မြန်မာနိုင်ငံမှာ မာစီဒီးကားကို ပထမဆုံး စစီးတဲ့ လေးထပ်ကွမ်း အကယ်ဒမီပိုင်ရှင် ဝဏ္ဏကျော်ထင်ဘွဲ့ရ ကြည်ကြည်ဋ္ဌေး

” နာ မည် ကျော် မင်း သ မီး ယော င်္ကျား ”
“””””””””””””””””””””””‘””””””””””””””””'””‘
# သာ ဂ ဒို း
တစ်နေ့က ဂီတလုလင်မောင်ကိုကိုသည်သတင်းစာအတွက် ဆောင်းပါးလာပေးရာ ဟိုပြောသည်ပြောနှင့် ကြည်ကြည်ဌေးတိုက်ကြီးဟည်းနေတာလည်းရောက် ဦးအောင်သိန်းအကြောင်းလည်းပါ စကားပြောကြရင်း ကွယ်လွန်သူဦးအောင်သိန်းမျက်နှာကို တဝဲလယ်လယ်သတိရမိသည်။သာဂဒိုး၏ မုန်းတီးမြင်ပြင်းကတ်သူများစာရင်းတွင် ဟိုစဉ်က ထိုဦးအောင်သိန်းသည် ထိပ်ဆုံးကပါ၏။သူနှင့်ပက်သက်သမျှ ဟိုကဒီကပြောကြသမျှ ကလည်းမကောင်း
သတင်းချည်းပင်။ ထိတွေ့ရာစာနယ်ဇင်းနယ် ရုပ်ရှင်ပြဇာတ်နယ်ဝန်းကျင်ကလည်း အဆိုးသတင်းသာပြောကြ ကြားရလေသည်။ထိုဦးအောင်သိန်းနှင့် တစ်နေ့လုပ်ဖော်ကိုင်ဖက်ဖြစ်လာရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိချေ။


ရန်ကုန်မြို့ပန်းဆိုးတန်းဝင်းဝင်းပြဇာတ်ရုံဘက်၌ ပြဇာတ်များခေတ်စားနေချိန်က ယင်းနှင့်မနီးမဝေး လွစ္စလမ်း၌ အိုးဝေသတင်းစာတွင် သတင်းထောက်
အယ်ဒီတာလုပ်နေစဉ်က အချိန်အားလျှင် ဝင်းဝင်းရုံ၌ ပြဇာတ်ဆက်တင်တွေကြား မင်းသားမင်းသမီးတွေကြား သတင်းထောက်တာဝန်တစ်ဖက်ဖြင့်
ရောက်တတ်သည်။အဲဒီမှာ နာမည်ကျော်အကယ်ဒမီ မင်းသမီးကြည်ကြည်ဌေးယောင်္ကျား ဦးအောင်သိန်းကိုစတွေ့ဖူးခဲ့သည်။လူက ဗလကောင်းကောင်းအသားညိုညို မေးရိုးကားကား ဗိုက်တွဲတွဲ။သူလာလျှင်ရှောင်ကြရှားကြ လက်တတကားကားနဲ့လျှောက်တတ်သည်။လုံချည်ကို ချက်ပြုတ်ဝတ်လျှက် ခြောက်လုံးပြူ း အတွဲလိုက်ခါးကြားမှာထိုးထားသေး၏။သုန်သုန်မှုန်မှုန်ဖြင့် အလကားနေရင်း ဒေါသပြင်းကာစိတ်ဆိုးနေသလိုမျိုးမျက်နှာက တင်းမာခက်ထန်လွန်းလှသည်။

ကြားရသမျှ ဝင်းဝင်းပြဇာတ်ခုံပေါ်၌ပင် မင်းသားလုပ်ပုံကိုမကျေနပ်သဖြင့် သူ့မယားကြည်ကြည်ဌေးကိုပါးပိတ်ရိုက်လိုက်တာ ချာကနဲပစ်လဲ၍ သတိပင်လစ်
သွားကြောင်း။ မင်းသမီးခမျာ လူလည်ခေါင်တွင်မျက်ရည်ဖြာအောင် ငိုရရှာကြောင်း စတဲ့ခပ်ပူပူခပ်ဆူဆူသတင်းမျိုးတွေချည်းသာ ကြားရသည်။ရုပ်ရှင်နယ်တွင်ထိုကြည်ကြည်ဌေး လင် ဦးအောင်သိန်းကတစ်ခုထွင်တာရှိသေးသည်။ရုပ်ရှင်ကုမ္ပဏီတွေက သူ့ကို မင်းသမီးလင်ဖြစ်လို့ လင်ကြေးပေးရသည်။သူ့စနစ်က မင်းသမီးရှုတင်ရောက်သည်နှင့် သူ့ကိုငွေ၂၀ကျပ်ပေးရန်အလုပ်မပြီး၍ ညနေ၆နာရီကျော်လျှင် အချိန်ပိုလင်ကြေးသူ့ကို၂၀ကျပ် ထပ်မံပေးရန် ထိုမှ မပြီးသေး ည၁၂နာရီကျော်ဦးမည် ဆိုလျှင် နောက်ထပ်၂၀ကျပ်ပေးရန်ဖြစ်သည်။ဒါကိုလည်း ကုမ္ပဏီတွေက ကြည်ကြည်ဖြူဖြူပေးကြရပါသည်။


