မြည်းတွေကို ဆေးဆိုးပြီး မြင်းကျားအဖြစ်လိမ်လည်ပြသထားတယ်လို့ လူမှုကွန်ယက်မှာလူပြောများနေတဲ့ တိရစ္ဆာန်ရုံ

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာရှိတဲ့ အင်တာနေရှင်နယ်ဂါးဒန်းအမည်ရှိတိရိစ္ဆာန်ရုံတစ်ခုမှာ မြည်းတွေကို ဆေးဆိုးကာ မြင်းကျားအဖြစ် ပြသထားတယ်ဆိုတဲ့ ဝေဖန်မှုတွေထွက်ပေါ်လျက်ရှိပါတယ်။ ဒီတိရစ္ဆာန်ရုံက မြည်းတွေကို ဆေးဆိုးပြီး လာရောက်လည်ပတ်သူတွေကို လိမ်ညာနေတာဖြစ်တယ်လို့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာ ေတော့ တိရစ္ဆာန်ရုံတာဝန်ရှိသူတွေက ပြန်လည်ဖြေရှင်းပေးခဲ့ရတာပဲ ဖြစ်ပါတယ်။အဆိုပါ စွပ်စွဲမှုကိုတော့ မာမွတ်ဆာ ဟန်လို့အမည်ရတဲ့ ကျောင်းသားတယောက်က စတင်ခဲ့တာပဲဖြစ်ပါတယ်။

ထိုကျောင်းသားဟာ တိရစ္ဆာန်ရုံမှာရိုက်ကူးထားတဲ့မြင်းကျားဓာတ်ပုံကို လူမှုကွန်ယက်ပေါ်မှာတင်ခဲ့တာကြောင့် တိရစ္ဆာန်ရုံဟာလည်း ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်လာရတာဖြစ်ပါတယ်။တိရစ္ဆာန်ရုံမှာရှိတဲ့ မြင်းကျားနှစ်ကောင်ဟာ မြည်းတွေကို ဆေးဆိုးထားတာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပေမယ့် တိရစ္ဆာန်ရုံ ဒါရိုက်တာကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ကာ သူတို့ဆီက မြင်းကျားတွေဟာ တကယ်မြင်းကျား အစစ်အမှန်တွေဖြစ်တယ်လို့ ပြန်လည်ချေပလိုက်ပါတယ်။အီဂျစ်နိုင်ငံမှာ မြည်းတွေကို ဆေးဆိုးပြီး မြင်းကျားအဖြစ် ပြသထားတဲ့ကိစ္စဟာ ပြီးခဲ့တဲ့နှစ်တွေမှာလည်း ရှိခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ်တုန်းကလည်း ဂါဇာမှာရှိတဲ့ တိရစ္ဆာန်ရုံတခုမှာ မြည်းတွေကို ဆေးဆိုးပြီး မြင်းကျားအဖြစ် ဆေးဆိုးပြသမှုတွေ လုပ်တယ်လို့ဝန်ခံခဲ့ရပြီး အစ္စရေးရဲ့ ပိတ်ဆို့မှုတွေကြောင့် မြင်းကျားအစစ်ကို မဝယ်နိုင်တာလို့လည်း ပြောခဲ့ပါတယ်။တိရစ္ဆာန်တွေကို ဆေးဆိုးပြီး အခြားတိရစ္ဆာန်ပုံစံမျိုးပြသမှုကို သတင်းတွေမှာ မကြာခဏ မြင်တွေ့ရလေ့ရှိပြီး ၂ဝ၁၃ ခုနှစ်တုန်းကလည်း တရုတ်မှာရှိတဲ့ တိရစ္ဆာန်ရုံတခုဟာ ကြီးမားတဲ့ ခွေးကြီးတွေကို ပြင်ဆင်ပြီး ခြင်္သေ့အဖြစ် ပြသခဲ့လို့ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ ခံခဲ့ရဖူးတယ်လို့သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*