မတော်တဆကြုံတွေ့လာနိုင်တဲ့ အသက်ဘေးတွေ(၉)မျိုးနဲ့ ၎င်းကို ဖြေရှင်းနိုင်မယ့်နည်းလမ်များ

 

လူတိုင်း မဟုတ်ရင်တောင် လူတချို့ နေ့စဉ်သွားလာလှုပ်ရှားမှုမှာ မတော်တဆ အသက်ဘေးရောက်ဖူးကြမှာသေချာပါတယ်။ ကိုယ့်မှာ လာမကြုံနိုင်ဘူးဆိုတဲ့ အာမခံချက်လည်း ထားလို့မရပါဘူး။ ဒါကြောင့် ဘယ်ချိန်ဘယ်မှာ ဘာဖြစ်မယ်မသိတာကြောင့် မတော်တဆမှုတွေနဲ့ အသက်ဘေးကြုံတွေ့လာရင် ဖြေရှင်းနိုင်မယ့်နည်းလမ်းသင့်အသက်ကို ကယ်တင်ပေးနိုင်မယ့် နည်းလမ်းတွေကိုဖော်ပြပေးချင်ပါတယ်။

 

ရေခဲပြင်ထဲ ပြုတ်ကျသွားရင် ဘယ်လိုရုန်းထွက်နိုင်မလဲ


ရေခဲပြင်အက်ကွဲပြီး မတော်တဆ ရေခဲထဲပြုတ်ကျသွားခဲ့ရင် အလျင်အမြန်ရုန်းထွက်နိုင်ဖို့ လိုအပ်ပါတယ်။ ရေခဲထဲ ပြုတ်ကျသွားချိန်မှာ ပြင်ပပတ်ဝန်းကျင်က အလွန်အေးစက်နေတာမို့ လူ့ရဲ့ခန္ဓာကိုယ် အပူချိန် ရုတ်တရက်လျော့ကျမှုတွေဖြစ်ကာ ဟိုက်ပိုသာမီးယားလို့ ခေါ်တဲ့ အသက်အန္တရာယ်ရှိတဲ့အခြေအနေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ရေခဲပြင်ထဲရောက်သွားချိန်မှာ အသက်လုံးဝမရှူမိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ရုတ်တရက်ဖြစ်လာတဲ့ ထိတ်လန့်ကြောက်ရွံမှုကို ထိန်းထားနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒီလို ထိတ်လန့်ကြောက်ရွံမှုက အင်အားကုန်ခမ်းစေကာ ခန္ဓာကိုယ်ကို ပင်ပန်းလာစေမှာဖြစ်လို့ စိတ်ကို တည်ငြိမ်အောင်လုပ်ဆောင်ပေးထားဖို့က အရေးအကြီးဆုံးအချက်ပါ။

ဒီလို နစ်မြှုပ်သွားခဲ့ရင် အရင်ဆုံး ရေခဲပြင်ထဲကနေ အပေါ်မျက်နှာပြင်အနားလေးကို ရောက်အောင်တက်လာဖို့ လိုအပ်ပါတယ်။ ရေခဲပြင်အစွန်းနားလေးရောက်ရှိလာချိန်မှာတော့ တစ်ကိုယ်လုံး အင်အားသုံးပြီး ရုန်းတက်နေမယ့် အစား ခြေထောက်ကိုသာ ယက်ပြီး တက်ခြင်းက အမှန်ကန်ဆုံးနည်းလမ်းပါ။ ကျွံကျသွားတဲ့ ရေခဲပြင်ပေါ် ရောက်ပြီဆိုရင်လည်း ရေခဲပြင်အစပ်နားလေးမှာ လမ်းထမလျှောက်ဖို့ သတိပြုရမှာပါ။ ဘာကြောင့်လဲဆိုတော့ ရေခဲပြင်တွေမှာ အက်ကြောင်းတွေ ရှိနေတာမို့ ခန္ဓာကိုယ်ကို တရွေ့ရွေ့လိမ့်လာပြီး လုံခြုံစိတ်ချလို့ရတဲ့ ရေခဲအမာရှိတဲ့ နေရာရောက်မှ ပြန်လမ်းလျှောက်သင့်ပါတယ်။