ထိုစဉ်ကာလ ပြဇာတ်ရုပ်ရှင်လောက၌ ကြည်ကြည်ဌေးမပါလျှင် အစိုးရ ပွဲပင်မပြီးချေ။နိုင်ငံရေးပါတီပွဲလမ်းများကလည်း အလုအယက် ဖဆပလအဖွဲ့ကြီး
ကွဲကာပထစ ဖြစ် ပထစ ကွဲကာ ဦး ဗိုလ် သခင်အဖွဲ့တွေ အသီးသီးကွဲကြပေမယ့် ကြည်ကြည်ဌေးကြိုက်တာ တန်းတန်းစွဲတာတော့ အားလုံးအတူတူပင်။
ကြည်ကြည်ဌေးပါလျှင် နိုင်ငံရေးမှာတောင် ဂုဏ်ရှိသလိုလိုဒီပြည်မှာ ဖြစ်ခဲ့ဘူး၏။ ဒီတော့ ဦးအောင်သိန်းကြီးကလည်း လက်မတစ်ထောင်ထောင် ခြောက်လုံးပြူ း တစ်ထောင်ထောင်လုပ်တာ ဘာဆန်းအံ့နည်း။၁၉၅၈ခုနစ်က ကျွန်တော်သည် ရုပ်ရှင်ဒါရိုက်တာအဖြစ်ရိုက်ကူးဖြစ်ခဲ့ရာတစ်နေ့တွင် ကုမ္ပဏီပိုင်ရှင်
က ကြည်ကြည်ဌေးနှင့်ရိုက်ချင်တယ်ဟု ဆိုလာသည်။ကျွန်တော့်မှာ ကြည်ကြည်ဌေးနှင့် ဟုဆိုကတည်းကသူ့လင်ကြီးကို မျက်စေ့ထဲတန်းကနဲမြင်မိသည်။မကြာမီကပင် သတင်းစာထဲတွင် ထိုဦးအောင်သိန်းကိုအမြင်ကတ်သဖြင့် ဆောင်းပါးတစ်ပုဒ် ကျွန်တော်ကိုယ်တိုင်ရေးသားဖော်ပြခဲ့သေးသည်မှာ ပူပူနွေးနွေးရှိသေး၏ ထိုဆောင်းပါးတွင် “ဗမာပြည်မှာရုပ်ရှင်ဖြင့်အသက်မွေးကြသော သရုပ်ဆောင်တွေ ဒါရိုက်တာတွေကုမ္ပဏီ ပိုင်ရှင်တွေကအစ မင်းသမီးလည်းကြောက်ရမင်းသမီးယောင်္ကျားလည်းကြောက်ရ သဘောထားအမျိုးမျိုးဖြင့် အဆိုးတွေမကုန်နိုင်သည့်အပြင် တောင်းဆိုချက်အမျိုးမျိုးကိုပါ အလျော့ပေးလိုက်လျောနေရသဖြင့် ရုပ်ရှင်လုပ်ငန်းမှာအခက်ကြီးခက်နေရကြောင်း”ရေးသားခဲ့သေးသည်။


ဒီလိုတွေရေးပြီးကာမှ မျက်နှာပူစရာကြည်ကြည်ဌေးနှင့်အလုပ်လုပ်ဖို့ ဖြစ်လာရတော့၏။ထိုအချိန်ကကြည်ကြည်ဌေးရိုက်ကွင်းလာပြီဆိုလျှင် ဦးအောင်သိန်း
ကိုယ်တိုင် မာစီဒီးကားကြီးဖြင့်လိုက်ပို့ပေးလေ့ရှိသည်။ကျွန်တော်ကတော့သူနှင့်မျက်နှာဆုံလိုက်သည်နှင့်ခပ်တည်တည်နေမိသည်။ကြည်ကြည်ဌေးကတော့
အဆင့်ရထိပ်တန်းမင်းသမီးဖြစ်သော်လည်း ကျွန်တော့်လိုဒါရိုက်တာပေါက်စအပေါ် မလေးမစားမလုပ်။” လိုတာရှိရင် အားမနာတမ်းခိုင်းပါဆရာ”ဟုကားရိုက်တိုင်းပြောတတ်သည်။သူ့ယောင်္ကျားကလည်း အမြဲအချိန်ကိုအတိအကျလိုက်ပို့လေ့ရှိ၏ ချိန်းလိုက်တိုင်းစောင့်ရသည်ဟူ၍ ဘယ်တော့မှမရှိ။အမြဲတမ်းစောလာလေ့ရှိပြီး မင်းသမီးကိုပို့ပေးပြီးပြန်သွားသည်။သို့သော်သူ့အတွက်အပိုကြေး ၂၀ကျပ်ကိုလည်း အမြဲပေးရလေ့
ရှိ၏။

