ကိုဗစ်အတွက် ကျပ်ဘီလီယံတစ်ထောင်ကျော် သုံးမည်ဟု အတိုင်ပင်ခံပြောကြား

ကိုဗစ်အတွက် ကျပ်ဘီလီယံတစ်ထောင်ကျော် သုံးမည်ဟု အတိုင်ပင်ခံပြောကြား

ရန်ကုန်၊ စက်တင်ဘာ ၂၁

ကိုဗစ်ရောဂါနှင့် ပတ်သက်သည့် အကျိုးဆက် လိုအပ်ချက်များအတွက် ကျပ်ဘီလီယံတစ်ထောင်ကျော် သုံးစွဲမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ (စက်တင်ဘာ ၂၁)တွင် ပြောကြားသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက အထွေထွေပိုလျှံငွေ ကျပ်ဘီလီယံတစ်ထောင်ကျော်ကို သဘာဝဘေးအန္တရာယ်အတွက် သတ်မှတ်လိုက်ပြီး ကိုဗစ်ရောဂါနှင့် ပတ်သက်၍ အသုံးပြုမည်ဖြစ်ပြီး အခြားသော သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အဆိုပါရန်ပုံငွေထဲတွင် သီးခြားရှိကြောင်း အတိုင်ပင်ခံက ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံး အခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

“အခု ဘီလီယံတစ်ထောင်ကျော် ရွှေ့ပြောင်းလိုက်တယ်ဆိုတာ ကျွန်မတို့ ကိုဗစ် ရောဂါနဲ့ ပတ်သက်တဲ့ အကျိုးဆက်တွေအတွက်၊ ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေအတွက် သုံးဖို့ဖြစ်ပါတယ်။ ဒီလို ကျွန်မပြောပြတာက ပြည်သူလူထုအတွက် ကျွန်မတို့ တတ်နိုင်သမျှ အားလုံး ပြင်ဆင်ထားပါတယ်ဆိုတာ သိစေချင်လို့ပါ။ စိုးရိမ်မလွန်စေချင်လို့ပါ”ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

သို့သော် စိုးရိမ်မလွန်စေလိုသော်လည်း မပေါ့ဆရန်လည်း ထပ်မံမေတ္တာရပ်ခံကြောင်းနှင့် ပေါ့ဆမှုများသောကြောင့် ယခုအခါ အနည်းငယ်ပို၍ ရုန်းကန်နေရပြီး အကောင်းဆုံးရင်ဆိုင်ကျော်လွှားရန်ဖြစ်ကြောင်းလည်း ၎င်းက သတိပေးပြောကြားသည်။

ထို့ကြောင့် သတ်မှတ်ထားသော စည်းကမ်းချက်များဖြစ်သော အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ဆင်ရန်၊ လူစုလူဝေးကို ရှောင်ကြဉ်ရန်၊ လက်ကို စက္ကန့် ၂၀ ကြာ ဆေးကြောရန်၊ မလွှဲမရှောင်သာ အပြင်သွားရပါက အခြားသူများနှင့် နီးနီးကပ်ကပ်မနေဘဲ ခြောက်ပေခွာနေရန် စသည့် စည်းကမ်းချက်များကို လိုက်နာ၍ တစ်ဦးချင်းက မိမိတို့၏ ကျန်းမာရေးကို စောင့်ရှောက်မည်ဆိုပါက ကိုဗစ် ၁၉ ထိန်းချုပ်ရေး လုပ်ငန်းမှာ ပို၍ လျင်မြန်စွာ အောင်မြင်မည်ဖြစ်ကြောင်းလည်း အတိုင်ပင်ခံက ပြောကြားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*