သူနဲ့ တွဲပေးမယ့် ချစ်သူကို ဒေါ်လာ ၇၈၀၀၀ ပေးမယ်ဆိုပြီး ချစ်သူရှာနေသူလေး

ယူကေနိုင်ငံမှာ အသက်အငယ်ရွယ်ဆုံး အဖြစ် Euromillions ထီကို ကံထူးခဲ့ဖူးတဲ့ ဂျိန်းပါ့ခ်ဆိုတဲ့ ကညာပျိုလေးဟာ သူ့အသက် ၁၇ နှစ်မှာ ထီပေါက်ကံပွင့်ခဲ့ပြီး သန်းကြွယ်သူဌေးမလေးဖြစ်လာခဲ့ပေမယ့် အဲ့ဒီအချိန်ကနေ အခု လက်ရှိ ၂၃ နှစ်အထိ တော့ သူ့ရဲ့အချစ်ရေးမှာတော့ ဘယ်လိုမှ ကံမပွင့်၊ စန်းမပွင့်နိုင်သေးဘဲ အချစ်ကံဇာတာ စုန်းစုန်းမြုပ်နေဆဲပါ။ တွဲလိုက်တိုင်း အဆင်မပြေ ခွာပြဲသွားရတဲ့ အချစ်မျိုးတွေပဲ ကြုံတွေ့ခဲ့ရပြီး အခုချိန်ထိ နဖူးစာရွာလည်နေတုန်းပါပဲ။ ဘဝလက်တွဲဖော်အစစ်ကို သူ အမှန်တကယ်လိုအပ်နေပါတယ်။

ဒါကြောင့် ဂျိန်း ဟာ သူနဲ့တွဲခုတ်ပေးမယ့် သူ့စိတ်ကြိုက် ပုရိသတစ်ဦးကို တစ်နှစ် အမေရိကန် ဒေါ်လာ ၇၈၀၀၀ ထောက်ပံ့ပေးမယ်လို့ ကမ်းလှမ်းပြီး အွန်လိုင်းမှာ ဝက်ဘ်ဆိုက်ဖွင့်ပြီး လျှောက်လွှာတွေခေါ်ယူနေပါပြီ။ ရှေးဘုရင်များလို တိုင်းပြည်လှည့်လည် ကြေငြာမောင်းခတ်ရသလို ဂျိန်းရဲ့ နဖူးစာရှင်ဖြစ်လိုသူတိုင်း ဝင်ရောက်လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။

ဂျိန်းဟာ ထီပေါက်ပြီးချိန်ကစပြီး တစ်နာရီ ၁၀ ဒေါ်လာသာရတဲ့ သူ့ရဲ့အလုပ်ကိုထွက်ပစ်လိုက်တယ်။ သွားကို ခွဲစိတ်ပြုပြင်တယ်။ ရင်သား နဲ့ တင်ပါးဆုံကို ပလတ်စတစ်ဆာဂျရီပြုလုပ်ခဲ့တယ်။ အိမ်အသစ်ဝယ်တယ်။ ကားအကောင်းစားစီးတယ်။ ခရီးရက်ရှည်ထွက်ပြီး အမိုက်ဆုံး ဇိမ်ခံတယ်။ဒါပေမယ့် အချစ်ရေးကံမကောင်းသူ ဂျိန်းဟာ အချစ်စစ်၊ အချစ်မှန်ကို ရှာဖွေဖို့ ခက်ခဲနေဆဲဖြစ်ပြီး သူ့မှာ ဥစ္စာပစ္စည်းကြွယ်ဝနေချိန်မှာ လူတွေရဲ့ စိတ်ရင်းအမှန်ကို သိဖို့ခက်တယ်လို့ ဝန်ခံပါတယ်။ သူ့ကိုချစ်တာလား၊ သူ့ပိုင်ဆိုင်မှုကို မက်မောတာလား ဝေခွဲရခက်ခဲ့ပြီး အချစ်မှာ ကျရှုံးခဲ့ရတယ်။ ဒါကြောင့် အခုလို တစ်လောကလုံးကို အများသိကြေငြာမောင်းခတ်ရင်း အသိပေးပြီး သူလိုအပ်နေတဲ့အချစ်၊ သူ့ရဲ့ဖူးစာရှင်အစစ်ကို အားလုံးရဲ့မျက်စိရှေ့မှောက်မှာတင် ရှာဖွေတော့မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဂျိန်းအတွက်ကတော့ သစ္စာတရားက အရေးအကြီးဆုံးပါပဲ။ ကျန်တဲ့အရာတွေက ပမွှားတွေပါ လို့ ဆိုခဲ့သလို သူ့အပေါ် အမှန်တကယ်သစ္စာရှိတဲ့သူဆိုရင်တော့ သေချာပေါက် ပြန်ပေးဆပ်မှုတွေပြုလုပ်ဖို့ ဝန်မလေးပါဘူး။ သူတကယ်လိုအပ်နေတာ စစ်မှန်တဲ့အချစ်နဲ့ သစ္စာတရားသာဖြစ်ပါတယ်တဲ့။ သူလိုအပ်တဲ့ ကြီးမားတဲ့ သစ္စာစောင့်သိမှုနဲ့ယှဉ်ရင်တော့ သူထောက်ပံ့ပေးရမယ့် ပိုက်ဆံတွေဟာ မြူတစ်မှုန်စာသာ ရှိတယ်လို့ ထုတ်ပြောခဲ့ပါသေးတယ်။

ဂျိန်းရဲ့ အချစ်ပျောက်ရှာဖွေရေး ခရီးကို မှတ်တမ်းရုပ်ရှင်ရိုက်ကူးသွားမှာဖြစ်ပြီး နောက်နှစ်မှာ တရားဝင် ထုတ်လွှင့်ပြသသွားမယ်လို့လည်း သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*