တစ်နေ့တော့ ရုပ်ရှင်ရိုက်ချိန်စောပြီးပါသည်။သို့သော် လက်ကျန်ကိစ္စလေးများဆက်လုပ်ရင်းညနေ၆နာရီကို မိနစ်ပိုင်းမျှ စွန်းသွား၏။ရုပ်ရှင်သမားတို့ထုံးစံ
မိနစ်ိအနည်းငယ်စွန်းရုံမျှဖြင့် တစ်ဂျုတီဟုမသတ်မှတ်ပါ။နာရီပိုင်းချီကြာမှသာနောက်ထပ်တစ်ဂျုတီသတ်မှတ်သည်။ယင်းကို မင်းသမီးယောင်္ကျားကတော့သူ့ကိုယ်ပိုင်စည်းကမ်းအတိုင်း ၆နာရီကိုမိနစ်စွန်းရုံဖြင့် သူ့အတွက် တစ်ဂျုတီခ နောက်ထပ်၂၀ကျပ်တောင်းလာ၏။ထိုကိစ္စ ကျွန်တော်ကြားရသောအခါ ရင်ခေါင်းထဲပွလာပြီး “ဟာ ဒီငနဲကြီး လူပါးဝလှချည်လား တခြားအလုပ်သမားတွေတောင် ဂျုတီမရှိပဲ လင်ဂျုတီရှိရသလားကွ။ဒါသက်သက်ဗိုလ်ကျတာ မိန်းမထဘီမှီပြီးစားနေတဲ့ထဘီဗိုလ်ကြီး”ဟုစိတ်ပေါက်ပေါက်နှင့်တဖြစ်တောက်တောက်ပြောနေမိသည်။ ထိုစဉ်ကျောဘက်မှ ကားမောင်းသွားသံကြား၍ ကြည့်လိုက်တော့ ကျွန်တော်ထဘီဗိုလ် ခေါ်နေသည့်ကိုအောင်သိန်းကြီးဖြစ်၏။

ဘယ်အချိန်က ကျွန်တော့်နောက်ရောက်နေသည်မသိ ကျွန်တော်ဆဲဆိုနေသမျှသူအကုန်ကြားသည်။ဘေးလူတွေကလည်းလက်မတို့သာ ကြည့်လျှက်
အသာ ကားပေါ်တက်ကာမောင်းထွက်သွားပါမှကျွန်တော်သတိထားမိလေသည်။သို့ဖြင့် နောက်တစ်နေ့တွင် ရိုက်ကွင်းမှာ မိုးတွေရွာနေသဖြင့် ခြံအနောက်
ဘက်ထောင့်ရှိနားနေဆောင်ထဲတွင် မိုးတိတ်နိုးန်ိုးစောင့်ရင်း တန်းလျားတစ်ခုပေါ်တွင်ဇာတ်ညွှန်းများပြန်ဖတ်နေသည်။ ထိုစဉ် “ဆရာ့ကိုရှင်းပြချင်လို့
လိုက်ရှာနေတာပါ”ဟူသော ဦးအောင်သိန်းအသံကြီးကို ကြားလိုက်ရ၏။ကျွန်တော် ရုတ်တရက်စိတ်လှုပ်ရှားကာတွေနေမိကာ သူ့ဘက်ဣနြေ္ဒဆည်ကာ
လှည့်ကြည့်လိုက်တော့ ပြုံးစစမျက်နှာထားဖြင့် ဝင်ရောက်လာသည်။ကျွန်တော်ကိုယ်နေဟန်ကို အသင့်အနေအထားပြင်လိုက်သည်။အခန့်မသင့်လျှင်လည်းဇာတ်ညွှန်းအိတ်ထဲ၌ ဓားရှိသည်။ မိုက်တော့သူကပိုမိုက်သည်။ရဲသည်။ကျွန်တော်ကတော့ ကြောက်ရမ်းရမ်းရမည့်အခြေအနေသူလည်း သတိထားကာရှေ့တိုးလာပြီး” ဒီလိုပါဗျာကျွန်တော့်အတွက် အချိန်နဲ့နေ့တွက်ကိစ္စပါ။ကုမ္ပဏီနဲ့ကျွန်တော်အစောကြီးကတိုင် ကြိုတင်ညှိနှိုင်းပြီးအသေအချာပြောထားပြီးသားပါ တစ်ဂျုတီကိုနှစ်ဆယ် ခြောက်နာရီကိုမိနစ်ပိုင်းစွန်းတာနဲ့နောက်ထပ်တစ်ဂျုတီခပေးရမယ်လို့ သဘောတူထားပြီးသားပါ။ကျွန်တော့်ဘက်ကလည်းရက်ချိန်းပိုပေးပြီး ချိန်းတဲ့အချိန်ကိုအတိအကျပို့ပေးဖို့ကတိပေးထားရပါတယ်။ကျွန်တော်တစ်ခါမှမချွတ်ယွင်းခဲ့ပါဘူး ကျွန်တော်တို့သဘောတူညှိနှိုင်းထားချက်ကိုဆရာမသိတန်သေးဘူးထင်လို့အခုလာရှင်းပြတာပါ”ကျွန်တော်လည်း ဣနြေ္ဒဆည်လျှက်”ကောင်းပါပြီ ခင်ဗျားတို့ချင်းသဘောတူရင်လည်း ပြီးရောပေါ့
ဗျာ ချိန်းတဲ့အချိန်ကိုအတိအကျလာတာလည်းကျေးဇူးတင်ပါတယ်။

