မြန်မာပြည်က ထိပ်တန်းအစားအစာ ၉ မျိုး

အကြောင်းတိုက်ဆိုင်လို့ပဲဖြစ်ဖြစ် မြန်မာနိုင်ငံအကြောင်း ထဲထဲဝင်ဝင် မသိသေးတဲ့သူ တစ်ယောက်ကို ကိုယ့်နိုင်ငံအကြောင်း ပြောခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံမှာသာ ရနိုင်တဲ့ အစားအသောက်တွေ အကြောင်းကိုလည်း မဖြစ်မနေ ထည့်သွင်း ပြောဆိုရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံပြီးတဲ့ နောက်ပိုင်းမှာ မြန်မာကို စိတ်ဝင်စားသူ ကမ္ဘာအနှံ့မှာ ရှိလာပြီး ခရီးသွားလုပ်ငန်းလည်း တိုးတက်လာပါတယ်။ တစ်နေ့နေ့မှာ သင့်အနေနဲ့လည်း ကိုယ့်နိုင်ငံက အစားအသောက်တွေအကြောင်း ပြောခွင့်ရလာနိုင်ပါတယ်။အရသာရှိလှပြီး မြန်မာနိုင်ငံမှာသာ အပေါများဆုံးရနိုင်တဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ မုန့်ဟင်းခါး

မြန်မာနိုင်ငံသားတွေအတွက် မုန့်ဟင်းခါးဟာ အဓိကမနက်စာ ဖြစ်ပါတယ်။မြန်မာလူမျိုးအများစု ကြိုက်နှစ်သက်တဲ့ မနက်စာဖြစ်ပါတယ်။ အခုဆိုရင် ၂၄ နာရီရနိုင်တဲ့ မုန့်ဟင်းခါးဆိုင်တွေတောင် ရှိနေတတ်ပါပြီ။ မြန်မာနိုင်ငံကို ရောက်လာတဲ့ ခရီးသွား ဧည့်သည်တွေထဲမှာ မုန့်ဟင်းခါးကို စိတ်ဝင်စားသူများစွာ ရှိပါတယ်။ မုန့်ဟင်းခါးကို မြို့တိုင်း မြို့တိုင်းက ရပ်ကွက်တိုင်း၊ လမ်းတိုင်းလိုလိုမှာ ရနိုင်ပါတယ်။ မြန်မာပြည်မှာတော့ အရောင်းရဆုံး မနက်စာတစ်မျိုးလို့လည်း ဆိုနိုင်ပါတယ်။ ပါဝင်ပစ္စည်းများပြားပြီး ချက်ပုံက ရှုပ်ထွေးဆန်းကြယ်တာကြောင့် ပိုပြီးစိတ်ဝင်စားကြပါတယ်။

၂။ ထမင်းနဲ့ ဟင်း

ဆီပြန်တက်နေအောင် ချက်ထားတဲ့ ဟင်းတွေနဲ့ ထမင်းဟာ အဓိက စားစရာ ဖြစ်ပါတယ်။ထမင်းကိုသာ အဓိက အစားအစာအဖြစ် စားကြတဲ့ မြန်မာနိုင်ငံမှာ ထမင်းနဲ့ဟင်းကလည်း မရှိမဖြစ်ပါ။ ခရီးသွား ဧည့်သည်တစ်ယောက်ကိုများ နေ့လည်စာလိုက်ကျွေးဖို့ အခွင့်ကြုံလာပြီဆိုရင် မြန်မာထမင်းနဲ့ ဟင်းကို မဖြစ်မနေ လိုက်ကျွေးရမှာ ဖြစ်ပါတယ်။ ငါး၊ ကြက်သား၊ ဝက်သား၊ အမဲသားစတာတွေကို ဆီပြန်ဟင်း ဖြစ်အောင်ချက်ထားပုံက မြန်မာများအတွက် မဆန်းပေမယ့် မြန်မာနိုင်ငံသား မဟုတ်သူတွေအဖို့ ဆန်းနေပါလိမ့်မယ်။

မြန်မာ့ရိုးရာ ထမင်းဝိုင်းဟာ မတ်တပ်ခုံအမြင့်တွေ စားပွဲခုံအရှည်တွေနဲ့ မဟုတ်ပါဘူး။ ကြမ်းပြင်ပေါ်မှာ စားပွဲခုံ ပုပုဝိုင်းဝိုင်းတစ်လုံးခင်းပြီး စားသောက်ကြရတာ ဖြစ်ပါတယ်။ ဆီပြန်ဟင်း၊ ငပိရည်၊ အသီးအရွက်ကြော်များနဲ့အတူ တို့စရာတွေလည်း ပါဝင်တာကြောင့် မြန်မာ့စားစရာအကြောင်း မသိသူတို့အတွက် အဆန်းတကြယ် ဟင်းလျာများ ဖြစ်နေတတ်ပါတယ်။