 

မီးလောင်နေတဲ့ တိုက်ခန်းကနေ ဘယ်လို ရုန်းထွက်မလဲ

မီးလောင်နေတဲ့ နေအိမ်၊ တိုက်ခန်းတွေကနေ ရုန်းထွက်နိုင်မယ့် နည်းလမ်းတွေလည်း ရှိပါတယ်။ တကယ်လို့ သင်ဟာ မီးပြင်းပြင်းလောင်နေတဲ့ နေရာမှာ ကံဆိုးစွာနဲ့ ရောက်ရှိနေခဲ့ရင် သင် ဂရုစိုက်ရမှာက မီးခိုးငွေ့တွေပဲဖြစ်ပါတယ်။ ကိုယ်ခန္ဓာကို ပထမဆုံးဒုက္ခပေးနိုင်တာက လောင်နေတဲ့ မီးက ထွက်ရှိလာတဲ့ မီးခိုးငွေ့တွေသာဖြစ်ပြီး အသက်ရှူကျပ်ကာ ရုတ်တရက်မေ့မျောသွားနိုင်ပါတယ်။ မီးခိုးငွေ့တွေရဲ့ သဘောသဘာဝက အမြင့်ကိုသာ တက်လေ့ရှိတာမို့ ကိုယ်ခန္ဓာကို ကြမ်းပြင်နဲ့ ကပ်ပြီး နေထိုင်သင့်ပါတယ်။

 

မီးခိုးမမွှန်စေဖို့အတွက်လည်း လေဝင်လေထွက်ရတဲ့ ထွက်ပေါက်တစ်နေရာနားကို အရင်ဆုံးသွားခြင်းက အသက်ဘေးကနေ လွတ်ကင်းစေနိုင်မှာပါ။ ဒါ့အပြင် အနီးအနားမှာရှိနေမယ့် လက်သုတ်ပဝါနဲ့ အဝတ်စတွေကို ရှာပြီး Mask အဖြစ် အသုံးပြုနိုင်ကာ ထွက်ရှိလာတဲ့ မီးခိုးငွေ့တွေကနေ ကာကွယ်နိုင်ပါသေးတယ်။

သဲရှင်ထဲကနေ ဘယ်လိုရုန်းထွက်နိုင်မလဲ

 


ရုပ်ရှင်တွေထဲမှာတော့ သဲရှင်တွေထဲရောက်သွားရင် ပြန်မထွက်လာနိုင်ကြတော့ဘဲ တစ်ခါတည်း အသက်သေဆုံးလေ့ရှိပါတယ်။ ဒါပေမယ့် တကယ့်အပြင်က သဲရှင်တွေကတော့ အဲဒီလို မဟုတ်ပါဘူး။ နင်းမိရင် တစ်ကိုယ်လုံးကျွံနစ်စေတတ်တဲ့ သဲရှင်တွေထဲကို ကျရောက်သွားခဲ့ရင် ရုန်းလေ ပိုနစ်လေဖြစ်လာမို့ ကြောက်အားလန့်အားနဲ့ ရုန်းမထွက်သင့်ပါဘူး။ အရင်ဆုံး နစ်မြှုပ်နေတဲ့ သဲရှင်ထဲကနေ မိမိရဲ့ ခေါင်းကို နစ်မသွားအောင် ဂရုစိုက်ရမှာပါ။ နောက်တစ်ချက်ကတော့ မိမိရဲ့ လက်တွေကို သဲထဲကနေ ဆွဲထုတ်ယူပြီး အပြင်ဘက်ရောက်အောင် ရုန်းကန်ရမှာပဲဖြစ်ပါတယ်။

 