” ထိုစဉ် စတူဒီယိုထဲမှရုပ်ရှင်အဖွဲ့သားအားလုံး အသံတိတ်ကာ နားနေဆောင်ဘက်သို့ခေါင်းကလေးတွေစောင်းကာ ကျွန်တော်တို့နှစ်ယောက်အားစိုးရိမ်ထိတ်လန့်စွာစောင့်ကြည့်နေကြလေသည်။ကြည်ကြည်ဌေးလည်း တုန်လှုပ်စွာစိုးရိမ်မကင်းဟန်ဖြင့် သူ့နောက်နားမလှမ်းမကမ်းမှ ဝင်ရောက်လာသည်။ဦးအောင်သိန်းက ဆက်ပြီး”ဒီလိုပါဆရာ ကျွန်တော် အမှတ်မဲ့နေတတ်သူမဟုတ်ပါဘူးငယ်ငယ်ကထဲက လူကိုအကဲခတ်တတ်ပါတယ်။”ဟုပြောရင်း
ကျွန်တော့်ထိုင်နေသည့်တန်းလျားဘေးသို့ ရင်းနှီးစွာပြုံးလျှက်ဝင်ထိုင်သည်။သူ့ဘေးတွင်ကြည်ကြည်ဌေးလည်းဝင်ထိုင်၏။

“ကျွန်တော့်ဇနီးရွှေကြည်ဟာ ကျွန်တော်မပါပဲဘယ်တော့မှ သွားလေ့မရှိပါဘူး။သူကလည်းကြောက်တတ်သလိုကျွန်တော်ကလည်းကြောက်တာပါပဲဆရာ
ဒီရုပ်ရှင်ပြဇာတ်နယ်ဆိုတာ လက်ရှုပ်ခြေရှုပ်လူရှုပ်ပါးစပ်ရှုပ်တွေ အင်မတန်များပါတယ်။ကျွန်တော်တို့လင်မယားနှစ်ယောက်လုံးဒါကိုကြောက်ပါတယ်။
ဆရာ့ကိုတော့ တွေ့စကထဲကယုံကြည်လေးစားခဲ့လို့သာတစ်ခါတစ်လေ ကျွန်တော်ကိုဟ်တိုင်လိုက်မပို့ပဲ ဆရာတို့ရုပ်ရှင်အဖွဲ့သားတွေနဲ့အတူလိုက်သွား
ဖို့ခွင့်ပြုခဲ့တာပါ။ထို့နောက် ကြည်ကြည်ဌေးဘက်သို့လှည့်ကာ “ရွှေကြည်ရေ တို့ဘဝဘယ်လိုလုပ်ခဲ့ရတယ်ဆိုတာ ဆရာ့ကိုတော့ပြောပြရတော့မှာပဲ”ဟု
ပြောရာ ကြည်ကြည်ဌေးကလည်း ပြုံးလျှက်ခေါင်းညိတ်ပြလေသည်။

“ကျွန်တော်တို့လင်မယားလျို့ဝှက်ချက်ပဲပြောချင်ပြောတော့ဆရာ့ကိုတော့လေးစားလို့ပြောပြရတာပါ။ပြဇာတ်နယ်ရောရုပ်ရှင်လောကပါ ခက်တယ်ဆရာ
အမြီးကျတ်အမြီးစားခေါင်းကျတ်ခေါင်းစားတွေအများကြီး ပြီးတော့ ပညာနဲ့လုပ်စားသူချင်းခေါင်းပုံဖြတ်တာတွေကလည်းအများသား ဒါတွေကိုကာကွယ်နိုင်ဖို့
လင်မယားရန်ဖြစ်ပြရ ပါးရိုက်ပြရတာပါ ကျွန်တော်တို့အပေါ်ရိုသေအောင် ပညာရှိနှိပ်စက်တာမျိုးတွေမခံရအောင် ကျွန်တော်က လူမိုက်လုပ်ပြရတယ်။
လူမိုက်ရုပ်အခံကလည်း ရှိ ပညာရှိပုံကလည်း မပေါက်တော့ လူမိုက်လုပ်ပြရတာပေါ့ သူများသွားလုပ်ရင်ဘယ်ခံပါ့မလဲနော် ပြန်လည်းအလုပ်ခံရမယ် အမှု့
လည်းဖြစ်ဦးမယ် ဒီတော့ ကိုယ့်မယားကိုယ်ပဲ လူထူထူရှေ့မှာ ဆဲဆိုပြီးပါးရိုက်ပြရတယ် ဒါမှသတင်းများများပျံ့ပြီးအကျိုးရှိမှာမဟုတ်လား လင်မယားကြိုတင်
ဇာတ်တိုက်ထားတဲ့အတိုင်း ပါးကိုမနာ့တနာရိုက်ပြသူကလည်း တအားအော်ငိုပြီးးပက်လက်လန် သူ့သာမေးကြည့်ပါ ရုပ်ရှင်ပြဇာတ်ထဲမပါတဲ့ဇာတ်ဝင်
ခန်းတွေမှာ ကျွန်တော်လည်းအိုက်တင်မညံ့ပါဘူး။””ဒါတွေဟာ တကယ်တော့ကျွန်တော်တို့လင်မယားရဲ့ စီးပွားရေးငါးနှစ်စီမံကိန်းအတွက်ဆိုလည်း
မမှားပါဘူး”

