ကိုဗစ်ရောဂါ ကူးစက်ခံရရင် အသက်အန္တရာယ်အရှိဆုံးအုပ်စုကို ခွဲခြမ်းစိတ်ဖြာခြင်း (ဘယ်သူတွေ ပိုပြီးဂရုစိုက်သင့်သလဲ)

တစ်ကမ္ဘာလုံး ကိုဗစ်ပိုး ကူးစက်မှုဟာ သန်း ( ၃၀ ) ခန့် ရှိနေပြီး ( ၉ ) သိန်း ကျော်လောက် သေဆုံးပြီး ဖြစ်ပါတယ်။ ယခုဆိုလျှင် သေဆုံးမှုနူန်းတွေဟာလည်း များလာ တဲ့အတွက် High Risk group လို့ခေါ်တဲ့ ကူးစက်ခံရလျှင် အသက်အန္တရာယ် ရှိနိုင်သည့် အုပ်စု/ သူများကို တင်ပြချင် ပါတယ်။

၁။ အသက်ကြီး ပုဂ္ဂိုလ်များ

covid-19 ဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် သက်လတ်ပိုင်းနှင့် အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်များကတော့ အသက်အန္တရာယ် ပိုရှိနိုင်ပါတယ်။အသက်( ၆၅ ) နှင့် အထက်ပုဂ္ဂိုလ်များကတော့ ပိုစိုးရိမ်ရပြီး၊ သူတို့မှာ ရောဂါအခံတွေရှိပါက ပိုဆိုးစေပါသည်။ ဒါကြောင့် ဘိုးဘွားရိပ်များ၊ ဂေဟာများအနေနှင့် အထူးဂရုစိုက်ဖို့ လိုပါတယ်။ အဘိုးတွေ အဘွားတွေကို မိမိမှ တဆင့် ရောဂါ မဖြန့်မိစေဖို့ အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ မိမိဖျားနေ၊ နေထိုင်မကောင်းဖြစ်နေရင်၊ ကိုယ်လက်မအီမသာ၊ ချောင်းဆိုး၊ အနံပျောက်၊အရသာပျောက်နေလျှင် အလုပ်တို့၊ ဂေဟာတို့ ရိပ် သာတို့ မလာပါနဲ့။ အိမ်မှာပဲ သီးသန့်နေပါ။ မသက်သာလျှင် ဥပမာ အသက်ရှူခက်၊ မောပန်း တာမျိုး ဖြစ်လျှင်တော့ ဆေးရုံသွားပါ။

၂။ အဆုတ်တွင် မူလ အခံရောဂါရှိနေသူများ


COVID-19 ရောဂါဟာ အဆုတ်မှာဖြစ်တဲ့ ရောဂါဖြစ်တာကြောင့် အရင်ကတည်းက အဆုတ် အားနည်းတဲ့သူတွေ၊ အဆုတ်မှာ ရောဂါတစ်ခုခု ရှိနေသူတွေဆို ပိုဆိုးစေပါတယ်။ ဥပမာ – နာတာရှည် အဆုတ်လေပြွန်ရောင် ရောဂါရှိသူတွေ၊ ပန်းနာရင်ကျပ်ရှိသူတွေ၊ အဆုတ်ကင်ဆာ ရှိသူတွေ၊ ဆေးလိပ်တို့ l Vape တို့ သောက်သုံးသူတွေဆို ပိုပြီးပြင်းထန်ပါသည်။

၃။ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန် နေသူများ


နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ နှင့် အဝလွန် နေသူများဟာ COVID-19 ရောဂါဝင်လာရင် ပိုဆိုးစေပါသည်။ သွေးတိုးနှင့် ဆီးချိုသမားများဟာ Covid-19 ရောဂါလက္ခဏာများကို ပိုဆိုးစေပြီး၊ အ၀လွန်နေသူများနှင့် ဆီးချိုသမားများဟာ ကိုယ်ခံအားကျ တတ် သည့်အတွက် ဆိုးစေပါသည်။
အကယ်၍ သင့်မှာ နှလုံးရောဂါများ ( ဥပမာ – နှလုံးကြွက်သားထူ ရောဂါ၊ နှလုံးညှစ်အား မကောင်းသည့်ရောဂါ၊ အဆုတ်သွေးဖိအား များနေသည့် ရောဂါ၊ မွေးရာပါ နှလုံးရောဂါများ ) ရှိပါက သေချာဂရုစိုက်ဖို့ လိုပါတယ်။ ရောဂါဖြစ်လာလျှင် ဆိုးရွားတတ်စေနိုင်ပါတယ်။