မြန်မာ့ရိုးရာ ထမင်းဝိုင်းဟာ အနောက်တိုင်းလို ဝိုင်တွေမပါပဲ ဆန္ဒရှိရင် လဘက်ရည်ကြမ်းသို့မဟုတ် ဖျော်ရည်ကိုသာ သောက်သုံးကြပါတယ်။ ထမင်းဝိုင်းအပြီး အချိုတည်းဖို့ လဘက်သုပ်နဲ့ ရေနွေးကြမ်းလည်း လိုဦးမှာပါ။

၃။ လက်ဖက်ရည်နဲ့ မုန့်မျိုးစုံ

မနက်ခင်းနဲ့ နေ့လည်နေ့ခင်းတွေမှာ လက်ဖက်ရည်နဲ့ မုန့်တွေက အစာပြေဖြစ်ပါတယ်။

လက်ဖက်ခြောက်ကိုနှပ်လို့ ရလာတဲ့ အရည်နဲ့ နွားနို့(နို့ဆီ) ကို ပေါင်းစပ်ဖန်တီးထားတဲ့ လက်ဖက်ရည်ယဉ်ကျေးမှုကလည်း မြန်မာနိုင်ငံမှာ အတော်လေး ထွန်းကားနေပါပြီ။ မနက်ခင်းလည်း လက်ဖက်ရည်ဆိုင်ထိုင်ပြီး မနက်စာစားတတ်ကြပါတယ်။ မနက်စာ မုန့်ဟင်းခါး ဒါမှမဟုတ် တခုခုစားပြီးရင် လက်ဖက်ရည်သောက်လိုက်မှ နေသာထိုင်သာ ရှိသူတွေလည်း ရှိပါတယ်။

လက်ဖက်ရည်ဆိုင်မှာ ရတတ်တဲ့ ပေါက်စီ၊ အီကြာကွေး၊ စမူဆာတို့အပြင် နံပြား၊ တိုရှည်၊ ပူရီ စတဲ့ အိန္ဒိယရိုးရာ အစားအစာတွေနဲ့လည်း တွဲဖက်သောက်သုံးလို့ သင့်တော်ပါတယ်။ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုဟာ အိန္ဒိယက လာတယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာတော့ အတော်လေး ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။

၄။ နန်းကြီးသုတ်

နန်းကြီးသုတ်ကလည်း မနက်စာထဲမှာ မုန့်ဟင်းခါးနဲ့အပြိုင် နာမည်ကြီးတဲ့ အစားအစာပါ။နန်းကြီးသုတ်ကလည်း မုန့်ဟင်းခါးလိုပဲ မြန်မာတွေရဲ့ မနက်စာအတွက် အရေးပါတဲ့ အစားအစာဖြစ်ပါတယ်။ ခေါက်ဆွဲနဲ့ မုန့်ဖတ်ကိုအခြေခံပြီး နည်းအမျိုးမျိုး ဖန်တီးထားတဲ့ မြန်မာတွေရဲ့ မနက်စာထဲမှာ နန်းကြီးသုတ် ကြိုက်သူတွေလည်း ရှိပါတယ်။ အလုံးအထည်ကြီးအောင် လုပ်ထားတဲ့ ဆန်မုန့်ဖတ်တွေကို ကြက်သား၊ ဘဲဥ၊ ကြက်သွန်နီ ပါးပါးလှီးထားတာတွေ ထည့်ပြီး သမအောင်မွှေကာ စားသောက်ရတာ ဖြစ်ပါတယ်။

၅။ လက်ဖက်သုပ်

ရိုးရာ, အစားအစာ, မုန့်ဟင်းခါး, ဒန်ပေါက်, အကြော်စုံ, လက်ဖက်သုပ်, နန်းကြီးသုပ်ရိုးရာအစားအစာထဲမှာ အရသာကောင်းတဲ့ လက်ဖက်သုပ်က ထိပ်တန်းဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ နာမည်ကြီးဆုံးနဲ့ အရသာအရှိဆုံးစာရင်းဝင် အစားအစာဖြစ်ပါတယ်။ မြန်မာ့လက်ဖက်သုပ်ဟာ သူ့ရဲ့ အရသာရှိတဲ့ အရည်အသွေးကြောင့် ကမ္ဘာကျော်ပြီးသားဖြစ်ပါတယ်။ Amazon လို ကမ္ဘာကျော်အွန်လိုင်း စတိုးမှာတောင် မြန်မာကထုတ်တဲ့ အသင့်စား လက်ဖက်သုပ်တွေ ရောင်းချလျှက်ရှိပါတယ်။ ပုံမှန်အားဖြင့် ချဉ်စပ်လက်ဖက်နဲ့ အခါးလက်ဖက် နှစ်မျိုးရှိပြီး မြေပဲ၊ ကြက်သွန်ကြော်၊ နှမ်း၊ ကုလားပဲခြမ်း၊ ပဲကြီးခြမ်း၊ ပုစွန်ခြောက် စတဲ့ အခြေခံ လိုအပ်ပစ္စည်းတွေအပြင် ဂေါ်ဖီ၊ ခရမ်းချဉ်းသီး စသဖြင့် ကြိုက်နှစ်သက်ရာ ထည့်သွင်း စားသုံးနိုင်ပါတယ်။