“ဗျ ာ စီးပွားရေး ငါးနှစ်စီမံကိန်း ဟုတ်လား”ကျွန်တော်အလွန်အံ့အားသင့်စွာ မေးမိသည်။”ဟုတ်တယ်ဆရာရဲ့ သူ့ငါးနှစ်စီမံကိန်းကြောင့်ကျွန်မဖြင့် ငါးနှစ်လုံးလုံး ဘဝင်မကျခဲ့ဘူး။လူဖြင့်ခြိုးခြံရလွန်းတော့ ဒေါသဖြစ်လိုက်တာ သူ့ကိုဓါးနဲ့ခုတ်ချင်စိတ်တောင်ပေါက်တယ်”ဟုကြည်ကြည်ဌေးကပြောသည်။ဒီတော့ ဗိုလ်အောင်သိန်းကြီးက တဟဲဟဲဖြင့် ဘီလူးရယ်ရယ်ပြသည်။

“ဒီလိုပါဆရာ ကျွန်တော်ပြည်သူရဲဘော်လုပ်ခဲ့တုန်းကမစို့မပို့သင်တန်းတက်ခဲ့ရတာက ကြားဖူးနားဝနဲ့ ငါးနှစ်စီမံကိန်းဆိုတဲ့စကားလုံးကြီးသုံးပြီးလေထွား
သလိုဖြစ်မိတာသည်းခံပါ။တစ်နေ့ကျွန်တော် ရှေးခေတ်မင်းသမီးကြီးနဲ့သူ့သမီးလေးကို အမှတ်မထင်တစ်နေရာမှာတွေ့မိပြီး စိတ်တုန်လှုပ်သွားတယ်။ဆင်းရဲလိုက်တာနေ့နေ့ညည မနည်းရှာဖွေရုန်းကန်စားသောက်နေရတဲ့ဘဝပါ ။” ကျွန်တော်က “နာမည်ကြီးထဲကလား”ဟုဖြတ်မေးသည်။ ဦးအောင်သိန်းကဆက်၍
“သူဟာတစ်ချိန်က လျှမ်းလျှမ်းတောက်ပါဆရာသူတို့ခေတ်က ကားဝယ်စီးနိုင်သူပါ (ထိုအချိန်ကစစ်ကြိုခေတ်တွင် မြန်မာလူမျိုးထဲမှကားဝယ်စီးနိုင်သူ
ခပ်ရှားရှားဖြစ်၏) စစ်မဖြစ်ခင်ကပေါ့ မြန်မာဇာတ်လိုက်တွေဟာ အဲ့ဒီ့ခေတ်အန္ဒိယရုပ်ရှင်ဇာတ်လိုက်တွေထက်ကြေးပိုရပါတယ်။ဒါနဲ့ရှေးကရုပ်ရှင်ဇာတ်လိုက်တွေအဆက်အနွယ်တွေအကြောင်းလေ့လာမိတော့ကျွန်တော်အရမ်းတုန်လှုပ်မိတယ် အမွဲမွဲအတေတေနဲ့ဘယ်မှာထူထူထောင်ထောင်ရှိကြတော့လို့လဲ တစ်ချို့ဆိုဇာတ်သိမ်းမလှလိုက်ပုံများဆရာရယ်။ ဒါနဲ့ကျွန်တော်သံဝေဂရမိတယ် စီးပွားရေးအတွက်ပေါ့ ကျွန်တော့်မှာလည်း ပြည်သူ့ရဲဘော်အဖြစ်လုပ်ခဲ့တာဘာအခြေမှမရှိဘူး အရပ်လူမိုက်လိုလိုနဲ့ သူ့ကြည့်တော့လဲဇာတ်မင်းသမီးလူထွက် ဘယ်နေရာမှအံမဝင်ချင်ဘူး။ရွှေကြည်ဘယ်လေါက်တာရှည် မင်းသမီးလုပ်နိုင်မှာလဲ။ သူ့ရုပ်ကလည်းယိုပြီ အသက်ကလည်းထောက်လာပြီ ဆရာ့နှမကိုသေချာကြည့်ပါဦး တကယ်တော့ရုပ်ရှင်မင်းသမီးတွေထဲမှာခပ်ချာချာပါ ရင်မရှိတင်မရှိနဲ့ကိုယ်လုံးအလှပြနိုင်တဲ့မင်းသမီးမျိုးမဟုတ်ပဲ ငိုကာရယ်ကာ ဒီမျက်နှာလေးတစ်ထွာနဲ့လုပ်စားနေရတာပါ”

