တစ်နှစ်လုံး ဖုန်းမသုံးဘဲနေနိုင်သူ ဒေါ်လာ ၁ သိန်း ပေးမည်ဟု ကုမ္ပဏီ တခု စိန်ခေါ်

Vitaminwater ကုမ္ပဏီက တစ်နှစ်ပတ်တာကာလလုံး ဖုန်း၊ တက်ဘလက် လုံးဝမသုံးဘဲ နေနိုင်သူကို ဒေါ်လာ ၁ သိန်းပေးမယ်လို့ စိန်ခေါ်မှုပြုလုပ်ခဲ့ကြောင်း OC သတင်းမှာ ဖော်ပြပါတယ်။

Coca Cola ကုမ္ပဏီက ပိုင်ဆိုင်တဲ့ Vitaminwater ကုမ္ပဏီက ဒီ challenge မှာ ပါဝင်ယှဉ်ပြိုင်ဖို့လည်း ဖိတ်ခေါ်ထားပြီး ယှဉ်ပြိုင်လိုသူတွေဟာ သူူတို့ ဘာကြောင့် ဖုန်းမသုံးချင်တာလဲဆိုတဲ့ အကြောင်းအရာကို ရေးသားပြီး #nophoneforayear နဲ့ #contest ဆိုတဲ့စာနဲ့အတူ အင်စတာဂရမ် ဒါမှမဟုတ် တွစ်တာမှာ ဓာတ်ပုံတပုံတင်ပြီး ကုမ္ပဏီကို အကြောင်းကြားရမှာဖြစ်ပါတယ်။

ကုမ္ပဏီဘက်က လာမယ့် ဇန်နဝါရီ ၈ ရက်နေ့အထိ ပြိုင်ပွဲဝင်တွေကို ဖိတ်ခေါ်ထားပြီး အဆိုပြုထားတဲ့ ပြိုင်ပွဲဝင်တွေထဲက ကုမ္ပဏီဘက်က ဒီ challenge နဲ့ အသင့်တော်ဆုံးသူကို ရွေးချယ်မှာဖြစ်ပါတယ်။

ရွေးချယ်ခံရသူတွေကို လာမယ့် ဇန်နဝါရီ ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာပေးမယ်လို့လည်း ကုမ္ပဏီဘက်က ပြောပါတယ်။ရွေးချယ်ခံရသူတွေအနေနဲ့ ကုမ္ပဏီဘက်က ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာရမှာဖြစ်ပြီး သူများဖုန်းတွေကိုလည်း ငှားရမ်းအသုံးပြုလို့ရမှာမဟုတ်ပါဘူး။

အခုလို ခေတ်ကြီးမှာ ဖုန်းတွေက မရှိမဖြစ်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာကြောင့် ဒီ စိန်ခေါ်မှုဟာ လူအများစုအတွက် ခက်ခဲမှာဖြစ်ပေမယ့် ကုမ္ပဏီဘက်က ပြောဆိုဆက်သွယ်ရေးအတွက် ဖုန်းပြောခြင်း တမျိုးတည်းကိုပဲ သုံးနိုင်တဲ့ ၁၉၉၆ ခုနှစ်ထုတ် ဖုန်းတလုံးကို ပေးထားမှာဖြစ်ပါတယ်။

အခုချိန်မှာ Vitaminwater ကုမ္ပဏီရဲ့ အစီအစဉ်ဟာ လူမှုကွန်ရက်အသုံးပြုတွေကြားမှာ အတော်လေးရေပန်းစားနေပြီး ကုမ္ပဏီဘက်ကတော့ ဒါဟာ ဟာသပြုလုပ်တာမဟုတ်ဘူးလို့ အခိုင်အမာပြောပါတယ်။

“ဒီ challenge ဟာ ဖုန်းတွေနဲ့ အချိန်ကုန်နေသူတွေအတွက် သူတို့အချိန်နဲ့ တခြားစိတ်ဝင်စားစရာ အကြောင်းအရာတွေကို ဆောင်ရွက်ဖို့ အကောင်းဆုံးနဲ့ အထိရောက် ဆုံးနည်းလမ်းဖြစ်တယ်” လို့ ကုမ္ပဏီရဲ့ မန်နေဂျာတဦးဖြစ်သူက ပြောပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*