James Bond ထံမှ လေ့လာသင်ယူရမည့် ဆောင်ရန်ရှောင်ရန်များ

နာမည်ကျော် စပိုင်ဇာတ်ကောင်တစ်ခုဖြစ်တဲ့ ဂျိမ်းစ်ဘွန်းဟာ အဆင့်မြင့်အသုံးအဆောင်ပစ္စည်းတွေ။ သပ်ရပ်ခမ်းနားတဲ့ အမိုက်စားဝတ်စုံတွေနဲ့ အလန်းစားမိန်းမလှလေးတွေရဲ့ အသဲစွဲဖြစ်ပါတယ်။ ဂျိမ်းစ်ဘွန်းရဲ့ ဘဝနေထိုင်မှုပုံစံကနေ လေ့လာအတုယူနိုင်စရာတွေရှိသလို ရှောင်ကြဉ်ပစ်ပယ်စရာတွေလည်း ရှိနေပါတယ်။ ဘာတွေကို ဆောင်ပြီး ဘာတွေကိုရှောင်ရမလဲ ကြည့်ရအောင်။

ဆောင်ရန် (၁) ကိုယ်ပိုင်ပုံစံရှိပါစေ
ဂျိမ်းစ်ဘွန်းဇာတ်ကားတွေမှာ တစ်ခုသတိထားမိနိုင်တာက သူအမြဲသောက်လေ့ရှိတဲ့ ယမကာဖြစ်ပါလိမ့်မယ်။ ဗော့ကာ မာတီနီ အရော မမွှေပဲ ရှိတ်လုပ်တာပါ။ သင့်အနေနဲ့ အများနဲ့ကွဲထွက်ချင်တယ်ဆိုရင် သင့်ကိုယ်ပိုင်စတိုင်ကို ဖန်တီးတာ အကောင်းဆုံးပါပဲ။ အဝတ်အစား၊ သောက်စရာ၊ စာအုပ်၊ ရုပ်ရှင်နဲ့ အလေ့အကျင့်တွေမှာ အများနဲ့မတူတဲ့ သီးခြားပုံစံရှိဖို့ ကြိုးစားပါ။
ရှောင်ရန် (၁) အလွန်အကျွံမသောက်ပါနဲ့
ယောင်္ကျားတစ်ယောက်က ဘယ်လောက်ထိ အများဆုံးသောက်နိုင်မှာလဲ။ သင်အကြိုက်ဆုံး သောက်စရာကို သောက်ပါ။ ဒါပေမယ့် သရုပ်ပျက်လောက်တဲ့အထိ မူးအောင် မသောက်ပါနဲ့။

ဆောင်ရန် (၂) အရည်အချင်းတွေရှိပါစေ
ဂျိမ်းစ်ဘွန်းက ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ရှင်သန်နိုင်စွမ်းရှိပါတယ်။ ကာစီနိုမှာ ထိုင်ပြီး ကမ္ဘာ့အဆင့် ပိုကာကစားနိုင်သလို၊ ရေငုပ်လည်း ကျွမ်းကျင်ပါတယ်။ အပစ်အခတ်လည်း တော်သလို ဘာသာစကားလည်း ကျွမ်းကျင်ပါတယ်။ ဒါ့ကြောင့် သင့်မှာ အရည်အချင်းတွေ များများရှိလေလေ၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အလိုက်သင့် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
ရှောင်ရန် (၂) မိန်းမမရှုပ်ပါနဲ့
အရည်အချင်းတွေကို အသုံးချပြီး မိန်းကလေးတွေကို ဆွဲဆောင်နိုင်တာ သေချာပါတယ်။ ဒါပေမယ့် အပျော်ကနေ အပျက်ဖြစ်တတ်ပါတယ်။ ဂျိမ်းစ်ဘွန်း မျက်နှာပွင့်သလို လိုက်လုပ်နေမယ်ဆိုရင် အပြင်လောကမှာက ကူးစက်ရောဂါပေါင်းစုံ ရရှိလာနိုင်ပါတယ်။