” ဟောတော့ ကာလနာအကြီးစားကြီး အတွင်းရေးတွေပေါ်ကုန်ပါပြီ ကျုပ်မရှိတာတွေလျှောက်ပြောနေရသလား”ကျွန်တော့်မှာသူတို့လင်မယားကြားရယ်မောနေမိလေသည်။
“ရွှေကြည်ရယ် ငါကဆရာနားရှင်းအောင်ပြောချင်လို့ပါဟ။ ဒါနဲ့ငါးနှစ်စီမံကိန်းကိုသူနဲ့တိုင်ပင်လုပ်ခဲ့ကြတာပါ ငါးနှစ်အတွင်းခြိုးခြံချွေတာပြီး အမာခံရ
အောင်စုဆောင်းပြီးတော့မှ အတိုးအညွန့်သုံးဒါပါပဲမစားရ မဝတ်ရ မဝယ်ရ မပေးရ သူရသမျှပိုက်ဆံလည်းကျွန်တော့်ကိုအကုန်အပ်စေတယ်။ ဒီကြားထဲမှာ ကျွန်တော်အတွေးတစ်ခုဝင်လာတယ်။ ရုပ်ရှင်ပညာသည်တွေဟာ တကယ်တန်ရာတန်ကြေးရရဲ့လားပေါ့။ကုမ္ပဏီပိုင်ရှင်သာ ဇာတ်ကားတစ်ကားနဲ့ကျိကျိတက်ချမ်းသာသွားတယ် ပညာသည်တွေကတော့ သူတို့ကိုအလုပ်အကျွေးပြုပြီး နာမည်လေးပဲအဖတ်တင်ခဲ့တာပါ အိုလာရင်မွဲကြသေကြဒီလိုပဲမြင်မိတယ်။ ဒီမှာကျွန်တော်ကြေးတိုးတောင်းလိုက်တယ် တစ်ကားကိုတစ်သောင်းခွဲရမှ ရိုက်မယ်။”ဒါကိုတော့ကျွန်တော်ကောင်းကောင်းမှတ်မိသည်။
ကြည်ကြည်ဌေး အေဝမ်းတွင်”ချစ်သက်ဝေ”နှင့်အကယ်ဒမီရပြီး “ရတနာပုံ” “အကျော်အမော်”ဇာတ်ကားများဖြင့်လျှမ်းလျှမ်းတောက်ကျော်ကြားသွားသည်။ဒီတော့ရုပ်ရှင်ဇာတ်ကားတစ်ကားကို တစ်သောင်းငါးထောင်နှုန်းဖြင့်ကြည်ကြည်ဌေးကကြော်ငြာသည်။ထိုစဉ်က ရုပ်ရှင်မင်းသား မင်းသမီး ဒါရိုက်တာနှင့်ဓါတ်ပုံဆရာ အားလုံးဈေးအတူ တစ်ကားလျှင် သုံးထောင်နှုန်းသာရရှိသည်။ကြည်ကြည်ဌေးက ဈေးငါးဆတင်လိုက်တော့အားလုံးအံ့အားသင့်ကြ၏။ထိုဈေးကိုပင်ပထမဆုံးပေးသူကကန်တော်မိတ်ရုပ်ရှင်ကုမ္ပဏီဖြစ်၏။ငွေလင်း၏ဝတ္ထု”ယမုန်နာ”ရိုက်ရာတွင်စပေးသည်။

“အခု ဆရာရော ဒီကားမှာဘယ်လောက်ရသလဲသောင်းငါးထောင်လား နှစ်သောင်းလား။အဲ့ဒါကျွန်တော်တို့လင်မယားကျေးဇူးမကင်းလှဘူးနော်”ဟုဗိုလ်အောင်သိန်းကပြောရာ ကျွန်တော်ဘာပြောရမှန်းမသိဖြစ်သွား၏နေရင်းထိုင်ရင်းသူကကျေးဇူးရှင်ထဖြစ်နေသေးသည်။ မှန်သင့်သလောက်လည်းမှန်ပါသည်ထိုသို့ကြည်ကြည်ဌေးသရုပ်ဆောင်ကြေးမှာ ရုပ်ရှင်နယ်ကုမ္ပဏီတွေကြားမှာ ဗုံးကွဲသလိုဖြစ်ရာ ကန်တော်မိတ်ရုပ်ရှင်ကုမ္ပဏီဒါရိုက်တအစည်းအဝေးထိုင်ကာဆုံးဖြတ်ခဲ့ရသော်လည်း မင်းသမီးနှင့်ကားကြော်ငြာလိုက်ရုံဖြင့် နယ်ရုံတွေကဝိုင်းလာကြသည်။အခြားကုမ္ပဏီများလည်း အလုအယက်ရိုက်ကူးကြရာ မင်းသမီးဈေးနှုန်းနှင့်လျော်ညီစွာ အခြားပညာရှင်များသရုပ်ဆောင်များကိုပါ ဈေးတက်၍ ပေးခဲ့ရလေသည်။