၆။ ရှမ်းအစားအစာများ

ရှမ်းလူမျိုးတွေရဲ့ ရိုးရာအစားအစာတွေကလည်း မရိုးနိုင်အောင် ကောင်းလှပါတယ်။ရှမ်းရိုးရာ အစားအစာတွေဟာလည်း မြန်မာနိုင်ငံမှာ အရသာကောင်းပြီး နာမည်ကျော်လှပါတယ်။ ရှမ်းထမင်းချဉ်၊ ငါးထမင်းချဉ်၊ တို့ဟူးနွေး၊ စတဲ့ အစားအစာတွေလည်း နေရာအတော်များများမှာ အလွယ်တကူ ရနေနိုင်ပြီ ဖြစ်ပါတယ်။ စေးနေအောင် ဖန်တီးထားတဲ့ ရှမ်းခေါက်ဆွဲ၊ မြီးရှည်စတဲ့ အစားအစာများလည်း စမ်းသပ်စားသုံး ကြည့်ဖို့ မြန်မာ့ အစားအစာအကြောင်း မသိသူတွေကို တိုက်တွန်းသင့်ပါတယ်။

၇။ မြန်မာ့ရိုးရာ မုန့်မျိုးစုံ

ရိုးရာမုန့်မျိုးစုံဟာ နေ့လည်နေ့ခင်း အစာပြေအဖြစ် စားသုံးနိုင်ပါတယ်။အစာပြေစားဖို့ လွယ်လွယ်ကူကူရနိုင်တာကတော့ မြန်မာ့ရိုးရာ မုန့်မျိုးစုံဖြစ်ပါတယ်။ ဆနွင်မကင်း၊ ရွှေကျီ၊ ကောက်ညှင်းထုတ်၊ ဆီထမင်း၊ ကောင်းညှင်းပေါင်း၊ စတဲ့ သရေစာမုန့်ပေါင်းများစွာလည်း ရနိုင်ပါသေးတယ်။ အားလုံးနီးပါးက ဆန်နဲ့ ဂျုံကတဆင့် ထုတ်လုပ်ထားတာဖြစ်ပြီး ပါဝင်ပစ္စည်းအဖြစ် သကြားနဲ့ အုန်းသီးသာ ပါတာကြောင့် ကျန်းမာရေးထိခိုက်မှာလည်း သိပ်ပူစရာ မလိုလှပါဘူး။ မြန်မာ့သရေစာ မုန့်မျိုးစုံကိုလည်း ညွှန်းဆိုသင့်ပါတယ်။

၈။ ဒန်ပေါက်

အလှူအတန်းတွေမှာလည်း ဒန်ပေါက်ကို ကျွေးမွေးလေ့ရှိပါတယ်။

ဒန်ပေါက်က မြန်မာ့ရိုးရာ စားစရာစစ်စစ် မဟုတ်ပေမယ့် မြန်မာပြည်မှာ တွင်တွင်ကျယ်ကျယ် ရောင်းချနေတဲ့ စားစရာဖြစ်ပါတယ်။ ဒန်ပေါက်ရောင်းချတဲ့ လုပ်ငန်းကို မွတ်ဆလင်လူမျိုးအများစု လုပ်ကိုင်ကြပါတယ်။ ကြက်သားဒန်ပေါက်၊ ဆိတ်သားဒန်ပေါက်တွေအပြင် သက်သက်လွတ်သီးစုံ ဒန်ပေါက်တွေလည်း ရနိုင်ပါတယ်။

၉။ အကြော်စုံ

အရသာမျိုးစုံနဲ့ အကြော်စုံကို မြန်မာပြည်မှာ ဈေးသက်သက်သာသာနဲ့ စားသုံးနိုင်ပါတယ်။မြန်မာ့အစားအစာထဲမှာ မထည့်သွင်းလို့ မဖြစ်တဲ့ နောက်တစ်မျိုးက အကြော်စုံဖြစ်ပါတယ်။ ပဲကပ်ကြော်၊ ဘယာကြော်၊ တို့ဟူးကြော်၊ ဘူးသီးကြော်၊ အားလူကြော် စသဖြင့် အကြော်မျိုးစုံရနိုင်တဲ့ နေရာတွေများစွာ ရှိပါတယ်။ အကြော်တွေကို အချဉ်ရေနဲ့ နှစ်ပြီးစားရတဲ့ အရသာကလည်း ထူးခြားလှပါတယ်။ အကြော်ဆိုင်တွေဟာလည်း နိုင်ငံအနှံ့ မြို့အသီးသီးမှာ ပေါများစွာ ရှိနေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*