ဆောင်ရန်(၃) စကားပြောတတ်ပါစေ
ဂျိမ်းစ်ဘွန်းဟာ ရန်သူတွေနဲ့ စကားပြောတဲ့အခါ ဝေခွဲရခက်စေတဲ့ စကားတွေပြောလေ့ရှိပါတယ်။ ဒီလိုလုပ်တာဟာ ရန်သူရဲ့ စိတ်အာရုံကို လှည့်စားနည်းတစ်မျိုးပဲဖြစ်ပါတယ်။ သင့်အနေနဲ့လည်း အသိဉာဏ်နဲ့ ယှဉ်တဲ့ စကားတွေပြောတတ်ခဲ့မယ်ဆိုရင် အခြေအနေတစ်ခုကို ထိန်းထားနိုင်ပြီး အားလုံးရဲ့အာရုံစိုက်မှုကို ရရှိမှာ ဖြစ်ပါတယ်။
ရှောင်ရန်(၄) အရမ်းမပြောပါနဲ့
ဘာအကြောင်းကိစ္စပဲဖြစ်ဖြစ် သိသင့်သိထိုက်တဲ့လူကိုပဲ ပြောပြတာအကောင်းဆုံးဖြစ်ပါတယ်။ ကျန်တဲ့အချိန်မှာ သူငယ်ချင်းပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ပါးစပ်ပိတ်ထားတာ အကောင်းဆုံးပါပဲ။ စကားကို ထိန်းသိမ်းနိုင်ပြီး အတင်းမပြောတတ်သူဖြစ်မယ်ဆိုရင် လေးစားမှုခံရမှာ သေချာပါတယ်။

ဆောင်ရန်(၄) ဖိအားအောက်မှာ တည်ငြိမ်မှုရှိပါစေ
တစ်ခါတစ်လေမှာ ပရမ်းပတာအခြေအနေတွေ၊ ငြင်းခုံမှုတွေနဲ့ ကြုံရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ စိတ်မလှုပ်ရှားပဲ တည်တည်ငြိမ်ငြိမ်နေနိုင်တာက အခြေအနေကို ထိန်းချုပ်နိုင်စွမ်းရှိလာစေပါတယ်။
ရှောင်ရန်(၄) အားနည်းချက်ကို မသိချင်ယောင်မဆောင်ပါနဲ့
မာနကြီးတာ၊ မိန်းမ စတာတွေက ဂျိမ်းစ်ဘွန်းရဲ့ အားနည်းချက်တွေဖြစ်ပါတယ်။ သင့်အနေနဲ့လည်း ကိုယ့်ရဲ့အားနည်းချက်ကို သိထားပြီး ကျော်လွှားနိုင်အောင် ကြိုးစားပါ။

ဆောင်ရန်(၅) အသုံးအဆောင်ပစ္စည်းတွေကို လေးစားပါ
ဂျိမ်းစ်ဘွန်းနေရာမှာ မင်းသားကြီးရှောင်ကွန်နရီသရုပ်ဆောင်တဲ့ခေတ်တုန်းက ကားဒက်ဘုတ်ပေါ်က ခေတ်လွန်ပစ္စည်းတွေက အခုတကယ်အသုံးပြုနေကြရပါပြီ။ ဂျိမ်းစ်ဘွန်းဟာ လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့ ပစ္စည်းကိရိယာတစ်ခုခု အမြဲရှိနေတတ်ပါတယ်။ ဒါ့ကြောင့် အခြေအနေတစ်ခု၊ အလုပ်တစ်ခုကို လုပ်ဆောင်တော့မယ်ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေ၊ ကိရိယာတွေ၊ App တွေ ရှိနေဖို့ ပြင်ဆင်ထားပါ။ ဒါမှသာ တွေ့ကြံုလာရမယ့် အခက်အခဲတွေကို အလွယ်တကူဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
ရှောင်ရန်(၅) ဖန်တီးပေးသူကို မလေးမစားမလုပ်ပါနဲ့
ဂျိမ်းစ်ဘွန်းဟာ သူ့အတွက် လက်နက်ပစ္စည်းအဆန်းအပြားတွေ တီထွင်ပေးနေတဲ့ Q နဲ့ဓာတ်ခွဲခန်းထဲက လူတွေကို သိပ်လေးစားသမှုမရှိပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ကတော့ အကျိုးရှိစေတဲ့အရာတစ်ခုခု ဖန်တီးလုပ်ဆောင်ပေးသူကို လေးစားမှုရှိသင့်ပါတယ်။ ဒါဆိုရင် နောက်တစ်ခါမှာ ပိုကောင်းတာတွေ ဖန်တီးပေးလာနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*