အိမ်သစ်တက်ပွဲမှာ ဆုံးပါးသွားတဲ့ဇနီးသည်ရဲ့ခန္ဓာကိုယ်အတိုင်း ဆီလီကွန်ရုပ်တုဖန်တီးပြီး အချစ်ကြီးကြောင်းပြခဲ့တဲ့ အမျိုးသား(ရုပ်သံ)

ကိုယ့်ရဲ့ချစ်ခင်ရတဲ့သူမျိုး ဆုံးရှုံးသွားခဲ့ကြရင် လူအတော်များများဟာ ဓာတ်ပုံတွေ ၊ video တွေကြည့်ပြီး အလွမ်းဖြေကြတာပါ ။ သို့ပေမဲ့ အိန္ဒိယနိုင်ငံ ၊ Karnataka ပြည်နယ်မှာရှိတဲ့ Srinivas Gupta အမည်ရှိတဲ့ အမျိုးသားကတော့ ဆုံးပါးသွားပြီဖြစ်တဲ့ဇနီးသည်ရဲ့ရုပ်ခန္ဓာကိုယ်အတိုင်း ဆီလီကွန်ရုပ်ပုံဖန်တီးပြီး ဇနီးသည်ရဲ့ဆီလီကွန်ရုပ်နဲ့အတူ အိမ်သစ်တက်ပွဲကျင်းပခဲ့ပါတယ် ။

ပြီးခဲ့တဲ့ 2017 ခုနှစ်က Madhavi အမည်ရှိတဲ့ ဇနီးသည်ဟာ သမီးငယ်2ယောက်နဲ့အတူ Tirupati မြို့သို့ ခရီးထွက်ခဲ့ရင်း ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပါတယ် ။ ယာဉ်မတော်တဆမှုမှာ သမီးငယ်2ယောက်ဟာ ထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပေမဲ့လည်း ဇနီးသည်မှာတော့ အသက်သေဆုံးသွားခဲ့ရပါတယ် ။

Madhavi အသက်ရှိစဉ်အချိန်က သူမရဲ့အိမ်မက်ဟာ တစ်ထပ်အိမ်လေး ဆောက်ဖို့ဖြစ်ပါတယ် ။ သူမရဲ့ အိမ်မက်ကိုအကောင်အထည်ဖော်ပေးတဲ့အနေနဲ့ Gupta က အိမ်လေးဆောက်ပေးခဲ့ပြီး ၊ အိမ်လေးပြီးသွားချိန်မှာ ဇနီးသည်လေးကို သူ့နဲ့အတူရှိစေခဲ့ပါတယ် ။

” ကျွန်တော့်အိမ်လေးမှာ ကျွန်တော့်ဇနီးသည်လေး ပြန်ရောက်လာခဲ့လို့ အရမ်းပျော်ပါတယ် ၊ ဒါကလည်း သူမရဲ့အိမ်မက်ဖြစ်တဲ့ အိမ်ကလေးပါပဲ ၊ Bengaluru မြို့က ပညာရှင်ကိုယ်တိုင် တစ်နှစ်လောက်အချိန်ယူပြီး ဇနီးသည်ရဲ့ရုပ်တုကို ဖန်တီးပေးခဲ့တာပါ ၊ ရုပ်တုကိုတာရှည်ခံအောင် ဆီလီကွန်အသုံးပြုထားတာပါ ” ဆိုပြီး Gupta ကပြောပြခဲ့ပါတယ် ။

” ကျွန်တော်တို့ကရာသီဥတုပူတဲ့ နေရာမှာနေထိုင်သာဖြစ်တဲ့အတွက် ဖယောင်းရုပ်တုအစား ဆီလီကွန်ရုပ်တုအသုံးပြုဖို့ ပညာရှင်ကအကြံပေးခဲ့တာပါ ၊ ဖယောင်းရုပ်တုကို အမြဲလေအေးပေးစက်ဖွင့်ပြီး မထားပေးနိုင်တဲ့အဆုံး ဆီလီကွန်ရုပ်တု လုပ်ဖို့ဆုံးဖြတ်ခဲ့တာပါ ” ဆိုပြီး Gupta ကဖြေကြားခဲ့ပါတယ် ။ ဇနီးသည်ရဲ့ ဆီလီကွန်ရုပ်တု video တွေနဲ့ ဓာတ်ပုံတွေဟာ social media ပေါ်မှာ ရေပန်းစားနေလျက်ရှိပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*