အမျိုးသမီးတစ်ယောက်ရဲ့ မျက်လုံးထဲမှ မျက်ကပ်မှန် ၂၇ခု ရှာတွေ့ခဲ့တဲ့ ကြောက်စရာ ဖြစ်ရပ်

အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့မျက်လုံးအိမ်ခြောက်သွေ့မှုနဲ့ အသက်ရလာတာတာနှင့်အမျှ အမြင်ဝေဝါးလာမှုကြောင့် အတွင်းတိမ်ခွဲစိတ်မှုပြုလုပ်ဖို့ ဆရာဝန်ဆီပြသခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်နိုင်ငံ၊0 ဆိုလီဟောဆေးရုံက ဆရာဝန်တွေကတော့ သူမမျက်လုံးရဲ့ပြဿနာအစစ်အမှန်ဟာ ညာဘက်မျက်လုံးထဲနစ်ဝင်နေတဲ့ မျက်ကပ်မှန် ၂၇ခု ကြောင့်ပါလို့ ဆိုပါတယ်။

ဒီအမျိုးသမီးဟာ ခွဲစိတ်ဖို့မလာခင်အထိ မျက်လုံးနဲ့ပတ်သက်လို့ ပြဿနာကြီးကြီးမားမားမရှိခဲ့ပါဘူး။ အဆိုပါဆေးရုံမှာ အလုပ်လုပ်တဲ့ မေ့ဆေးဆရာဝန် ရစ်ချက်ခရွန်ဘီပြောကြားချက်အရ သူဟာမျက်လုံးထဲကို ထုံဆေးစတင်ပေးတဲ့အချိန်မှာ အရင်ဆုံး မျက်ကပ်မှန်အစလေးတစ်စကို တွေ့လိုက်ရပါတယ်။ အဲ့ဒီနောက် စစ်ဆေးကြည့်တဲ့အခါမှာ မျက်ကပ်မှန် ၁၇ခုကိုတွေ့ရှိရပြီး အသေးစိတ်ထပ်စစ်ပြီးတဲ့နောက် နောက်ထပ်၁၀ခုကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့အကုန် လန့်သွားတယ်။ ဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး” လို့ ပြောပါတယ်။ အမေရိကန်မျက်စိရောဂါတက္ကသိုလ်က ဒေါက်တာ သောမတ်စ် အယ်လ်. စတိန်းမန်း (Thomas L.Steinemann)ကတော့ သူဟာမျက်လုံးထဲ မျက်ကပ်မှန်တစ်ခု နစ်မြှုပ်နေတဲ့လူနာကို တွေ့ဖူးပေမယ့် ၂၇ခုတောင်မြှုပ်နေတဲ့သူ ကိုတော့ မတွေ့ဖူးသေးပါဘူးလို့ ဆိုပါတယ်။ ဒီတစ်ယောက်ကတော့ စံချိန်တင်ပါတယ်လို့ သူကကောက်ချက်ချပါတယ်။

ဒီအမျိုးသမီးဟာ လွန်ခဲ့တဲ့ ၃၅နှစ်လုံးလုံး မျက်ကပ်မှန်တပ်ဆင်ခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် ဒီအပိုင်းအစတွေဟာ သူမရဲ့မျက်လုံးထဲမှာရှိနေတာ ဘယ်လောက်ကြာပြီလဲဆိုတာ မှန်းဆရခက်ပါတယ်။ သူမက ဆရာဝန်တွေကိုပြောပြပါတယ်။ မျက်ကပ်မှန်လဲဖို့ ဒါမှမဟုတ် ဖယ်ထုတ်ဖို့ကြိုးစားရင် တစ်ခါတစ်လေ သူတို့ကိုရှာမတွေ့တော့ပါဘူးတဲ့။ ညာဘက်မျက်လုံးထဲမှာ မျက်ကပ်မှန်အစပေါင်း ၂၇ခုတွေ့ရပေမယ့် ဘယ်ဘက်မျက်လုံးကတော့ ပုံမှန်အတိုင်းဖြစ်ပါတယ်။ ညာဘက်မျက်လုံးဟာ ပိုပြီးအမြင်ချို့တဲ့ပါတယ်။ အရင်က မသိခဲ့တာကတော့ သူမဟာ ပုံမှန်မျက်လုံးစစ်ဆေးမှုကို မပြုလုပ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါဟာ မျက်ကပ်မှန်တပ်ဆင်သူများ သတိမူရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

မျက်ကပ်မှန်တွေ မျက်လုံးထဲမှနစ်မြှုပ်ကျန်နေခဲ့ခြင်းရဲ့ လက္ခဏာတွေကတော့ စူးပြီးနာကျင်ခြင်း၊ အလင်းရောင်မခံနိုင်ခြင်း၊ မျက်လုံးနီမြန်းလာတတ်ခြင်းနဲ့ မျက်လုံးအိမ်ခြောက်သွေ့လာခြင်း တို့ပဲဖြစ်ပါတယ်။ ဒေါက်တာ စတိန်းမန်းကတော့ သူ့ရဲ့လူနာတွေကို မျက်ကပ်မှန်အပျော့တွေတပ်ဖို့ အကြံပြုပါတယ်။ ဒီအမျိုးသမီးရဲ့ မျက်လုံးတိမ်ခွဲစိတ်မှုဟာ မျက်ကပ်မှန်တွေကြောင့် အချိန်နောက်ဆုတ်ခဲ့ရပါတယ်။ နှစ်ပတ်လောက်ခွာပြီးမှ ပြန်လည်ခွဲစိတ်ပေးခဲ့ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*