ဒီလိုချစ်ခြင်းတရားတွေ ရှိနေ သရွေ့ ကိုဗစ် အနိုင် မရစေရဘူး….(အရမ်းကိုလေးစားစရာပါပဲဗျာ….)

ကိုဗစ် ကို အဆုံးသတ်အနိုင်ယူ မယ့် မေတ္တာတရား (ဒီလိုချစ်ခြင်းတရားတွေ ရှိနေ သရွေ့ ကိုဗစ် အနိုင် မရစေရဘူး) ၃၀ ရက်နေ့ ကတော့ မှတ်မှတ်ရရပါပဲ …

နေ့ခင်းဘက် ထမင်းစားသောက်ပြီး ခဏအနားယူနေတုန်း ကိုယ်တာဝန်ကျတဲ့ Positive လူနာတွေထားတဲ့တိုက်ဘက်က အခန်း၄ခန်းလောက်က ရေမီးအဆင်မပြေတာလေးတွေကို ဖုန်းနဲ့လှမ်းပြောပြကြတော့ တစ်ခြားလုပ်စရာကျန်တာလေးတွေပါပေါင်းလုပ်ဖို့အတွက် လူ၃ယောက် PPE ဝတ်ပြီးအထဲဝင်ကြမယ်၊၂ယောက်က အပြင်မှာနေပြီး အထဲက၃ယောက်လိုအပ်တာလေးတွေကူညီပေးကြမယ်ဆိုပြီး တာဝန်ကိုယ်စီခွဲယူလိုက်ကြတယ် …

PPE ဝတ်ပြီး Positive လူနာတွေထားတဲ့ လေးထပ်ဆောင်ရဲ့အပေါ်ဆုံးအလွှာကိုအသွားမှာ အမှတ်တမဲ့ ကိုရင်လေးတစ်ပါးကိုတွေ့မိလိုက်တော့ ကျနော့်စိတ်ထဲဟာခနဲဖြစ်သွားမိတယ်၊ အရင့်အရင်ရက်တွေမှာ တစ်ခြားကလေးငယ်လေးတွေကိုတော့တွေ့မိတယ်၊ ကျနော် Volunteer ဝင်လုပ်ပေးနေတဲ့ ၁၈ ရက်နေ့ကနေ ဒီနေ့အချိန်အထိ ရိုးမရိပ်သာ Covid Center က Positive အဆောင်တွေမှာ အခုလို ကိုရင်လေးတွေကို မတွေ့မိသလို ရောက်လာလိမ့်မယ်လို့လဲ ထင်မထားခဲ့မိဘူး၊ ခေါင်းထဲမှာလဲ ကိုရင်လေးအတွက် ညစာဘယ်လိုစီစဉ်ပေးထားမလဲသိချင်လိုက်တာ၊ အဆင်ကောပြေမှပြေရဲ့လား၊ ကိုရင်လေးကိုလှူဖို့အတွက် ငါ့မှာဘာမုန့်ရှိလောက်လဲဆိုတဲ့အတွေးက မရပ်တော့ဘူး …

တွေးရင်းတွေးရင်းနဲ့ ညကဆရာဝန်ကြီးပေးထားတဲ့ အအေးပုလင်းနဲ့ မုန့်ပုံးကိုသတိရမိတော့ ကိုရင်လေးကိုပြန်လှူလိုက်မယ်ဆိုတဲ့စိတ်နဲ့ ကိုယ်လုပ်စရာရှိတဲ့အလုပ်လေးတွေမြန်မြန်သွက်သွက်လုပ်ပြီး ပြန်အဆင်းမှာ ကိုရင်လေးနေတဲ့အခန်းနံပါတ်ကို မေးလာခဲ့လိုက်တယ် … ညဘက်ရေမိုးချိုး ထမင်းစားသောက်အပြီး အကို၊ အမအချို့နဲ့ ကိုရင်လေးအကြောင်းစကားစပ်မိတော့ သူတို့လဲတစ်ခြားကလေးငယ်ငယ်လေးတွေ ဝရန်တာမှာဆော့ကစားနေကြတာတွေ့မိကြောင်းနဲ့ လှူမယ်ဆိုရင်သူတို့ဆီကမုန့်တွေပါယူလို့ရကြောင်းပြောတာနဲ့ ချက်ချင်းမုန့်တွေစုလိုက်တာ ကလေးဆယ်ယောက်စာလောက်ရသွားတယ် …

အဲ့ဒါနဲ့ ဆရာဝန်တွေနေတဲ့အခြမ်းဘက်သွားပြီး ကိုရင်လေးနေတဲ့ တိုက်နားဝန်းကျင်မှာရှိတဲ့ ကလေးလေးတွေရဲ့ နာမည်စာရင်းကိုတောင်းကြည့်လိုက်တော့ နှစ်ဆယ့်သုံးယောက်လောက်ရှိနေတာသိခဲ့ရတယ်၊ အခန်းထဲပြန်ရောက်ချိန်မှာ စုထားတဲ့မုန့်ထက် ကလေးအရေအတွက်ကများနေကြောင်းပြန်ပြောပြတော့ အခန်းထဲကအကိုတစ်ယောက်က တစ်ခြားအခန်း၃ခန်းက အင်ဂျင်နီယာအကို၊ အမတွေဆီကိုပါသွားပြီး Positive ဖြစ်နေတဲ့ ကလေးလေးတွေကို ကိုယ်ရထားတဲ့ဝေစုထဲက မုန့်လေးတွေပြန်လှူဖို့ စီစဉ်ထားကြောင်းနဲ့ ပါဝင်ကြအုန်းမလားဆိုပြီးလိုက်မေးပေးတယ်၊ ချက်ချင်းဆိုသလိုပဲ မုန့်တွေလာပေးကြတာ ကျနော့်ကုတင်နဲ့အပြည့်ဖြစ်သွားတယ်ဗျ …

မနက်ဘက် Pဆောင်တွေဆီကို ထမင်းသွားပို့ပေးမဲ့ Volunteer တွေနဲ့ တစ်ခါတည်းထည့်ပေးလိုက်နိုင်အောင် မောင်နှမတတွေ ရလာတဲ့မုန့်လေးတွေကို စာရင်းလုပ်၊ အညီအမျှခွဲပြီး ထည့်ပေးမယ့်အိတ်လေးတွေမှာ ကလေးလေးတွေရဲ့ နာမည်နဲ့ အားပေးစကားရေးတဲ့သူကရေး၊ ခွဲထားတဲ့မုန့်လေးတွေထည့်တဲ့သူကထည့်၊ အိတ်လေးတွေပြန်ပိတ်ပြီး အဆောင်နံပါတ်အတိုင်းအိတ်တစ်ခုထဲ စုထည့်တဲ့သူကထည့်နဲ့ ဝိုင်းလုပ်လိုက်ကြတာ ည၁၂ခွဲလောက်မှပြီးသွားတယ် …