သခင်ဖြစ်သူနဲ့ဆယ်စုနှစ်တစ်ခုကြာအောင်ကွဲကွာနေတဲ့ ပူစီလေးရဲ့ဖြစ်အင်

တိုးတက်လာတဲ့နည်းပညာတွေဟာ လူတွေရဲ့သံယောဇဉ်ထားရှိမှုတွေနဲ့ချစ်တဲ့သူတွေအနားမှာနေထိုင်ဖို့ကြိုးစားခြင်းတွေကိုတစ်ဖက်တစ်လမ်းကကူညီထောက်ပံ့ပေးတယ်လို့ပြောရမှာပါပဲ။အနောက်နိုင်ငံတွေမှာဆိုရင် ကိုယ်မွေးထားတဲ့ခွေးလေးတွေကြောင်လေးတွေကို အသားထဲမှာ Micro-chipလေးမြှပ်ပေးထားတဲ့စနစ်ရှိကြပါတယ်။မတော်လို့ သူတို့လမ်းပျောက်တာပဲဖြစ်ဖြစ်အိမ်မပြန်တတ်တာပဲဖြစ်ဖြစ်တစ်ခုခုကြောင့်ကွဲကွာသွားရတဲ့အခါ လည်ပင်းက Micro chip လေးကို scan ဖတ်ပြီး သခင်နဲ့ပြန်လည်ဆုံဆည်းနိုင်စေဖို့ပါ။ပူစီ ID လို့ပြောရမလား။ အဲဒီ Mirco Chip လေးက ပူစီလေး Harry နဲ့ သူ့သခင်တို့ကိုကူညီပေးလိုက်တာဆိုရင်လည်းမမှားပါဘူး။


ပူစီလေးရဲ့နာမည်က Harry ဖြစ်ပြီး သူ့သခင်က MarkSalisbury ဖြစ်ပါတယ်။ ပူစီလေးဟာ Great Yarmouth area မှာ 2008 ခုနှစ်တုန်းက သူ့သခင်နဲ့အတူနေထိုင်ခဲ့ပါတယ်။တစ်နေ့မှာ ပူစီလေးက သူ့ရဲ့လုံခြုံနွေးထွေးတဲ့အိမ်ကနေ ပျောက်ချင်းမလှပျောက်သွားပါတော့တယ်။အစာကျွေးဖို့ခေါ်ချိန်မှာလည်းပြန်မလာခဲ့သလို အနီးအနားကိုအသံပေးပြီးရှာဖွေကြည့်တော့လည်းအရိပ်အယောင်လေးတောင်မတွေ့တော့ပါဘူး။အဲ့ဒီအချိန်ကစပြီး ပူစီလေး Harry ဟာ Mark ရဲ့ဘဝထဲကနေသတိပေးချက်တစ်ခုတစ်လေလေးတောင်မပြုလုပ်သွားပါပဲ ထွက်ခွာသွားခဲ့ပေမယ့် Mark ကတော့ တစ်နေ့မှာHarry ကိုပြန်ရှာတွေ့မှာပဲဆိုတဲ့ စိတ်နဲ့ Harry ရဲ့ လည်ပင်းက Micro-chip လေးထဲမှာထည့်ထားတဲ့သူ့ရဲ့ကိုယ်ရေးအချက်အလက်တွေကို နှစ်စဉ်နှစ်တိုင်း သက်ဆိုင်ရာဌာနကိုသွားသွားပြီး update လုပ်နေခဲ့ပါတယ်။ဒီလိုနဲ့ဆယ်နှစ်ခန့်ကြာသော်ပေါ့။


Mark ရဲ့ ဆုတောင်းတွေဟာ တကယ်ပဲပြည့်ဝခဲ့တယ်လို့ဆိုရမှာပါပဲ။Harry ကို တာဝန်ရှိသူတွေက Mark ဆီကိုခေါ်လာပေးခဲ့ပါတယ်။ Harry က Mark ဆီကနေထွက်သွားပြီးပြန်မလာတတ်တော့ပေမယ့်လမ်းဘေးတွေမှာ စားရမဲ့မဲ့သောက်ရမဲ့မဲ့နဲ့ လေလွင့်ကြောင်ဖြစ်သွားခဲ့တာတော့မဟုတ်ပါဘူး။Mark ရဲ့အိမ်နဲ့မိုင်ပေါင်းငါးဆယ်လောက်ဝေးတဲ့နေရာမှာ Harry ကို ကောက်ယူမွေးစားပေးခဲ့တဲ့အဖိုးအိုတစ်ဦးရှိခဲ့တယ်လို့ဆိုပါတယ်။ဒါပေမယ့်Mark အတွက်ဝမ်းသာစရာလားဝမ်းနည်းစရာလားတော့မပြောတတ်ပါဘူး အဲဒီအဖိုးအိုဟာ မကြာမီကဆုံးပါးသွားခဲ့ပါတယ်။

အဖိုးအိုရဲ့အိမ်နီးချင်းကပိုင်ရှင်မဲ့နေတဲ့ကြောင်ကို သက်ဆိုင်ရာကိုသွားရောက်အပ်နှံလိုက်ရာမှ Micro-chip ကိုဖတ်မိပြီးHarry လေးက Mark ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ပြန်လည်ရောက်ရှိလာခဲ့တာပါပဲ။ Mark ကတော့လွန်ခဲ့တဲ့ဆယ်နှစ်ကဆုံးရှုံးလိုက်ရတဲ့Harry ကို ပြန်ရလို့ အတိုင်းထက်အလွန်ပျော်ရွှင်နေပါတော့တယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*