၄။ ကင်ဆာရောဂါနှင့် သွေးရောဂါရှိသူများ

 

ကင်ဆာရောဂါ ခံစားနေရသူများဟာ မိမိတို့ ရောက်ရှိနေတဲ့ ကင်ဆာအဆင့် ကင်ဆာအမျိုးအစားနဲ့ ကုထုံးတွေ အပေါ်မူတည်ပြီး Covid ရောဂါပြင်းထန်တတ်ပါတယ်။ သွေးအားနည်းတဲ့ သူတွေ၊ သွေးရောဂါ (ဥပမာ – Sickle cell anaemia လို့ခေါ်တဲ့ မွေးရာပါ သွေးရောဂါ ) ရှိသူတွေဆို သူတို့ရဲ့ သွေးနီဥတွေက မာပြီး ပုံစံ မမှန် ( အဝိုင်းပုံစံ ရှိရမှာကို အဝိုင်းပုံ မရှိပဲ အဂ်လိပ် အက္ခရာ C ပုံစံ ဖြစ်) လို့ သွေးနီဥတွေဟာ အချိန်မတိုင်မှီ သေတတ်ပါတယ်။ သွေးထဲ အောက်ဆီဂျင်လည်း ကောင်းကောင်း မသယ်နိုင်လို့ ဒီရောဂါ ဖြစ်ရင် ဆိုးဆိုးရွားရွား ထိခိုက်တတ်ပါတယ်။ နောက် thalassemia လို့ခေါ်တဲ့ ရောဂါ ခံစား နေရသူများဟာလည်း အလားတူ ဆိုးရွားနိုင်သည့် အတွက် ဂရုစိုက်ဖို့ အထူးလိုအပ်ပါတယ်။

၅။ သင့်ကိုယ်ခံအားစနစ် အားနည်းနေသည့်အခါ

ကိုယ်ခံအားစနစ် အရမ်းကောင်းနေရင် တိုက်ထုတ် နိုင်ပေမယ့် အောက်ပါ ရောဂါတွေ ခံစားနေရလျှင် သင့် ကိုယ်ခံအား ကျနေလို့ Covid 19 ရောဂါ ဆိုးရွားစေပါတယ်။
အတွင်းကလီစာအစားထိုးထားသူများ ( ဥပမာ- ကျောက်ကပ်၊ အသည်း၊ ရိုးတွင်းချဉ်ဆီ)၊  HIV ရောဂါသည်များ ၊ကင်ဆာ ကုထုံးခံယူ‌နေရသူများ၊ကာလရှည်ကြာစွာ prednisolone လို ဆေးမျိုးတွေ သောက်သုံးနေရသူများ ဥပမာ အရေပြားလေးဘက်နာ၊ ပန်းနာရင်ကြပ် စတဲ့ ရောဂါ ရှိသူများဟာ ကိုယ်ခံအားတွေ ကျနေတတ်လို့ အထူးအထူး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

၆။ ကျောက်ကပ်ရောဂါ ၊ အသည်းရောဂါ ရှိသူများ

ကျောက်ကပ်ဆေးနေရတဲ့ ပုဂ္ဂိုလ်များ ၊ အသည်းရောင်အသားဝါ ဘီ၊ စီ ရောဂါနဲ့ အသည်းခြောက် ၊ အသည်းကင်ဆာ ရှိသူ များလည်း အထူး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သူတို့သည် ကိုယ်ခံအားနည်းနေသောကြောင့် ဖြစ်ပါတယ် ။ဒါကြောင့် အထက်ပါ ရောဂါ ရှိသူများ၊ အသက်ကြီးပုဂ္ဂိုလ်များဟာ မိမိကိုယ်ကို မိမိ သေချာ ဂရုစိုက်ဖို့ လ်ုအပ်ပါတယ်။ မိမိရဲ့ အိမ်သားများ၊ ရိပ်သာ ဝန်ထမ်းများဟာလည်း မိမိတို့မှ တဆင့် ထိုသူများ ကို ရောဂါ ကူးစက်ခံရမှု မရရှိစေဖို့ အထူး ဂရုစိုက်ကြဖို့ လိုအပ်ပါတယ် ။