နောက်တစ်ခုသူတို့လင်မယားကျေးဇူးရှိသေးသည်မှာ ရုပ်ရှင်ရိုက်ကွင်းသို့လာလျှင် ဒါရိုက်တာမင်းသားမင်းသမီး စက်သမား မီးထိုးမှန်ထိုးပါမကျန်နေ့စားသမားအဆုံး ကုမ္ပဏီကတစ်ယောက်မကျန်ထမင်းကျွေးရန် ကြည်ကြည်ဌေးလင်မယားကစတင်လှုံ့ဆော်ဖန်တီးစည်းရုံးခဲ့ခြင်းဖြစ်ကြောင်းကို ဂီတ
လုလင်မောင်ကိုကိုက ပြောပြ၍သိခဲ့ရသည်။ဒီအချက်ကိုတော့ သူတို့မပြောပါ။အရင်က ရိုက်ကွင်းလာလျှင်သက်ဆိုင်သူအားလုံး ကိုယ့်ထမင်းချိုင့်ကိုယ်ဆွဲလာရလေ့ရှိ၏ ရုပ်ရှင်သမားတို့အတွက်ကျေးဇူးတင်ထိုက်သောကိစ္စ ဖြစ်ပေသည်။ ဦးအောင်သိန်းကြီးကဆက်၍”ဒီလိုနဲ့ဆရာရယ် ဈေးကလည်းရ ကုသိုလ်လေး
ကလည်းလိုက်တော့ ကားရိုက်တာလည်းလက်မလည်ရည်မှန်းထားတာထက်ပိုကိုက်ပါသေးတယ်။ ဒါနဲ့ငါးနှစ်တင်းတင်းပြည့်တဲ့နေ့မှာ သူ့ကိုခေါ်ပြီး လာဟေ့
ရွှေကြည် နင့်ကိုငါအပ်ပြီ ဆိုပြီး ရသမျှငွေစာရင်းနဲ့အတူ ပစ္စည်းပစ္စယစာရင်းတွေ အကုန်ထိုးအပ်လိုက်
တယ်။

ဆရာ့နှမကိုသာမေးကြည့်ပါ သူအင်မတန်တုန်လှုပ်သွားတယ်။ ငါးနှစ်အတွင်း ပင်ပန်းခံစုခဲ့သမျှပန်းပင်ကြီးလမ်းမှာ တိုက်အကြီးကြီးဆောက်ပြီးပြီ။မာစီဒီးကားဝယ်ထားပြီ။ တိုက်ရှေ့မှာသုံးဘီးကားတွေကို ဝယ်ပြီးသမျှ အငှားချထားဖို့ တန်းစီပြလိုက်တယ်။အဲဒါတို့ပိုင်တယ်။ပြီးတော့ စိန်ထည်လေးသောင်းဖိုးနဲ့တခြားရွှေငွေလက်ဝတ်လက်စားတွေသူ့လက်ထဲထည့်လိုက်တယ် ဒါတွေဟာနင်ရသမျှငွေကြေးကိုတစ်ပြားမှအပွန်းပဲ့မခံပဲစုထားခဲ့တာတွေပေါ့ စာရင်းနဲ့တန်ဖိုးပြန်တိုက်ကြည့် အဲ့ဒါငါတို့ငါးနှစ်စီမံကိန်းရဲ့အချုပ်ပေါ့ ဒါနင်ပိုင်တဲ့ပစ္စည်းတွေလာချည်းပဲ”ကျွန်တော်ကြည်ကြည်ဌေးကို လှမ်းကြည့်တော့မျက်လွှာလေးချထားရာမှ သူ့ယောင်္ကျားလက်ကိုလမ်းဆုပ်ကိုင်လိုက်ရင်း မျက်နှာလေးမော့လာသောအခါ မျက်ရည်တွေလည်နေတာတွေ့ရသည်။”ဟုတ်ပါတယ်ဆရာ ကျွန်မဖြင့်အံ့သြလွန်းလို့စားမရအိပ်မရတောင်ဖြစ်မိပါသေးတယ်။စိတ်လှုပ်ရှားရလွန်းလို့အရူးထောင်ပို့ရမလိုပဲ ဆေးထိုးယူရပါတယ်”ဟုဝန်ခံလေသည်။ ဦးအောင်သိန်းက “ဒီတော့မှဆရာ့နှမကလည်းကျွန်တော့်ကိုယုံကြည်သွားပြီးပြောစကားကို လိုလိုချင်ချင်နားထောင်တော့တာလင်မယားနှစ်ယောက်ထပ်တိုင်ပင်ပြီး နောက်ငါးနှစ်စီမံကိန်းကို ပျော်ပျော်ရွှင်ရွှင်ချခဲ့တာခုဆို နှစ်နှစ်ထဲရောက်နေပါပြီ “။ သည်တော့မှ ကျွန်တော်သူ့ကိုသေချာတဲ့တိုးကြီးကြည့်မိသည်။ဒီလိုဗိုက်ရွှဲကုပ်တို
လူမိုက်လို လူက ဒီလိုအကြံအတွေးနဲ့ဒီလိုလုပ်ခဲ့ခြင်းအပေါ်အံ့သြမိလေသည်။”နောက် ကျွန်တော့်နေ့တွက်ကိစ္စကလည်း ကျွန်တော်ထွင်တာမဟုတ်ဘူးသူတို့ကိုယ်တိုင်က ထွင်ခဲ့တာပါဆရာ မင်းသမီးကိုကားလွှတ်ကြိုရမယ့်အစားခင်ဗျားပဲရိုက်ကွင်းအရောက်ပို့ပေးပါ အင်ဒိုးအောက်ဒိုးဘယ်နေရာပဲဖြစ်ဖြစ် အချိန်မီသာပို့ပေးတစ်ဂျုတီငွေနှစ်ဆယ်ပေးပါ့မယ်လို့ သတ်မှတ်ခဲ့ကြတာပါ။ပြီးတော့ မျက်နှာထားဆိုးဆိုနဲ့ဘယ်သူ့မှမယုံသလိုခပ်တင်းတင်းအမြဲနေပြပြီး ကျွန်တော်ဆိုးပုံမိုက်ပုံကိုပေါ်လွင်အောင် ခြောက်လုံးပြူ းခါးချိတ်ထားရသေး။ကျွန်တော့်အပေါ်မုန်းသမျှ ကြည်ကြည်ဌေးကို ပုံသနားပေးကြကျွေးကြ ချစ်ခင်ကြင်နာကြတော့တာပါပဲ။”