ဒီလိုမျိုး ခေါင်းနဲ့ လက် အပြင်ဘက်ကို ရောက်ပြီဆိုရင်တော့ နောက်တစ်ဆင့် လုပ်ရမှာက ခြေထောက်တွေပဲဖြစ်ပါတယ်။ သဲရှင်ထဲ နစ်မြှုပ်နေတဲ့ ခြေထောက်တွေကို ဘယ်ညာဝှေ့ယမ်းနေရမှာပါ။ ဒီလို ဝှေ့ယမ်းနေတာကြောင့် မိမိခြေထောက်အောက်က လွတ်သွားတဲ့ ဗလာနယ်မှာ သဲတွေနဲ့ ပြန်ပြည့်လာမှာဖြစ်ပါတယ်။ တဖြေးဖြေးနဲ့ မိမိခြေထောက်က အပေါ်ကို ရောက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်ပေါ် ပြန်လည်ရောက်ရှိလာမှာပါ။ ခြေထောက်ကို အရင်ဆုံးဆွဲထုတ်ရမှာဖြစ်ပြီး အပေါ်ရောက်ချိန်မှာ တဖြေးဖြေးနဲ့ တွားသွားပြီး အလွယ်တကူနဲ့ ရုန်းထွက်နိုင်မှာဖြစ်ပါတယ်။

ဓာတ်လှေကားပြုတ်ကျခဲ့ရင် ဘယ်လိုနေရမလဲ

 


လူတိုင်းလိုလိုက ဓာတ်လှေကားစီးနေရင်းနဲ့ပဲ ဒီဓာတ်လှေကားကြီးသာ ပြုတ်ကျသွားရင် ဘယ်လိုဖြစ်မလဲဆိုတာကို တွေးမိဖူးကြမှာပါ။ ဓာတ်လှေကားပြုတ်ကျမှုဟာ ဖြစ်တောင့်ဖြစ်ခဲအခြေအနေဖြစ်ပေမယ့် ဒီလို ပြုတ်ကျခဲ့တဲ့ ဖြစ်စဉ်သာဓကတွေလည်း ရှိပါတယ်။ ဒီလို အခြေအနေနဲ့ ကြုံတွေ့လာမယ်ဆိုရင်တော့ ဓာတ်လှေကားကြမ်းပြင်မှာ ကျောကပ်ပြီး အိပ်စက်နေတာက အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ ဒီလို ဓာတ်လှေကားထဲမှာ မှောက်လျက်အိပ်ဖို့ အခြေအနေတွေ မရှိခဲ့ရင် ဓာတ်လှေကားထဲမှာ ငုတ်တုပ်ထိုင်နေလိုက်တာက ဒုတိယအကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် မိမိရဲ့ ဦးခေါင်းကို မထိခိုက်အောင် ကာကွယ်ထားနိုင်ဖို့က အရေးကြီးဆုံးအချက်တစ်ချက်ပါ။

 

ဓာတ်လှေကားပြုတ်ကျလာချိန်မှာ လုံးဝမပြုလုပ်သင့်တဲ့ အပြုအမူကတော့ မတ်တပ်ရပ်နေခြင်းပဲဖြစ်ပါတယ်။ တစ်ချို့လူတွေက တွေးကြတာက ဓာတ်လှေကား က အောက်က ကြမ်းပြင်ကို ထိတာနဲ့ ချက်ချင်း ခုန်လိုက်မယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါက တကယ်တော့ ဓာတ်လှေကားအနေနဲ့ ကြမ်းပြင်ကို ဘယ်ချိန် ထိမယ်ဆိုတာ ကြိုတင်မသိနိုင်တာကြောင့် အချိန်ကိုက် ခုန်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

 