မလိုအပ်ဘဲ လူစုလူဝေး များသော နေရာ၊ အိမ်ပြင်ထွက်ခြင်း မှ ရှောင်ကြဉ်ပါ။ တစ်ဦးနဲ့တစ်ဦး အနည်းဆုံး 6 ပေ အကွာမှနေပါ။နေမကောင်းဖြစ်နေသောသူအနားကို မသွားမိပါစေနဲ့။အထက်ပါ ရောဂါ ရှိသူများ၊ အသက်ကြီးပုဂ္ဂိုလ်များအနေဖြင့် အိမ်ထဲမှာ သီးသန့်နေထိုင်ပါ။ အပြင်လုံးဝ မထွက်ပါနဲ့။ ဆေးရုံဆေးခန်း သွားရသည့် အခါတွင်လည်း အထူးဂရုစိုက်ပါ။လက်ဆေးပါ။ မကြာခဏ ဆေးပါ။ တစ်ခုခု ကိုင်ပြီးတိုင်း ဆေးပါ။ မျက်နှာ နှင့် နှာခေါင်းတို့ကို လက်နဲ့ မကိုင်တွယ်မိစေဖို့ အထူးဂရုပြုပါ။ မဖြစ်မနေ ကိုင်တော့မည်ဆိုလျှင် လက်အရင်ဆေးပါ။အိမ်မှာပဲ နေနေ၊ ဘယ်သွားသွား mask, face shield တပ်ပါ။အိမ်တွင်တစ်ယောက်ယောက် ဖျားနေပါက သီးသန့်ထားပါ၊ သူတို့ အသုံးအဆောင်များကို မထိပါနဲ့။နေ့စဉ်နေ့တိုင်း လူအများထိတွေ့ကြတဲ့ တံခါးလက်ကိုင်၊ မီးခလုတ် စသည့် ပစ္စည်းများကို အရက်ပျံ သို့မဟုတ် ပိုးသေစေသည့် အရည်များ ဖြင့် သန့်ရှင်းရေးလုပ်ပါ။

သင်အပြင်သွားလျှင် တတ်နိုင်သမျှ လူ အများစီးနင်းနေတဲ့ Bus Cars ၊ ရထား တို့ကို ရှောင်ပါ။အရေး အကြီးဆုံးက သင်သောက်နေကြဆေးတွေကို လုံးဝ လုံးဝ မပြတ်ပါစေနဲ့ ။မလိုအပ်ရင် ဆေးရုံ၊ ဆေးခန်း မသွားဘဲ ဆရာဝန်များနဲ့ Tele medicine လို့ခေါ်တဲ့ ဖုန်းနဲ့ ဆက်သွယ်ကုသပါ။Covid 19 ရောဂါပိုး ကူးစက်ခံရသူများစွာရှိနေသည့်အထဲမှ ရောဂါပိုးကင်းစင်ပြီး ပြန်လည်ကျန်းမာလာသောကြောင့် သက်ဆိုင်ရာ ဆေးရုံများမှ မိမိနေရပ်သို့ ပြန်သွားကြသူများလည်းရှိနေကြပါသည်။ကျန်းမာသော အစားအာဟာရများကို စားသုံးခြင်း၊ မလိုအပ်ဘဲ အပြင်မထွက်ခြင်း၊သတ်မှတ်ထားေသာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းတို့ဖြင့် Covid 19 ရောဂါပိုးကို အတူတကွတိုက်လှန် တွးန်ထုတ်ကြပါစို့
ကျန်းမာပျော်ရွှင်သော မိသားစုဘဝများကို ထာဝရပိုင်ဆိုင်နိုင်ကြပါစေကြောင်း အမြဲထာဝရဆုမွန်ကောင်းတောင်းလျှက်

Dr.ရွှေအိုး

Be the first to comment

Leave a Reply

Your email address will not be published.


*