတစ်ပါးအပေါ် နားလည် ခံစားတတ်တဲ့ လူမျိုးတွေလည်း လိုအပ်တယ်။ ကိုယ့်မိသားစုထဲမှာ ကိုယ့်မိဘအပေါ်တောင် နားမလည်နိုင်တဲ့ လူတစ်ယောက်ဟာ အဖွဲ့အစည်း တစ်ခုမှာ မိဘတစ်ယောက်လို ပြန်ပြီးတော့ အုပ်ချုပ်နိုင်ဖို့ဆိုတာ မလွယ်ဘူး။ ငါတို့က ရင့်ကျက်တဲ့စိတ်ထား ရှိသူတွေကိုပဲလိုတယ်။ ပညာတတ်ပြီး နို့နံ့မပျောက်သေးတဲ့ နို့သက်ခံစို့နေသူတွေကို မလိုချင်ဘူး။ ကိုယ့် အဖေရဲ့ ဘဝတစ်ခုကို ပြန်ပြီးခံစားနိုင်ရဲ့လားကို မင်းကို စစ်ဆေးလိုက်တာ အောင်မြင်ပါတယ်။ မင်းကို ငါတို့ ကုမ္ပဏီက ကြိုဆိုပါတယ်”

(ဤအကြောင်းအရာနှင့် မူကွဲများဖြစ်သော အဝတ်လျှော်သည့် မိခင်ကို လက်ဆေးပေးသည့် အကြောင်း အရာတူလေးများလည်း ရှိပါသည်။ ကျွန်တော် ရေးခဲ့ဖူးပါသည်။ ယခုအကြောင်းအရာမှာ ဖခင်တစ်ယောက်ကို ဖော်ထုတ်ချီးကျူးရာရောက် သောကြောင့် ထပ်ဆင့်ဂုဏ်ပြုကာ ရေးသားပါသည်။ My Father is a Mason ကို မြန်မာမှုပြုပါသည်။ )

တင်ညွန့်

၂.၁၀.၂၀၂၀

Be the first to comment

Leave a Reply

Your email address will not be published.


*