မိုးကြိုးပစ်နေချိန်ကွင်းပြင်ထဲရောက်ရှိနေရင် ဘယ်လိုလုပ်မလဲ

မိုးအသည်းအထန်ရွာပြီး မိုးကြိုးတွေဆက်တိုက်ပစ်နေချိန်မှာ ကွင်းပြင်ထဲ ထီးထီးရှိနေတာက မိုးကြိုးပစ်ခံရဖို့ အခွင့်အလမ်းများပြားလှပါတယ်။ ဒီလိုအခြေအနေမှာ မိုးကြိုးမပစ်ခံရအောင် လုပ်ဆောင်နိုင်မယ့်နည်းလမ်းတွေ ရှိပါတယ်။ ဒီလိုကွင်းပြင်ထဲကို တစ်ယောက်တည်းရောက်ရှိနေပြီဆိုရင် နံဘေးနားမှာ အဆောက်အဦး ဒါမှမဟုတ် ယာဉ်တစ်ခုခုကို ရှာဖွေပြီး ဝင်နေသင့်ပါတယ်။

 

တကယ်လို့ အဲဒီအရာတွေသာ မရှိခဲ့ရင် ခန္ဓာကိုယ်ကို ဆောင့်ညှောင့်ထိုင်ကာ နားတွေကို ပိတ်ထားသင့်ပါတယ်။ မိုးကြိုးတွေဟာ အမြင့်နေရာတွေမှာ ရှိတဲ့ အရာဝတ္ထုတွေကိုသာ ပစ်လေ့ရှိလို့ မိမိခန္ဓာကိုယ်ကို တတ်နိုင်သမျှ မမြင့်နေအောင် ပြုမူသင့်ပါတယ်။ ဒါ့အပြင် လျှပ်စီးကူးနိုင်တဲ့ မီးကြိုး၊ ဓာတ်တိုင်လိုအရာတွေ နားကနေ ရှောင်ခွာပြီး နေထိုင်သင့်ပါတယ်။ နောက်ပြီး သစ်ပင်အောက်တွေမှာလည်း ပုန်တာကိုလည်း ရှောင်ယှဉ်သင့်ပါတယ်။

 

နောက်ကနေ ချုပ်လာတဲ့သူကို ပြန်ရင်ဆိုင်နည်း

 

လမ်းတွေပေါ်မှာပဲ မသမာတဲ့ သူစိမ်းတစ်ယောက်ကနေ မိမိ နောက်ကျောကို ချုပ်ကာ အကျပ်ကိုင်ခံရမယ့် အခြေအနေမှာ ကိုယ့်ဘက်နေ တန်ပြန်နိုင်မယ့် နည်းလမ်းပေါင်းများစွာရှိပါတယ်။ အဲဒီထဲက အသိသာဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းကတော့ မိမိရဲ့ ဖိနပ်နဲ့ ချုပ်ထားတဲ့သူ့ရဲ့ ခြေထောက်ကိုအားပြင်းပြင်းနဲ့ နင်းလိုက်ဖို့ပါပဲ။

အတတ်နိုင်ဆုံး အားကုန်ထည့်ကာ နင်းလိုက်ခြင်းက ချုပ်ထားတဲ့သူ့ရဲ့ ခြေထောက်အရိုးတွေကို ပြင်းပြင်းထန်ထန်နာကျင်စေမှာဖြစ်ပါတယ်။ ဒီလို နင်းလိုက်ချိန်မှာ မသမာသူချုပ်ကိုင်ထားတဲ့ လက်တွေက ပြေလျော့သွားမှာဖြစ်ပြီး အကြမ်းဖက်မှုကနေ လွတ်မြောက်လာစေမှာပဲဖြစ်ပါတယ်။

 

ကားနောက်ဖုံးထဲမှာ ပိတ်မိနေရင်ဘယ်လိုအကူအညီတောင်းမလဲ


ကားနောက်ဖုံးထဲမှာ ပိတ်မိနေခဲ့ရင် လွတ်မြောက်နိုင်ဖို့အတွက်ကတော့ သူတပါးရဲ့ အကူအညီကို အရင်ဆုံးလိုအပ်ပါတယ်။ ဒါကြောင့် ပထမဆုံး မိမိ ကားနောက်ဖုံးထဲမှာ ပိတ်မိနေတယ်ဆိုတာကို လူတွေ သိဖို့အချက်ပြရမှာပါ။ ကားနောက်ဖုံးထဲမှာနေရင်းနဲ့ ကား နောက်မီးကိုချိတ်ထားတဲ့ ဝါယာကြိုးတွေကို ဖြတ်ကာ နောက်က ကားကို အချက်ပြသင့်ပါတယ်။ ဒီလို မီး တောက်ပြတာက မိမိကားထဲမှာ ပိတ်မိနေကြောင်း အသိပေးခြင်းတစ်ခုသာဖြစ်ပါတယ်။

