အင်တာနက်သုံးစွဲသူတွေကို စိတ်မကောင်းဖြစ်စေခဲ့တဲ့ ဖိလစ်ပိုင်ကလေးမလေးရဲ့ဖြစ်ရပ်

ဖိလစ်ပိုင်နိုင်ငံမှာ ကလေးငယ်အများစုဟာ ငွေကြေးနွမ်းပါးတဲ့ဘဝကိုပိုင်ဆိုင်ထားရပါတယ်။ငွေကြေးချို့တဲ့မှုကြောင့် မိဘတွေကလည်း ကလေးတွေကျောင်းသွားတဲ့အခါ အရသာရှိတဲ့ထမင်းဟင်းတွေလည်းမထည့်ပေးနိုင်ပါဘူး။ကလေးတွေကလည်း သူတို့ရဲ့ဆာလောင်မှုကိုနည်းလမ်းအမျိုးမျိုးရှာဖွေပြီးသာ ဖြည့်တင်းရပါတယ်။သိပ်မကြာခင်ရက်ပိုင်းက အွန်လိုင်းမီဒီယာမှာပျံ့လာတဲ့ကလေးတစ်ယောက်ရဲ့သတင်းဆိုလည်း ကြားရတာစိတ်မကောင်းမိသလို ချီးလည်းချီးကျူးမိပါတယ်။


အွန်လိုင်းမီဒီယာတစ်ခုဖြစ်တဲ့ တွစ်စ်တာမှာ Bryan ဆိုတဲ့ တွစ်စ်တာသုံးစွဲသူအမျိုးသားက သူကားစောင့်နေစဉ် တွေ့ခဲ့ရတဲ့ကလေးမလေးတစ်ယောက်ရဲ့အကြောင်းကိုပြန်လည်မျှဝေထားပါတယ်။ဒီကလေးမလေးရဲ့တမူထူးခြားတဲ့စိတ်ကူးကြောင့် သူက တစ်ခြားသူတွေကိုပါ ပြန်ပြီးပြောပြချင်စိတ်ပေါက်ခဲ့ရတာလို့ပြောပြထားပါတယ်။

ထိုကလေးမလေးက သူမကိုယ်တိုင်ရေးဆွဲထားတဲ့ပုံလေးတွေကို တစ်ခြားသူတွေကိုရောင်းနေတာဖြစ်ပါတယ်။တစ်ခြားသူတွေဆီကနေအလကားသက်သက်တောင်းတာမျိုးမဟုတ်ပဲ သူမတတ်နိုင်သလောက်ကြိုးစားဆွဲထားတဲ့ပုံလေးတွေကိုရောင်းချနေတာပါ။အဲ့ဒီကနေဝင်ငွေရတဲ့အခါမှ အရသာရှိတဲ့အစားအစာတွေစားလို့ရမှာမို့လို့ပါတဲ့။

Bryan က ထိုကလေးမဆီက ပုံတွေကိုတောင်းကြည့်ခဲ့ပါတယ်။စာရွက်ပေါ်မှာ ပုံများစွာဆွဲထားပြီး အဲ့ဒီပုံလေးတွေကိုပြန်ရောင်းတာက သူမလေးလုပ်နိုင်တဲ့အကောင်းဆုံးအရာတစ်ခုပါ။ဒီပုံလေးတွေက ငွေကြေးပေးဝယ်လောက်စရာမဟုတ်ဘူးလို့တစ်ခြားသူတွေကထင်မြင်ကြပေမဲ့ ဒီပုံလေးတွေရောင်းရမှ ထိုကလေးမလေးရဲ့တစ်ဝမ်းတစ်ခါးဖြေရှင်းနိုင်မှာဆိုတာမျိုးတော့ တွေးမိကြမှာမဟုတ်ပါဘူး။


ကိုယ့်အတွက်အသုံးမလိုပေမဲ့တစ်ခြားသူတွေအတွက်တော့ ကိုယ့်ရဲ့အကူအညီသေးသေးလေးက အများကြီးအထောက်အကူဖြစ်ပါတယ်။Bryan ဟာလည်း ထိုကလေးမလေးဆီကပုံတွေဝယ်ယူခဲ့ပါတယ်။အဲ့ဒီနောက်တွစ်စ်တာမှာ ပြန်လည်မျှဝေပေးခဲ့တာဖြစ်ပါတယ်။ထိုကလေးမလေးက ပုံတစ်ပုံအတွက်ငွေကြေးအနည်းငယ်နဲ့ရောင်းချခဲ့တာဖြစ်လို့ Bryan ပေးတဲ့ငွေနဲ့ဘယ်လိုအရသာရှိတဲ့အစားအစာတွေစားနိုင်မလဲဆိုပြီးကောမန့်ဝင်ရေးတဲ့သူတွေလည်းရေးပါတယ်။

အဲ့ဒီအတွက် Bryan က တကယ်တော့ ထိုကလေးမလေးကို သူ့လက်ထဲပါတဲ့ငွေရဲ့တစ်ဝက်ကိုပေးခဲ့တာလို့ပြန်ပြီးပြောပြခဲ့ပါတယ်။ငယ်ရွယ်ပေမဲ့ တစ်ခြားသူရဲ့ငွေကိုအလကားမယူချင်တဲ့စိတ်က ချီးကျူးစရာပါပဲ။ဒီလိုကိုယ်တိုင်ကြိုးကြိုးစားစားနဲ့ဝင်ငွေတစ်ဖက်တစ်လမ်းကရှာနေတဲ့ကလေးတွေအတွက် ကူညီပေးနိုင်မယ့် Bryan လိုလူမျိုးတွေ အများကြီးရှိလာပါစေလို့မျှော်လင့်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*