“ကျွန်တော်လူမိုက်လုပ် မိန်းမညှင်းဆဲပြတော့လျှို့ဝှက်သမား ကြာသမားတွေလည်းဇာတိမြန်မြန်ပေါ်တော့တာပဲ” ကြားဖြတ်၍ ကျွန်တော်က “ဟုတ်
ရဲ့လားဗျာ”ဟုမေးသောအခါ သူကဆက်၍ပြောလေသည်။”ဆရာရယ် ဒီလောက က အင်မတန်ရှုတ်သလို အမြီးကျတ်အမြီးစားခေါင်းကျတ်ခေါင်းစားလူမျိုး
တွေ လင်ရှိမယားမရှောင် အချောင်ခိုချင်သူတွေအလွန်များကြောင်းပြောပြီးပါပကော။လောကသတ္တဝါတွေထဲမှာ လူဟာ လူပါးဝနိုင်တာဟန်ဆောင်ကောင်း
တဲ့အချက်ကြောင့်ပေါ့။ဟုတ်ဘူးလားသိပ်ဟန်ဆောင်ကောင်းတာနော်။တော်ရုံနဲ့သူ့ဇာတိမပေါ်ဘူး။သိပ်အဖုံးအဖိကောင်း ဟန်ဆောင်ကောင်းတာကိုး။ဒါပေ
မယ့် တစ်ခုခု အခွင့်အရေးယူမယ် ရမယ်ထင်တဲ့အခါမှာ သူ့ဇာတိက ဘွင်းဘွင်းကြီးပေါ်လာတော့တာပဲ။” သူဘာဆိုလိုသည်ကို ကျွန်တော်တွေးနေ
မိသည်။

“ဒီလိုဆရာ ကျွန်တော်နာမည်ကျော်လူမိုက်အဖြစ် မယားကိုနှိပ်စက် နှိပ်စက်ပြတော့ သနားလိုက်ကြတာ လူမိုက်မယားရယ်လို့ သဒ္ဓါပို အချောင်နှိုက်ကြာကူလီရိုက်မယ့်ငနဲတွေလေ ပွပေါက်ပဲဆိုပြီးအခွင့်အရေးအတွက် ဟန်ဆောင်ဖုံးကွယ်ထားသမျှ ဇာတိကမြန်မြန်ပေါ်တော့တာပဲ ဆရာရဲ့အင်းဒါလည်း အောင်သိန်းကြီးမိုက်ပြနေရတဲ့အချက်တစ်ချက်ပေါ့”ဟုဆိုကာ သူ့ဗိုက်ကြီးကိုပွတ်ရိုက်ရိုက်ပြီး”ဟာဗျာ တော်ပါပြီ ဆရာနဲ့စကားပြောရတာကိုယ့်လျှို့ဝှက်ချက်မှန်သမျှ အားလုံးပေါ်ကုန်တော့မှာပဲ”ဟူ၍ လှည့်ထွက်သွားရာသို့ ကြည်ကြည်ဌေးလည်း
လိုက်ပါသွားလေသည်။

သာ ဂ ဒိုး
ပေဖူးလွှာမဂ္ဂဇင်း။ အမှတ် ၆၅

အောက်တိုဘာလ ၊ ၁၉၈၆ ခုနှစ်

မှတ်ချက်။ ဒေါ်ကြည်ကြည်ဌေး၏ အကယ်ဒမီ၄ဆု၁၉၅၂-ချစ်သက်ဝေ ၁၉၅၆-ချစ်ခွင့်မပိုင်၁၉၇၀-နုနုငယ်ငယ် ၁၉၇၈-လူဇော်
စာကိုး ။ ရွှေအမြုတေ မဂ္ဂဇင်း ရွှေဝတ္ထုများပြန်လည်တူးဖော်ခြင်း အနှစ်၁၀၀ ဒုတိယတွဲမှကောက်နှုတ်ဖော်ပြပါသည်။

Khant Nyar Thu

Be the first to comment

Leave a Reply

Your email address will not be published.


*