 

အဲ့လို မလုပ်တတ်ဘူးဆိုရင် မီးခွက်တွေကို လက်နဲ့ တွန်းဖွင့်လို့ ရမရ ကို ကြိုးစားသင့်ပါတယ်။ ဖွင့်လို့ရပြီဆိုရင် သင့်ရဲ့ လက်နဲ့ နောက်ကကားကို လက်ပြကာ အကူအညီတောင်းခံနိုင်ပါတယ်။

 

တစ်ယောက်တည်းစားနေချိန် အစာနင်ခဲ့ရင် ဘယ်လိုဖြေရှင်းနိုင်မလဲ

ပုံမှန်အားဖြင့်တော့ လူတစ်ယောက် အစာနင်သွားချိန်မှာ နောက်ထပ်အခြားလူတစ်ယောက်က လည်ချောင်းထဲပိတ်မိနေတဲ့ အစာကို ကူညီဖြေရှင်းပေးလေ့ရှိပါတယ်။ ဒါပေမယ့် တစ်ယောက်တည်း အစားစားနေချိန် ဘေးနားမှာ လူမရှိခဲ့ရင်တော့ အစာနင်ခြင်းကို ဖြေရှင်းဖို့နည်းလမ်းကတော့ လက်သီးဆုပ်ပြီး မိမိဝမ်းဗိုက်နဲ့ ခုံစောင်း (သို့) ကုလားထိုင်နောက်ကျောကို ဖိပေးရမှာပဲဖြစ်ပါတယ်။ ဒီလိုဝမ်းဗိုက်ကို ဖိထားတာကြောင့် နင်နေတဲ့ အစာက အပြင်ကို ပြန်ကန်ထွက်လာမှာဖြစ်ပြီး ပုံမှန်အခြေအနေကို ပြန်ရောက်ရှိလာမှာပါ။

 

ဒယ်အိုးထဲ မီးထတောက်ရင် ဘယ်လိုဖြေရှင်းမလဲ

ဟင်းချက်နေရင်းနဲ့ ဒယ်အိုးထဲကနေ ရုတ်တရက်မီးထတောက်လေ့ရှိကြပါတယ်။ ဒီလို အခြေအနေမျိုးမှာ ရုတ်တရက်လန့်သွားတတ်ပြီး ဒယ်အိုးကို ရေနဲ့ လောင်းချတာ၊ ဒယ်အိုးကို မီးဖိုပေါ်ကနေ ဆွဲထုတ်ပစ်လိုက်တာမျိုး လုပ်လေ့ရှိကြပါတယ်။ တကယ်တော့ ဒီလိုလုပ်တာတွေက မီးထတောက်တဲ့ အခြေအနေကို ပိုဆိုးလာစေတတ်ပါတယ်။ မီးထတောက်နေတဲ့ အခြေအနေကို ဖြေရှင်းဖို့နည်းလမ်းကတော့ မီးလောင်မှုကို အားပေးနေတဲ့ အောက်ဆီဂျင်ဓာတ်ငွေ့ကို အမြန်ဆုံး ဖြတ်တောက်ပစ်လိုက်ဖို့ပါပဲ။ ဒါကြောင့် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး မီးတောက်ကို သတ္ထုအဖုံးတစ်ခုနဲ့ အုပ်လိုက်ခြင်းက မီးကိုချက်ချင်းငြိမ်းသွားစေမှာပါ။

 

ref – brightside

Be the first to comment

Leave a Reply

Your email address will not be published.


*